လင်းသက်ငြိမ် - ကျွန်တော်တို့ ခင်ဗျားကို မပေးနိုင်ဘူး ဧရာဝတီ
(မိုးမခ) မတ် ၂၉၊ ၂၀၁၆
ဒီကဗျာလည်း ခါတော်မှီပွင့်လာတာပဲလို့
မချိတင်ကဲ တွေးနေဦးမှာလား ဧရာဝတီ...
ကျွန်တော်ဟာ မြန်မာပြည်သား
ခရိုနီလူတန်းစားထဲမှာ မပါတဲ့ ကဗျာဆရာ
ကျွန်တော့်ကိုယ်ထဲမှာ ခင်ဗျားစီးနေပါတယ် ဧရာဝတီ...
ရွှေရောင်အတိတ် နေ့ရက်တွေ
တော်လှန်ရေး တေးသံရဲရဲတွေ
နှစ်ကာလတွေဟာ ခင်ဗျားဖြတ်သန်းလာတဲ့ခရီးတွေ
ခင်ဗျားဟာ ဖတ်မကုန်တဲ့ သမိုင်းစာအုပ်
ခင်ဗျားဟာ ရေးဖွဲ့မကုန်တဲ့ အလင်္ကာ
ခင်ဗျားဟာ မတူးမဆွပဲ ဒီအတိုင်းသက်သက်
သုံးမကုန်တဲ့ ရတနာသိုက်ကြီးပဲ။
မြန်မာပြည်ဆိုတာနဲ့ ခင်ဗျားပါလာတယ်
ခင်ဗျားဆိုတာနဲ့ မြန်မာပြည်ပါလာတယ်
လူအန္ဓတောင်သိနိုင်တဲ့ ကျေးဇူးတော်ကို
ထိုင်ခုံပေါ်တက် စည်းစိမ်တော် အအီ အစိမ့်တွေနဲ့
ကုပ်ပိုးတက်နေတဲ့ မဟာလူကြီးလူကောင်းတွေ
မသိတာ ခင်ဗျားရဲ့ဇာတ်သိမ်းပဲ...
ကျွန်တော်တို့ရဲ့ ဇာတ်သိမ်းပဲ... ။
ကျွန်တော်တို့ ခင်ဗျားကို သေသေချာချာ သိခဲ့တယ်
ကျွန်တော်တို့ ခင်ဗျားကို သေသေချာချာ မသိသေးဘူး
ကျွန်တော်တို့ ခင်ဗျားကို တကယ်ချစ်ခဲ့ကြတယ်
ကျွန်တော်တို့ ခင်ဗျားကို တကယ်မချစ်ကြသေးဘူး
ခင်ဗျားဟာ ရာဇဝင်တွေကို ထမ်းပြီးစီးခဲ့တယ်
သမိုင်းတွေကိုထမ်းပြီး စီးခဲ့တယ်
သက္ကရာဇ်တွေကို ထမ်းပြီး စီးခဲ့တယ်
စီးခဲ့တယ်.. .
စီးခဲ့တယ်.. .
စီးခဲ့တယ်.. .။
လူဟာအသက်ကြီးလေ ပိုမိုက်မဲလာလေတဲ့
ပညာရှင်တစ်ယောက်ကပြောဖူးတယ်
ဘယ်အရာမှနှစ်ခုမရဘူးတဲ့ ကျွန်တော်မှတ်သားဖူးတယိ
တိုးတက်ခြင်းနဲ့ဆုတ်ယုတ်ခြင်းဟာ ခေါင်းနဲ့ပန်းပါပဲ
သောင်ထွန်းနေတဲ့ ရင်ဘတ်ကြီးနဲ့
ခင်ဗျားရင်ခွင်ထဲ
ဖြတ်မောင်းနေတဲ့ တရုတ်ဆိုင်ကယ်တွေကို
မျက်ရည်စက်လက် ငေးကြည့်နေသလား ဧရာဝတီ...။
ခင်ဗျားကိုပေးလိုက်ရင် ဘာတွေရလာမှာလဲ
ကြိုက်တာရပါစေ...
ကျွန်တော်တို့ဆီက ခင်ဗျားကိုပေးပြီးမှ ရလာမယ့်
အလျော်အစား ဘယ်လောက်ပဲ အဖိုးထိုက်တန်ပါစေ...
ကျွန်တော်တို့ ငြင်းတယ်
ကျွန်တော်တို့ ငြင်းမယ်
ဧ
ရာ
ဝ
တီ
ကျွန်တော်တို့ ငြင်း မယ်
ကျွန် တော် တို့ ငြင်း တယ် ဗျာ ။ ။
လင်းသက်ငြိမ်