ဂါမဏိ - ငြိမ်းချမ်းရေးလား ဖောက်ပြန်ရေးလား
(မိုးမခ) မတ် ၂၉၊ ၂၀၁၆
လက်သန်း ကြိုက်လား
လက်သီး ကြိုက်သလား
လက်သန်းနဲ့မှ မရရင်
လက်သီးတွေ ဆုပ်လာကြလိမ့်မယ်။
အပစ်အခတ်
အညစ်အပတ်တွေ တဖောင်ဖောင်
တိုင်းပြည်ကို ကယ်သယောင်ယောင်နဲ့
နှစ် ၅၀ တောင် နှစ်သတ်ခဲ့ကြတာ
ခုတော့ နွံနစ်ကျွန်ဖြစ် အဖျင်းအရွဲ
အဆင်းရဲဆုံးနိုင်ငံတဲ့ခင်ဗျ။
လက်သန်းနဲ့မှ မရရင်
လက်သီးတွေ ထလာလိမ့်မယ်။
နာဂစ်ဥပဒေက
ဖာဖြစ်သူ့တွေ အထွက်များ
ပါးကွက်သားတွေက
တသက်စား မကုန်တာတောင်
ရမက်အားက မဟုန်နိုင်သေး
အေး......ကောင်းပြီ။
လက်သန်းနဲ့ မလုံလောက်သေးရင်
လက်သီးစာ ကျွေးကြလိမ့်မယ်။
အချိန်ရှိပါသေးတယ်
ကိုယ့်သိက္ခာ ကိုယ်မယုံ
ကိုယ့်လိပ်ပြာ ကိုယ်မလုံကြရင်တော့
ဘောင်းဘီခြုံပြီး ထွက်သွားကြ
ဘယ်သူမှ မနာစေရပါဘူး။
ကိုယ်ကျိုးဖက်ကာ
အမျိုးအတွက်လို့ မအော်ပါ
အဖျက်ဂဏန်းလည်း မဟုတ်
လက်သန်းတွေ ပုပ်ရင်တော့
လက်သီးတွေ ဆုပ်လိုက်ကြစို့။ ။
မောင်မှိုင်းလွင်(အင်းဝ)
၂ ၆ . ၃ . ၂ ၀ ၁ ၆
အများသိကြတဲ့အတိုင်း ဧပြီ ၁ ရက်နေ့မှာ အမှန်တကယ် လူထုဆန္ဒမဲနဲ့ရွေးကောက်ခံရတဲ့ အရပ်သားအစိုးရ အာဏာစယူတော့မှာဖြစ်ပါတယ်။ ဒီရက်မတိုင်ခင်မှာ ကြံ့ဖွတ်အစိုးရဟောင်းအနေနဲ့ စားစရာ ဝါးစရာရှိတာ တွေကို တက်သုတ်ရိုက်ဝါးနေစားနေတာ တွေ့ရသလို ဘုတ်ကျီးမြှောက် ကျီးဘုတ်မြှောက်ထုံးနှလုံးမူပြီး ဘွဲ့ တံဆိပ်တွေအမျိုးမျိုး ဖောချင်းသောချင်းချီးမြှင့်မစနေတာလဲ မမြင်ချင့်အဆုံးဖြစ်နေတယ်။ ဒါ့အပြင် လူဖမ်း ပွဲ၊ မြေသိမ်းပွဲကအစ မသင်္ကာစရာကောင်းလှတဲ့ မီးလောင်မှုတွေထိ တိုင်းပြည်အနှံ့ လက်ရဲဇက်ရဲသတင်း တွေလဲ ကြားနေရတယ်။
အရပ်ဘက်အသိုင်းအဝိုင်းမှာ အဲလိုမြင်နေတွေ့နေရချိန်မှာ စစ်ဘက်အသိုင်းအဝိုင်းမှာကော ဘယ်လိုအခြေ အနေ ဖြစ်နေသလဲ လေ့လာကြည့်တဲ့အခါ…
အာဏာမလွှဲခင် တလကျော်ကျော်အလို ဖေဖော်ဝါရီနောက်ဆုံးပတ်ထဲမှာ ကချင်ပြည်နယ်က တပ်မ ၁၀၁ ကို စကခ ၃ ကလဲလိုက်လို့ ပခုက္ကူ ပြန်နားနေပြီဖြစ်သလို ကရင်ပြည်နယ်က တပ်မ ၂၂ ကိုလဲ တပ်မ ၄၄ ကလာလဲလို့ ဘားအံမှာ ပြန်နားနေပြီဖြစ်တယ်။ တချိန်ထဲမှာ ကိုးကန့်ဒေသက တပ်မ ၁၁၊ တပ်မ ၃၃၊ တပ်မ ၆၆ တို့ကိုလဲ စကခ ၁၀၊ စကခ ၂၊ တပ်မ ၅၅ တို့နဲ့ တာဝန်လဲလိုက်တယ်။ ဒီထဲမှာ တပ်မ ၁၁ နဲ့ တပ်မ ၆၆ တို့ဟာ ရှေ့တန်းထွက်နေရတာ ၂ နှစ်လောက်တောင် ရှိနေပြီဖြစ်ပြီး တပ်မ ၃၃ ကတော့ တနှစ်ရှိ ပြီဖြစ်တယ်။
ဒါပေမဲ့ အဲ့ဒီတပ်မ ၃ ခုဟာ နောက်တန်းမပြန်ရသေးဘဲ ပလောင်ဒေသနဲ့ ရှမ်းမြောက်ကချင်ဒေသကို စစ် ဆင်ရေးဝင်ရတယ်။ အဲ့ဒီဒေသတွေမှာ မူလရှိနေတာက တပ်မ ၇၇၊ တပ်မ ၈၈ နဲ့ တပ်မ ၉၉ တို့ဖြစ်ပြီး ၇၇ နဲ့ ၈၈ ကလဲ ရှေ့တန်းမှာ တနှစ်ကျော် ၂ နှစ်နီးပါးရှိနေပြီဖြစ်တယ်။ အခုတော့ ဒီတပ်မ ၆ ခုနဲ့ စကခ ၁၊ စကခ ၁၆၊ စုစုပေါင်းတပ်မ ၈ ခုက TNLA နဲ့ KIA တပ်မဟာ ၄ တပ်မဟာ ၆ တို့ကို မတ်လထဲမှာ အကြီး အကျယ်ထိုးစစ်ဆင်ခဲ့တယ်။ အခိုင်အမာစခန်းမရှိတဲ့ ပျောက်ကျားတပ်တွေကို ၁၀၅မမ ဟောင်ဝစ်ဇာတွေ၊ ၁၂၀မမ မော်တာတွေ၊ ဝန်တင်မြင်းလားတွေအကူအညီနဲ့ ဧရာမစစ်ဆင်ရေးကြီး ဆင်နွှဲခဲ့တယ်။ ထုံးစံ အတိုင်း သူပုန်တွေထက် လူထုတွေကို ပိုထိခိုက်ခဲ့တာတော့ ပြောစရာလိုမယ် မထင်ပါ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရသစ် လက်ထက်မှာ နိုင်ငံရေးအပြောင်းအလဲတွေဖြစ်ဖို့ ပြည်သူလူထုတွေ မျှော်လင့်ထားသလို၊ ပြည်တွင်းငြိမ်းချမ်းရေးဘက်မှာလဲ အပြောင်းအလဲတွေဖြစ်ဖို့ တိုင်း ရင်းသားတွေတင်မက ဗမာ့တပ်မတော်သားတွေကပါ မျှော်လင့်နေတာဖြစ်တယ်။ အရင် မဆလခေတ်၊ နဝတ-နအဖ ခေတ်တွေမှာ မကြုံခဲ့ဖူးတဲ့ တပ်မတစ်မလုံး ရှေ့တန်းမှာနှစ်ပေါက်အောင်တိုက်နေရတာတွေ၊ တနှစ်ထက်တနှစ် လျော့ကျလာနေတဲ့ တပ်သားအင်အားတွေ၊ အရည်အသွေးကျဆင်းမှုကြောင့် အမြတ် ထက်အရှုံးပိုများတဲ့ တိုက်ပွဲဖြစ်စဉ်တွေ၊ မခိုင်မာတဲ့အကြောင်းပြချက်တွေနဲ့ ငြိမ်းချမ်းရေးကိုငြင်းပယ်နေတာ တွေ၊ အဆုံးစွန်ပြောရရင် "စစ်ခွေး"လို့အခေါ်ခံနေရတာတွေ ပြီးဆုံးလွန်မြောက်ဖို့ စစ်သားတွေကိုယ်တိုင် မျှော်လင့်နေတာဖြစ်တယ်။
ဒါပေမဲ့ မင်းအောင်လှိုင်ကတော့ ကိုယ့်ရဲ့အာဏာနီတည်ဆောက်ရေးကိုဘဲ အလေးပေးပြီး ပလောင်နဲ့ကချင် အပေါ် မနိုင်နိုင်တဲ့ မဟာထိုးစစ်ကြီး ဆင်ခိုင်းခဲ့တယ်။ ကုန်ကျစရိတ်တွေ၊ ဗမာတပ်ဘက်က အထိအခိုက် တွေနဲ့ တိုင်းရင်းသားတပ်ဘက်က အထိအခိုက်တွေ နှိုင်းယှဉ်ကြည့်လိုက်ရင် အကျိုးရှိမရှိ အလွယ်သိနိုင်ပါ တယ်။
အဲသလို တလလောက်တက်သုတ်ရိုက်ပြီး အားရအောင် ဖြုန်းတီး နှိပ်စက်ပြီးတော့မှ တပ်မ ၁၁၊ တပ်မ ၆၆၊ တပ်မ ၇၇၊ တပ်မ ၈၈ တို့ကို နောက်တန်းဌာနချုပ်တွေကို ဒီလကုန်မှာ ပြန်နားခိုင်းပါတော့တယ်။
ဒါကြောင့် ဧပြီလဆန်းမှာ တပ်မ ၁၁ ရဲမွန်-အင်းတိုင်၊ တပ်မ ၂၂ ဘားအံ၊ တပ်မ ၆၆ ပြည်-အင်းမ၊ တပ်မ ၇၇ ပဲခူး-အင်းတကော်၊ တပ်မ ၈၈ မကွေး၊ တပ်မ ၁၀၁ ပခုက္ကူ တို့ဟာ နောက်တန်းမှာ အရန်တပ်တွေ အဖြစ် တည်ရှိနေမှာဖြစ်တယ်။ ဒီလို တပ်မ ၆ ခု နောက်တန်းမှာရှိနေတဲ့အခြေအနေမျိုး မကြုံတွေ့ရတာ ၇-၈ နှစ်လောက်ရှိပြီဖြစ်တယ်။ ထုံးတမ်းစဉ်လာအားဖြင့် တပ်မ ၁၁၊ ၂၂၊ ၆၆၊ ၇၇ တို့ဟာ ရန်ကုန်မြို့တော် လုံခြုံရေး (ဝါ) လူထုနှိမ်နင်းရေးနဲ့ စစ်အုပ်ချုပ်ရေးကို တာဝန်ယူလေ့ရှိပြီး တပ်မ ၈၈ နဲ့ ၁၀၁ ကတော့ မန္တလေးဘက်ကို တာဝန်ယူလေ့ရှိခဲ့ဖူးတယ်။ ၈ လေးလုံးအရေးတော်ပုံကဆိုရင် ရန်ကုန်မှာ တပ်မ ၂၂ နာမယ်ဆိုးနဲ့ ကျော်ခဲ့ဖူးတယ်။
အာဏာအလွှဲအပြောင်းကာလမှာ စစ်သားတွေ အနားရတာ၊ မိသားစုနဲ့ပြန်နေရတာ ကောင်းတဲ့ကိစ္စဖြစ်ပါ တယ်။ ဒီလိုအခြေအနေကတဆင့် NLD အစိုးရသစ် ဦးဆောင်မှုအောက်မှာ ပြည်တွင်းငြိမ်းချမ်းရေး အောင် မြင်ပြီး တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်စနစ်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်သူတွေလိုလားတဲ့ ဒီမိုက ရေစီစနစ်နဲ့လူ့အခွင့်အရေးတွေ ထွန်းကားသာယာမယ့်အနာဂတ်ကို တိုးတက်ဖြစ်ထွန်းသွားရင် သားရွှေအိုး ထမ်းလာတဲ့ အကောင်းဆုံးအခြေအနေ ဖြစ်သွားပါလိမ့်မယ်။
ဒါပေမဲ့ တပ်မတော်သားထုနဲ့ တိုင်းရင်းသားပြည်သူလူထုတွေ လိုလားမျှော်လင့်သလို လုပ်ဖို့မဟုတ်ဘဲ မရိုးသားတဲ့ရည်ရွယ်ချက်နဲ့ တပ်မ ၆ ခု နောက်တန်းမှာ အသင့်ထားတာဆိုရင်တော့ မောင်မှိုင်းလွင်(အင်းဝ) ရဲ့ ကဗျာထဲကလို လက်သန်းမကြိုက်ရင် လက်သီးကြိုက်သလားလို့ဘဲ သတိပေးရပါလိမ့်မယ်။
ဂါမဏိ