NLD Chair-person facebook |
တူမောင်ညို - နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ အတွက် မေးခွန်း နှစ်ခု
(မိုးမခ) ဧပြီ ၁၊ ၂၀၁၆
ဒီချုပ်ပါတီ အစိုးရသစ်ရဲ့ “ရှေ့နေချုပ်” ဘယ်သူဖြစ်လာမလဲ ဆိုတာ စိတ်ဝင်စားနေတာပါ။ ဘာလို့လဲဆိုတော့ အစိုးရရဲ့ ရည်ရွယ်ချက်၊ မူပေါ်လစီတွေနဲ့ အဲဒီမူပေါ်လစီတွေအကောင်အထည်ဖော်ရမှာလိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေ စတာတွေကို ရှေ့နေချုပ်က ဖန်တီးပေးနိုင်မှာမို့လို့ပါပဲ။ “ရှေ့နေချုပ်”က အစိုးရလုပ်ချင်တဲ့ ရည်ရွယ်ချက်လုပ်ငန်းတွေကို အခြေခံဥပဒေအပါအဝင်၊ အခြားတည်ဆဲ ဥပဒေတွေနဲ့ ကိုက်ညီအောင် အကြံပေးရမယ်၊ လုပ်မရအောင်တားဆီး၊ ကန့်သတ်ထားတာတွေပါနေရင် ဒါတွေကို “ဘောင်” ထဲကနေ ကွေ့ဝိုက်ရှောင်ကွင်းပြီး လုပ်လို့ရအောင် ဖန်တီးပေးနိုင်သူဖြစ်ပါတယ်။
ပါလီမန်ခေတ်က ဝန်ကြီးချုပ် ဦးနုအတွက် လက်ကတုံးတောင်ဝှေးကတော့ ဦးအေးမောင် ဖြစ်ပါတယ်။ ဝန်ကြီးချုပ် လုပ်ချင် တာတွေကို ဦးအေးမောင်က “ဥပဒေဖြစ်အောင်” လုပ်ပေးရပါတယ်။ အစိုးရအဖွဲ့အကြပ်ရိုက်နေတာတွေကနေ ကျော်လွှားနိုင်အောင် “အကြံတွေ” ပေးရပါတယ်။ ဒီလိုနဲ့ ၁၉၅၈ စက်တင်ဘာ ၂၆ ရက်စွဲနဲ့ “ရာဇဝင်တွင်မယ့်စာနှစ်စောင်” ( စာရေးလိုက်ပါသည် ဗိုလ်ချုပ် နေဝင်း/ လေးစားစွာ အစီရင်ခံအပ်ပါသည်ဝန်ကြီးချုပ်ခင်ဗျာ) နဲ့ ပုဒ်မ ၁၁၆ ဆိုင်းငံ့ရေးတို့ပေါ်လာခဲ့တာပါ။တကယ်တော့ အဲဒီစာနှစ် စောင်စလုံး ဦးနု ပဲရေးတာပါ။ တကယ်တော့ အဲဒီဖြစ်ရပ်က အာဏာသိမ်းဖို့အကြပ်ကိုင်တဲ့ စစ်အုပ်စုကို ချော့ရတာဖြစ်ပါတယ်။ ဦးနုရဲ့ အဲဒီချော့မြှူရေးရလဒ်က ဗိုလ်နေဝင်း “အိမ်စောင့်အစိုးရ” (စစ်အစိုးရ) ကို ၁၉၄၇ အခြေခံဥပဒေနဲ့အညီ အာဏာအပ်ရတာပါ။ ဒီချော့ မြှူရေးဟာ ၁၉၆၂ မတ် ၂ မှာ အားလုံးနိဋ္ဌိတန်သွားပါတယ်။ ဦးနုချော့မြှူရေး မအောင်မြင်ခဲ့ပါဘူး။ အဲဒီကနေ စတင်လိုက်တဲ့ စစ် အာဏာရှင်စနစ်ဟာ ယနေ့အထိပါပဲ။
၂၀၀၈ အခြေခံဥပဒေနဲ့ အခြားတည်ဆဲဥပဒေဘောင်ထဲကနေ ဒီချုပ်ပါတီအစိုးရကို သူ့ “ရှေ့နေချုပ်”က ဘယ်လိုအကြံတွေပြု မလဲ၊ အကန့်အသတ်၊အတားအဆီးတွေကိုဘယ်လိုကျော်လွှားမလဲ ဒါတွေကို လေ့လာရေးရှုဒေါင့်ကနေ စိတ်ဝင်စားတာပါ။
အခုချိန်ထိတော့“ရှေ့နေချုပ်” ဘယ်သူဖြစ်မလဲ မသိကြရသေးပါဘူး။ ထင်ကြေးဆရာတွေက စိတ်မဝင်စားလို့လား မသိ “ရှေ့နေချုပ်” ဘယ်သူဖြစ်လာမလဲဆိုတဲ့ ထင်ကြေးပေးတာ မတွေ့ရပါဘူး။
ရှေ့နေချုပ်ဘယ်သူဖြစ်လာမသိသေးပေမယ့် ဒီချုပ်ပါတီအစိုးရရဲ့ ပထမဆုံးလို့ဆိုရမယ့် ဥပဒေတစ်ခုတော့ တွေ့ရပါပြီ။
ဒီဥပဒေရဲ့နာမည်အပြည့်အစုံ က “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ” ဖြစ်ပါတယ်။
ဒီဥပဒေရဲ့ရည်ရွယ်ချက်က ရှင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မြင့်မြင့်မားမား နေရာပေးနိုင်ဖို့ပါ။ ဒီချုပ်ပါတီအစိုးရ ကို အစိုးရသက်တမ်းအတွင်း အနီးကပ်ဦးဆောင်မှုပေးနိုင်ဖို့ ရည်ရွယ်တာပါ။
ဒါကြောင့် “စု” အတွက်ရည်ရွယ်ပြီး ပြုတဲ့ဥပဒေမို့ “စုပဒေ” လို့ ခေါ်မယ်ဆိုရင်လည်း အဓိပ္ပာယ်ပြောင်းမသွားနိုင်ပါဘူး။
တကယ်တော့ ဒီဥပဒေဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် ပုဂ္ဂိုလ်ရေးအရ တားမြစ်ထားတဲ့ ၂၀၀၈ အခြေခံ ဥပဒေထဲက၊ ပုဒ်မ ၅၉(စ) ကန့်သတ်ချက်ကို ဥပဒေဘောင်ထဲကနေ ပုဂ္ဂိုလ်ရေးရည်ရွယ်ချက်နဲ့ “ဥပဒေပြု” ပြီး ကျော်လွှားကြည့်တဲ့ သဘောလို့ယူဆရပါတယ်။ ဒါပေမယ့် ကျော်လွန်လို့ မရနိုင်ဘူးဆိုတာကို အဲဒီ “နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ” ထဲမှာပါရှိ တဲ့ အခန်း ၄၊ ပုဒ်မ ၅၊ ပုဒ်မခွဲ (က) က အသိအမှတ်ပြုထားရပြန်ပါတယ်။
အခန်း ၄၊ ပုဒ်မ ၅၊ ပုဒ်မခွဲ (က) မှာ ဘယ်လိုရေးထားသလဲဆိုတော့ “ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့် ကျင်စေဘဲ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားများအတွက် အကြံပြုချက်များပေးရမည်” တဲ့။
ဒီအချက်အရ ဆိုရင် ၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၅၈ ကို မကျော်လွန်နိုင်ပါဘူးဆိုတာ ထင်ရှားပါတယ်။
တကယ်တော့ “စုပဒေ”ဟာ“၂၀၀၈အခြေခံဥပဒေရဲ့ညစ်ပတ်မှုနဲ့အကြပ်အတည်းကြီးကြီးမားမားတည်ရှိနေမှု”ကို တဆင့်တိုးပြီး သက်သေခံတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် တားမြစ်ကန့်သတ်ထားတဲ့အပြင် ဒါကို ဥပဒေတစ်ခုပြုပြီး၊ ဥပဒေဘောင် ထဲကနေ ကျော်လွန်နိုင်ဖို့၊ အလုပ်ဖြစ်နိုင်ဖို့ ကြိုးစားတဲ့အခါမှာလည်း “၂၀၀၈ အခြေခံဥပဒေ” ရဲ့ကန့်သတ်ထားမှုကို လွတ်မြောက်အောင် ကျော်လွှားလို့ မရနိုင်ဘူးဆိုတာကို ထပ်မံဖော်ပြနေတာပဲဖြစ်ပါတယ်။
“၂၀၀၈ အခြေခံဥပဒေ” တည်မြဲနေသမျှကာလပတ်လုံး ဒေါ်အောင်ဆန်းစုကြည်သမ္မတ မဖြစ်နိုင်ပါ။
ထို့အတူ “သမ္မတအထက်က၊ နိုင်ငံဥသျှောင်” စသဖြင့် အဆင့်တွေ၊ နေရာတွေ သတ်မှတ်ပေးဖို့ မွန်မြတ်ကောင်းမွန်တဲ့ဆန္ဒ တွေဘယ်လိုဘယ်လောက်ပဲရှိနေပါစေ “၂၀၀၈ အခြေခံဥပဒေဘောင်” ထဲကနေ ဒါတွေဖြစ်မြောက်လာအောင် အကောင်အထည်ဖော်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါက ပုဂ္ဂိုလ်ရေးရှုဒေါင့်သက်သက်ကနေ ပြောတာပါ။ ဒီချုပ်ပါတီအစိုးရက အကောင်အထည်ဖော်မယ့်ကိစ္စ ရပ် ကြီးတွေမှာလည်း အလားတူပါပဲ။ ကာချုပ်နဲ့ စစ်တပ်က သဘောမတူရင် ဘာမှလုပ်မရပါဘူး။
အချို့လူပြိန်းတွေပြောနေသလို ဒေါ်အောင်ဆန်းစုကြည်မှာ ဘယ်လို ဝှက်ဖဲမှမရှိရှာပါဘူး။ ပြန်လည်သင့်မြတ်လိုခြင်း နဲ့ မေတ္တာ တရားကလွဲလို့ ဘာမှမရှိရှာပါဘူး။
စစ်အုပ်စုမှာတော့ ဗြောင်ဖဲ/ ဝှက်ဖဲတွေများလှပါတယ်။
အစိုးရအဖွဲ့ အဆင့်ဆင့်မှာ ( ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေး) ဆိုတဲ့ ဖဲသုံးချပ်ရှိသလို၊ လွှတ်တော်ထဲမှာလည်း “စစ်သား ၁၆၆ ယောက်”ရှိပါတယ်။ “၂၀၀၈ အခြေခံဥပဒေ” ဆိုတဲ့ စာအုပ်စိမ်းကြီးတစ်အုပ်လုံးဟာ စစ်အုပ်စုအဖို့ ဘက်စုံသုံး ဖဲထုတ်ကြီး ပါပဲ။ ဒါ့အပြင် အခြား“တည်ဆဲဥပဒေ”ဆိုတာတွေရှိပါသေးတယ်။ “၂၀၀၈ အခြေခံဥပဒေ” ဆိုတာ စစ်အုပ်စုလုပ်ချင်တာမှန်သမျှ ဥပဒေ အသွင်ယူပြီးအကွက်ချရေးထားတာတွေပါ။
အချိန်မရွေးထုတ်သုံးနိုင်တဲ့ ဂျိုကာဖဲချပ်ကတော့ စစ်အုပ်စုက ရာစုနှစ်ဝက်ကျော် ဂုပ်ခွစီးထားတဲ့ “စစ်တပ်ကြီး” ပဲဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ သံယောဇဉ်စကား၊ မေတ္တာစကားနဲ့ “ဖေဖေ့တပ်မတော်ကြီး” လို့ ပြောရှာပါတယ်။ ဖေဖေတို့၊ ဗိုလ်မှူးချုပ်ကျော်ဇောတို့ဟာ တပ်မတော်ကြီးကို မွန်မြတ်တဲ့ရည်ရွယ်ချက်နဲ့ တည်ထောင်ပြုစုခဲ့ကြတာပါ။ ဗိုလ်နေဝင်း - ဗိုလ်သန်းရွှေ တို့က တပ်မတော်ကို စစ်အုပ်စုရဲ့တစ်လက်ကိုင်တပ်၊ ခါးပိုက်ဆောင်တပ် အဖြစ်၊ ပြည်သူကိုအကြမ်းဖက်ဖိနှိပ်တဲ့တပ်အဖြစ် အသရေ ဖျက်ခဲ့ကြတာပါ။
“၂၀၀၈ အခြေခံဥပဒေ” ထဲမှာ အကြပ်အတည်းတွေများလှပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ကန့်သတ်ထားတာလည်း ၂၀၀၈ အခြေခံဥပဒေပါ။
တိုင်းရင်းသားတွေ သက်ဆိုင်ရာပြည်နယ်တွေမှာ ဝန်ကြီးချုပ်လုပ်နိုင်ရေးကို ကန့်သတ်ထားတာလည်း ၂၀၀၈ အခြေခံဥပဒေ ပါ။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် ဝန်ကြီးဌာန ၄ နေရာ တာဝန်ယူရတဲ့အခါမှာလည်း ပါတီခေါင်း ဆောင်အဖြစ်က၊ ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ(ကာလသတ်မှတ်၍ဖြစ်စေ) စွန့်လွှတ်ပေးရတာလည်း ၂၀၀၈ အခြေခံ ဥပဒေရဲ့ ကန့်သတ်ထားချက်ဖြစ်ပါတယ်။
အခုတခါ “နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ်” ဖြစ်လာခဲ့မယ်ဆိုရင်လည်း အခြားဘာတွေ ထပ်မံ စွန့်လွှတ်ရဦးမလဲ မသိပါဘူး။
ဒါတွေဟာ “၂၀၀၈ အခြေခံဥပဒေ”က ဖန်တီးထာတဲ့ အခက်အခဲအကြပ်အတည်းတွေဖြစ်ပါတယ်။ ကုန်ကုန်ပြောရရင် ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကနေ“အမျိုးသားပြန်လည်သင့်မြတ်ရေး”မပြုလုပ်နိုင်ပါဘူး။ မပြုလုပ်နိုင်ရုံမက သွေးစည်းမှုပြိုကွဲစေမယ့် လုပ်ရပ် တွေဖြစ်ရပ်တွေပါကြုံတွေ့ရင်ဆိုင်လာနေရတယ်မဟုတ်ပါလား။ ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်ရေးမှာ ဒီသွေးကွဲမှု ဇာတ် လမ်းတွေကို ဗြောင်ကြားနေသိနေကြရပြီပဲ။ ရင်ကြားမစေ့နိုင်တဲ့အပြင် ပိုပြီးအလှမ်းဝေးသွားစေတာတွေဖြစ်လာနေပါတယ်။ အခြား တိုင်းရင်းသားတွေအကြားမှာလည်း အတိုင်းအတာမတူပေမယ့် သွေးကွဲမှုက ဖွဲမီးလို တငွေ့ငွေ့လောင်မြိုက်နေတာပါ။
ဒီလိုဖြစ်လာစေတာတွေအားလုံးရဲ့ အဓိကလက်သည်တရားခံဟာ “၂၀၀၈ အခြေခံဥပဒေ” ပါ။ ဒါကိုမျက်ခြေပြတ်ကြရင်ဖြင့် စစ်အုပ်စု ထောင်ချောက်ထဲ တည့်တည့်တိုးဝင်မယ့် ကိန်းဆိုက်ပါလိမ့်မယ်။ တချို့က အဲဒီ ထောင်ချောက်ထဲ မျက်စိမှိတ်ပြီး ဒိုင်ပင်ထိုး ချနေကြတာတွေကို ကြာနေ၊ မြင်နေရပါတယ်။
ဥပဒေတစ်ခုကို အဓိပ္ပာယ်ဖွင့်ကြတဲ့အခါ အဲဒီဥပဒေရဲ့ရည်ရွယ်ချက်အနှစ်သာရနဲ့ကင်းကွာပြီး အဓိပ္ပာယ်ဖွင့်ဆိုလို့မရဘူး ဆို တာ ဥပဒေဗဟုသုတ သူလိုငါလိုရှိကြသူတိုင်း သဘောပေါက်ကြပါတယ်။ လူပြိန်းတချို့က ၂၀၀၈ အခြေခံဥပဒေထဲက ပုဒ်မတွေကို ဆန္ဒစွဲနဲ့ကြည့်ပြီး သူတို့လိုချင်သလို အဓိပ္ပာယ်ဖွင့်နေကြပါတယ်။ သူတို့လိုချင်တဲ့ အဓိပ္ပာယ်မျိုး တကယ်ဖြစ်လာနိုင်တော့ မယောင်လည်း ဖြန့်ဖြူး နေကြပါတယ်။ မှိုင်းတိုက်နေကြပါတယ်။ ဒါမျိုးတွေဟာ မလုပ်သင့်၊ မလုပ်ထိုက်တဲ့အလုပ်တွေပါ။
၂၀၀၈ အခြေခံဥပဒေရဲ့ရည်ရွယ်ချက်က စစ်အုပ်စုအာဏာထာဝစဉ်တည်တံ့ခိုင်မြဲရေးကိုသမတ်တည်း ဦးတည်ထား တာဖြစ် ပြီး၊ အနှစ်သာရ က စစ်အုပ်စုရဲ့ အတိတ်၊ ပစ္စပ္ပုန်၊အနာဂတ်အကျိုးစီးပွားတွေကို ထိန်းသိမ်းကာကွယ် တိုးချဲ့ဖို့ဖြစ်ပါတယ်။ ဒီရည်ရွယ် ချက်နဲ့ ဒီအနှစ်သာရကို ဆံမျှ/ရွေးမျှ မထိပါးရင် ဘယ်သူ့ကိုမဆို ဘယ်ပါတီကိုမဆို “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ”အခွင့်အရေးတွေ တင်းပြည့်ကျပ်ပြည့်ရှိနေမှာဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်နဲ့ဒီအကျိုးစီးပွားကို ထိခိုက်လာရင်တော့ ထိလာသလောက် ထိထိရောက်ရောက် စစ်အုပ်စုက တုန့်ပြန်ပါလိမ့်မယ်။
“၂၀၀၈ အခြေခံဥပဒေ” ကိုပြင်ဆင်မယ်ဆိုတဲ့သူတွေဟာ ၂၀၀၈ အခြေခံဥပဒေရဲ့ရည်ရွယ်ချက်နဲ့အနှစ်သာကို မထိခိုက်တဲ့ အောက်မှာသာ ပြင်ဆင်နိုင်ခွင့်ရှိတာဖြစ်ပါတယ်။၂၀၀၈ အခြေခံဥပဒေရဲ့ရည်ရွယ်ချက်နဲ့အနှစ်သာကို မထိခိုက်တဲ့ ပြင်ဆင်မှု ဆို တာဟာ “၂၀၀၈အခြေခံဥပဒေနဲ့စစ်အုပ်စုအကျိုးစီးပွား”ကို အပေါ်ယံဖုံးကွယ်ပေးထားတဲ့၊ အများပြည်သူကိုလှည့်စားတဲ့ဟန်ပြပြင်ဆင်ရေးသာဖြစ် မြဲ ဖြစ်နေပါလိမ့်မယ်။
ဒါကြောင့်လည်း “အခန်း၁၂” ပါပြဋ္ဌာန်းချက်များ အတိုင်းသာပြင်ဆင်ရမယ်လို့ ကာချုပ်နဲ့သူ့စစ်ဗိုလ်တွေက စက်သေနတ်ပစ် သလို တတွတ်တွတ်၊ တဒက်ဒက်ပြောနေတာလည်း အားလုံးအသိ၊ အားလုံးအကြားပဲဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့လွှတ်တော်မှာ အခုတင်သွင်းဆွေးနွေးနေတဲ့ “စုပဒေ”နဲ့ပတ်သက်ပြီး လက်တွေ့ကျမယ်လို့ ယူဆတဲ့ မေးခွန်း နှစ်ခုလောက် မေးပါရစေ
(၁) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ်ရဲ့ အကြံပြုချက်တွေကို ကာချုပ်/စစ်တပ်က လက်မခံရင်/ပယ်ချရင် ဘယ်လိုဆက် လုပ် ကြမလဲ
(၂) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိလ်ရဲ့ အကြံပြုချက်တွေကို နိုင်ငံတော်အစိုးရက လက်ခံပြီး “ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေး” ဝန်ကြီးဌာန စစ်ဗိုလ်ဝန်ကြီးတွေက လက်မခံဘဲနေရင် ဘယ်လို ဆက်လုပ်ကြမလဲ
ညွန်း
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ(ကြမ်း)
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ )
အကွဲအပြဲဇာတ်လမ်း (ဂါးဒီယန်းဦးစိန်ဝင်း)၊ ပထမအကြိမ်၊ နိုဝင်ဘာ ၂၀၀၉