Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ထင်အောင် - မြန်မာမှုကို ချစ်မြတ်နိုးကြသူများ

$
0
0
ထင်အောင် - မြန်မာမှုကို ချစ်မြတ်နိုးကြသူများ
(မိုးမခ) မတ် ၂၄၊ ၂၀၁၆

မြန်မာနိုင်ငံသားတွေရော နိုင်ငံခြားသားတွေပါ အင်မတန်သဘောကျပျော်တတ်ကျတဲ့ မဟာသင်္ကြန်ပွဲတော်ပြီးနီးကပ်လာ ပြန်ပါပြီ။ မြန်မာနှစ်ကူးချိန်ဟု သတ်မှတ်ထားတဲ့ ရေကစားပွဲတော်သင်္ကြန်နီးလာသည်နှင့်အမျှ သက်ဆိုင်ရာတာဝန်ရှိသူ တွေကလည်း သင်္ကြန်ကာလအတွင်း လိုက်နာရန်စည်းကမ်းများကို ထုတ်ပြန်လေ့ရှိပါတယ်။ အထူးသဖြင့် ရိုးရာယဉ်ကျေးမှုကိုထိမ်းသိမ်းကြရန်၊ သရုပ်ပျက်ဝတ်စားဆင်ယင်မှုများမပြုလုပ်ကြရန်၊ အရက်သေစာသောက်စားခြင်းရောင်းဝယ်ခြင်း လုံးဝ မပြုလုပ်ကြရန် စတာတွေကို နှစ်စဉ်ထုတ်ပြန်တတ်ပါတယ်။ တကယ်ရည်ရွယ်ချက်ကတော့ ရိုးရာယဉ်ကျေးမှုကို မပျက်စေ ချင်တာဖြစ်ပါတယ်။ တကယ်တမ်းရေကစားကြတဲ့အချိန်မှာတော့ ဒီထုတ်ပြန်ချက်တွေ ဘယ်နားရောက်နေသလဲမသိကြ တော့ပါ။ သတိပြုရှောင်ရှားရန်အမိန့်ထုတ်ထားသူတွေကစားတဲ့မဏ္ဍပ်မှာတောင် မူးရူးနေတာကိုတွေ့နိုင်ပါတယ်။ ရေအစို ခံနိုင်ရန်၊ အအေးဒဏ်ခံနိုင်ရန်ဆိုတဲ့အကြောင်းပြချက်တွေနဲ့ သောက်ကြတာပါ။ မသောက်တဲ့သူတွေက ရေမကစားနိုင် သလိုဖြစ်နေကာ အပြင်းမသောက်နိုင်သူတွေက အပျော့စားဘီယာသောက်နေကြပါတယ်။ အမျိုးသမီးတွေတောင် အအေး ဒဏ်ကာကွယ်ရန် ဝိုင်ကိုမော့သောက်နေရပါတယ်။ ရေဖလားကိုင်ရမဲ့လက်ကလေးတွေက သေရည်ခွက်ကို ကိုင်နေတာ ကြည့်မကောင်းပါဘူး။ သေရည်အရှိန်ကြောင့် ရိုးရာယဉ်ကျေးမှုတွေ အရှက်တရားတွေမေ့သွားပါတော့တယ်။ သရုပ်ပျက် ဝတ်စားရတာကိုလည်း မရှက်နိုင်တော့ပါ။ နိုင်ငံတကာအဆင့်မှီအောင် ဝတ်ထားတာလို့ ထင်နေကြပါသေးတယ်။

မဏ္ဍပ်ပေါ်မှာ သရုပ်ပျက်အဝတ်အစားတွေနဲ့ မူးရူးကခုန်နေတာတွေဟာ မိနစ်ပိုင်းအတွင်း တပြည်လုံးကိုပြန့်သွားပါတယ်။ကမ္ဘာကလည်း ချက်ချင်းသိကြတာပေါ့ဗျာ။ သင်္ကြန်ကာလအတွင်းနားထားတဲ့ဂျာနယ်တွေကလည်း စထုတ်ဝေတဲ့နေ့မှာ သရုပ်ပျက်ပုံတွေကို ဦးစားပေးဖေါ်ပြထားကြပါတယ်။ မိဘဆွေမျိုးတွေကလည်း အင်တာနက်ကျေးဇူးကြောင့် သမီးဖြစ်သူရဲ့ ဝတ်စားပုံတွေ၊ ကခုန်ပုံတွေကို သမီးမဏ္ဍပ်ပေါ်မှာကနေကတည်းက သိနေရပါပြီ။ မိဘအများစုကတော့ ရှက်ကြပေမဲ့ ဂုဏ် ယူနေတဲ့မိဘလည်း ရှိနိုင်ပါတယ်။

ယမန်နှစ်သင်္ကြန်ကာလအတွင်း သရုပ်ပျက်ကခုန်မှုများ၊ ဝတ်စားဆင်ယင်မှုများကို အင်တာနက်၏ကောင်းမှုကြောင့် တပြည် လုံး၊ တကမ္ဘာလုံးက မိနစ်ပိုင်းအတွင်း သိမြင်ခွင့်ရခဲ့ ကြပါတယ်။ ဂျာနယ်တွေကလည်း သရုပ်ပျက်ပုံတွေကို တိုက်ရိုက်ထည့် ဖေါ်ပြကြသလို အချို့စာစောင်တွေက ပြုပြင်ကာ ဖေါ်ပြကြပါတယ်။ သင်္ကြန်အလွန်ကာလ အတန်ကြာအောင် ပုံတွေ ဆောင်းပါးတွေက ဂျာနယ်နေရာကိုယူထားကြပါတယ်။ စီးပွါးရေးအကွက်မြင်သူတွေက ဗွီဒီယိုအခွေထုတ်ရောင်းချပါတယ်။အခွေထဲမှာပါတဲ့သူတွေက နေ့ခြင်း ညခြင်း အမည်ကျော်ကြားလာကြပါတယ်။ ရုပ်ရှင်ကားရိုက်ရန် အလုအယက်စာချုပ် ချုပ်နေကြပါတယ်။ ဒါက နှစ်တိုင်းဖြစ်နေကြပါ။

အမျိုသားတွေကလဲသူနည်းသူဟန်နဲ့သရုပ်ပျက်ပြကြပါတယ်။ဆံပင်ကိုထိပ်ကလေးသာချန်ပြီးဆေးရောင်စုံချယ်ထားသူများ၊ဘောင်းဘီအကွဲစုတ်ပြတ်နေတာကိုဝတ်ဆင်ထားသူများနှင့်စိတ်မနှံသူများပုံစံမပေါက်ပေါက်အောင်ဝတ်ဆင်ထားသူများပေါများလှပါတယ်။သင်္ကြန်မတိုင်မီကထုတ်ထားတဲ့စည်းကမ်းတွေလဲသင်္ကြန်ပြီးသွားတော့ဘယ်သူမှဘာမှမဖြစ်ပဲပျောက်ကွယ်သွားကြပါတယ်။အချို့သကြန်မဏ္ဍပ်ကြော်ငြာတွေဆိုနှစ်ဆန်းတရက်နေ့အလွန်ခြောက်လခန့်အထိတည်ရှိနေတာကိုတွေ့နိုင်ကြပါတယ်။ပွဲတော်ကာလလွန်တော့လဲအားလုံးကိုမေ့သွားကြပါတယ်။နောက်နှစ်ကြမှကဲကြပြန်တာပေါ့။

ယမန်နှစ်သင်္ကြန်အပြီးမှာစာစောင်တွေကယဉ်ကျေးမှုသင်္ကြန်အကြောင်းပြည်သူတွေကိုလိုက်မေးတဲ့ဆောင်းပါးတွေဖတ်ရပါတယ်။များသောအားဖြင့်အနုပညာရှင်အမည်ရနေသူတွေကိုမေးထားကြတာပါ။အမျိုးသမီးတွေကိုမေးထားတာများပါတယ်။ပွဲတော်ကာလအတွင်းဝတ်စားဆင်ယင်မှုအကြောင်းမေးထားတာများပါတယ်။ဖြေတဲ့သူတွေက မြန်မာဆန်ဆန်လုံလုံချုံချုံဝတ်ရတာကိုသဘောကြကြောင်းဖြေကြပါတယ်။မေးတဲ့ သူကဘယ်လိုဝတ်စားထားသလဲမသိရပေမဲ့အဖြေပေးသူတွေကထမီမပါတာများပါတယ်။ဘောင်းဘီအတိုလေးတွေသာဝတ်ထားပါတယ်။ဘောင်းဘီရှည်ဝတ်ထားသူကအင်မတန်ယဉ်ကျေးသူဖြစ်နေပါတယ်။ပေါင်နှစ်လုံးပေါ်နေတဲ့သူတွေကလွတ်လွတ်လပ်လပ်ဝတ်စားရတာကိုသဘောကျကြောင်းပြောကြပါသေးတယ်။

ကိုရီးယားကားတွေကိုအပြစ်တင်နေမဲ့အစားအနုပညာရှင်တွေကဝတ်စားဆင်ယင်တာကိုဂရုတစိုက်ဆင်ခြင်သင့်ပါတယ်။အထူးသဖြင့်ဆင်ချင်ရမည်သူတွေကတော့ကျွန်တော်တို့ငယ်ငယ်တုံးကအပ်ချုပ်သည်ခေါ်တဲ့အဝတ်အစားချုပ်တဲ့သူတွေပါ။အခုကာလမှာတော့ဒီဆိုင်နာလို့ခေါ်ကြပါတယ်။အပ်ချုပ်တဲ့အလုပ်လုပ်တာပါပဲ။နိုင်ငံတကာမဂ္ဂ ဇင်းစာအုပ်တွေထဲကပုံစံတွေ၊နိုင်ငံခြားရုပ်ရှင်ကားထဲကပုံစံတွေကိုကူးယူလိုက်ချုပ်ကြ တာပါ။ဒီဆိုင်နာကချုပ်ပေးသမျှကိုလိုက်သည်မလိုက်သည်မသိဝတ်ဆင်ကြပါတော့တယ်။အသားမဲကိုလဲအရဲဆင်ချင်ဆင်ကြပါတယ်။အလှမယ်ရွေးချယ်ပွဲ၊ဖက်ရှင်ပြပွဲနဲ့လုပ်ငန်းရှင်တွေရဲ့ပစ္စည်းရောင်းအားမြှင့်တင်ပွဲတွေမှာသရုပ်ပျက်တဲ့အဝတ်အစားကို ဝတ်ဆင်ကြတာအဆိုးဆုံးပါ။ရုပ်မြင်သံကြားတွေကလဲအခယူကာတိုက်ရိုက်ပြသပေးသလိုနောက်နေ့ထုတ်ဂျာနယ်တွေကြောင့်လဲတနိုင်ငံလုံးကလူတွေသရုပ်ပျက်တာကို မျက်ဝါးထင်ထင်ကြည့်ခွင့်ရခဲ့ပါတယ်။တပတ်ခန့်အကြာမှာအခွေထွက်လာပါတော့တယ်။အိမ်အတော်များများကကြည့်ရှုပါတော့တယ်။သရုပ်ပျက်အခွေလို့အမည်ထွက်လေရောင်းကောင်းလေပါပဲ။သရုပ်ပျက်တဲ့သူတွေကိုလဲရုပ်ရှင်သမားတွေကချက်ချင်းစာချုပ်ချုပ်ကာစင်တင်ပါတော့တယ်။ဒါကိုအောင်မြင်တယ်လို့ယူဆရင်ခက်ပါလိမ့်မယ်။ဒီလိုပုံစံနဲ့အောင်မြင်လာတော့မြန်မာယဉ်ကျေးမှုပုံစံတွေကိုလှစ်ရှုပြုလာပါတယ်။

ယဉ်ကျေးမှုမပျက်စီးရအောင်ပထမဆုံးပညာပေးရမှာကဒီဆိုင်နာတွေကိုပါ။ နောက်အခမ်းအနားကျင်းပတဲ့သူတွေပါ။ ဒီဆိုင်နာတွေကသာမချုပ်ပေးရင်မဝတ်နိုင်ပါဘူး။အခမ်းအနားတက်ရန်သွားဌားကထဲကသရုပ်ပျက်မဝတ်လာပါရန်သတိပေးသင့်ပါတယ်။ ဝတ်လာခဲ့ရင်လဲတက်ရောက်ခွင့်မပြုရန်လိုအပ်ပါတယ်။အားကစားပွဲတွေမှာပန်းစည်းဆက်သူတွေကအားကစားသမားတွေထက်တိုနေတာတွေ့ဘူးပါတယ်။သရုပ်ပျက်ဝတ်စားမှုကြောင့်ဝင်ခွင့်မရတာကိုသိသွားစေချင်ပါတယ်။ဒါရိုက်တာတွေ၊ကင်မရာရိုက်ကူးသူတွေကလဲသရုပ်ပျက်သူတွေကိုလုံးဝမှတ်တမ်းတင်ခြင်းမပြုရန်လိုအပ်ပါတယ်။သားသမီးချင်းမစာနာတဲ့ရိုက်ချက်တွေကြောင့်လဲလူငယ်တွေကိုပိုပျက်စီးစေပါတယ်။

ပိုက်ဆံပေး၍ကြည့်ရသောရုပ်သံလိုင်းတခုက အစီအစဉ်တခုကိုကြည့်လိုက်ရပါတယ်။ စင်မြင့်နောက်ကအနေအထားတွေကိုရိုက်ပြတာပါ။ အခမ်းအနားမစခင်စင်နောက်မှာ အလှပြင်နေကြတာတွေကိုရိုက်ပြတာပါ။ အလှပြင်နေတဲ့မင်းသမီး အား လုံးက ထမီမပါ ကြပါဘူး။ ဘောင်းဘီတိုတွေနဲ့ပါ။ ဘောင်းဘီရှည်ကိုဝတ်ထားသူက ယဉ်ကျေးနေသလို ဖြစ်နေပါတော့တယ်။ နိုင်ငံခြားဖက်ရှင်ပွဲတွေမစခင် စင်နောက်မှာပြင်ကြဆင်ကြတာတွေကို အတုခိုးရိုက်ထားတဲ့အစီအစဉ်ပါ။ အနောက်နိုင်ငံကကင်မရာဆရာရဲ့ရိုက်ချက်တွေနဲ့ထပ်တူတူအောင် ရိုက်ပြတဲ့ပြကွက်တွေကိုကြည့်ရပါတယ်။ မြန်မာဆန်ဆန်ထမီ ဝတ်အလှ ပြတဲ့သူမရှိသလောက်ဖြစ်နေပါပြီ။ ထမီမဝတ်တ်ပါဘူး၊ တခါမှ ထမီမဝတ်ဘူးတော့ အနေရခက်ပါတယ်၊ ဘောင်းဘီတို၊ စ ကတ်တို့လိုလွှတ်လပ်မှုမရှိဘူးလို့ ပြောသူကပြောကြတာကို ဖတ်လိုက်မိပါတယ်။ တကယ်က ထမီကသာ အလွှတ်လပ်ဆုံး၊ ကျမ်းမာရေးနဲ့ အပြည့်ဝဆုံးအဝတ်အစားဖြစ်ပါတယ်။ ပါးစပ်ကနေ မြန်မာဆန်နေမဲ့အစား မိမိရဲ့ဝတ်စားဆင်ယင်မှုကနေ မြန်မာဆန်တာကိုပြရမှာဖြစ်ပါတယ်။ အရင်က ခေတ်အင်မတန်ဆန်သူများလို့ အပြောခံရသူများပင် ထမီကိုမပစ်ပယ်ခဲ့ပါဘူး။ ခင်ယုမေခေတ်က ထမီတိုတိုဝတ်တာ ခေတ်စားခဲ့ပါတယ်။ နောင်တော့ပြန်ရှည်လာပြန်ပါတယ်။ ရှည်လွန်းလို့ ခင်သန်းနုတို့ ခေတ်မှာ ထမီကခြေထောက်ဖုံးအောင်ဝတ်ကြတဲ့ဖက်ရှင်ကို ခွေးချေးကျုံးဖက်ရှင်လို့ နောက်ပြောင်ခေါ်ကြပါတယ်။ ခေတ်အလိုက်တိုလိုက်ရှည်လိုက်ဖြစ်နေပေမဲ့ ထမီကိုတော့ မပစ်ပယ်ခဲ့ပါဘူး။

ယခုကာလမှာတော့ ထမီကို လုံးဝပစ်ပယ်လိုက်ပါပြီ။ အခမ်းအနားတွေမှာရော၊ လမ်းမပေါ်မှာရော ထမီကိုမတွေ့ရတော့ပါ။ကုမ္ပဏီကဝန်ထမ်းအမျိုးသမီးတွေဆိုရင် တိုသထက်တိုအောင် ဝတ်နေရပါတယ်။ ကုမ္ပဏီလုပ်ပိုင်ခွင့်တင်ကတည်းက မြန် မာအမှုထမ်းတွေကို ထမီသာဝတ်ဆင်စေရမည်ဆိုတဲ့အချက်ထည့် ထားသင့်ပါတယ်။ ဒီဇိုင်နာဆိုသူတွေကိုလည်း မြန်မာ လိုချုပ်တတ်မှ လုပ်ခွင့်ပေးသင့်ပါတယ်။ မိဘတွေကိုယ်တိုင်ကိုလည်း မြန်မာဆန်စေချင်ပါတယ်။ မိဘတွေက ပုဆိုး၊ ထမီ ဝတ်နေရင် ကလေးတွေကလည်း ပုဆိုး၊ တိုက်ပုံဝတ်လာမှာပါ။ သရုပ်ပျက်သားသမီးရဲ့မိဘလို့ အပြောခံရမဲ့အစား မြန်မာ ဆန်တဲ့မိသားစုလို့ အပြောခံရတာဂုဏ်ရှိပါတယ်။ ဒီလိုအပြောခံရအောင် အခုကတည်းက သုံးထောင့်ထွာထမီတွေကို ချုပ်ထားပေးသင့်ပါတယ်။ ငွေပေးပြီး သရုပ်ပျက်အဝတ်အစားတွေကိုဝတ်ခိုင်းတဲ့ပွဲတွေကိုလည်း ငြင်းပယ်ရပါမယ်။ ငါမ လုပ်ရင် သူလုပ်မှာပေါ့လို့ မတွေးပါနဲ့။ လုပ်တဲ့သူဟာ ကြာရင် သူအမှားသူသိလာပါလိမ့်မယ်။

အခုရက်ပိုင်းအတွင်း တိုင်းရင်းသားတွေရဲ့ရိုးရာဝတ်ဆုံတွေကို ဆန်းသစ်တဲ့အနေနဲ့ ဒီဆိုင်းအသစ်တွေချုပ်ကာ စင်ပေါ်မှာ ဝတ် ပြတာကိုတွေ့ရပါတယ်။ ပထမပိုင်းမှာ တိုင်းရင်းသားဝတ်စုံတွေကို လူကြိုက်များလာကာ ဝတ်ဆင်သူတွေများလာပါ တယ်။ အထူးသဖြင့် ကချင်ရိုးရာထမီတွေ ရောင်းကောင်းလာပါတယ်။ ဒီအခွင့်ကောင်းကိုယူကာ ဒီဆိုင်နာတွေက ကချင် စကပ်ထမီတွေ ထွင်လာပါတော့တယ်။ ဒါကထွင်တာမဟုတ်ပါ။ ဖျက်စီးတာပါ။ နိုင်ငံတကာမှာ ရိုးရာဝတ်စုံကို တမြတ်တနိုး ထား ဝတ်ဆင်ကြပါတယ်။ လက်ရှိလူကြိုက်များနေတဲ့ ကိုရီးယားကားတွေမှာ ယခုထိရိုးရာဝတ်စုံကို ဝတ်နေတာကိုတွေ့ရမှာပါ။ တန်ဘိုး ရှိတဲ့ရိုးရာဝတ်စုံတွေကို မဖျက်စီးကြဘို့ သတိပြုကြရပါမယ်။ မြန်မာဆန်ချင်တယ်လို့ ပါးစပ်က တဖွဖွအော်နေ သူတွေအားလုံး ဒီအချက်လေးတွေကို ဂရုပြုထားသင့်ပါတယ်။

ယခုလဲတပေါင်းလပြီးလို့ တန်ခူးလရောက်ပါတော့မယ်။ သင်္ကြန်ကာလအတွင်း ဘယ်လိုမြန်မာဆန်ကြမလဲ၊ ဘယ်လိုသရုပ် ပျက်ကြမလဲဆိုတာကို စောင့်ကြည့်ရင်း ဂျာနယ်တွေမှာ ဘယ်လိုပုံတွေနဲ့ရောင်းကောင်းအောင် ထုတ်ဝေကြမလဲဆိုတာကို စောင့်ကြည့်နေရပါတော့မယ်။

ထင်အောင်
Photo credit : Gatty Images

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>