သာထက်အောင် - အငတ်ထားမလား - လာဘ်စားမလား
(မိုးမခ) ဧပြီ ၂၊ ၂၀၁၆
(မိုးမခ) ဧပြီ ၂၊ ၂၀၁၆
ပြည်ထောင်စုဝန်ကြီးစာရင်းတွေထွက်လာပါပြီ။ ကန့်ကွက်သူမရှိ၊ အတည်ပြုပြီးဖြစ်သလို ပြည်နယ်တိုင်းဝန်ကြီးချုပ်ရာထူးတွေကိုလည်း NLD က ပုဂ္ဂိုလ်များနဲ့ အတည်ပြုလိုက်ပါပြီ။ ရခိုင်ပြည်နယ်ကတော့ သူတို့ ရခိုင်ပါတီက ပုဂ္ဂိုလ်ဝန်ကြီးချုပ်ရာထူးမရလိုက်တဲ့အတွက် လွှတ်တော်ထဲကထွက်ခွာဆန္ဒပြကြတာကိုလည်း ဖတ်လိုက်ရပါတယ်။
ဘာပဲဖြစ်ဖြစ်.. ဧပြီလ (၁) ရက်နေ့ကစပြီး NLD ဦးဆောင်တဲ့ အစိုးရ ယန္တရားအသစ်ကြီး စတင်လည်ပတ်ပါတော့မယ်။ ချော ချောမောမော-အောင်အောင်မြင်မြင် လည်ပတ်မလား၊ ထစ်ထစ်ငေါ့ငေါ့-ဆန့်ငင်ဆန့်ငင် လည်ပတ်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပေါ့လေ။ ပြည်သူတွေကတော့ စားပိုးနင့်အောင်စားပြီး မောက်မောက်မာမာနိုင်လှတဲ့ ယခင်စစ်ဗိုလ် လူထွက်တွေ မရှိတာနဲ့တင် သက်ပြင်းတ၀က် ချနိုင်ကြပါတယ်။ တက်လာတဲ့အစိုးရအဖွဲ့ရဲ့ သြဇာအရှိဆုံး ပုဂ္ဂိုလ်ကြီးကလည်း ၀န်ကြီးတွေလာဘ်စားရင်ထောင်ချပစ်မယ်လို့ ဓါးကြိမ်းကြိမ်းထားပါတယ်။ ပြည်နယ်တိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့ ပုဂ္ဂိုလ်အချို့ကလည်း သူတို့လက်ထက်မှာ လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေးကို အတတ်နိုင်ဆုံးဆောင်ရွက်မယ်လို့ ကတိက၀တ်တွေပေးကြပါတယ်။ ဘယ်လောက်အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာကတော့ အချိန်က စကားပြောပါ လိမ့်မယ်။ ထွက်တော်မူနန်းကခွာသွားတဲ့ (မိဘပြည်သူများခင်ဗျာ) ဆိုတဲ့ ပျားရည်နဲ့ဝမ်းချတတ်တဲ့ သမ္မတကြီးကလည်း လာဘ်ပေးလာဘ်ယူ တိုက်ဖျက်မယ်ပြောတာပါပဲ။ ကမ္ဘာမှာ ဘယ်အစိုးရမှ ဒို့တက်လာရင် စားမယ် ၀ါးမယ်၊ တိုင်းပြည်ပြောင် သလင်းခါသွားရစေ့မယ်လို့ မကြွေးကြော်ပါဘူး။ ဘယ်အစိုးရမဆို အပြောတော့ ဖိုးစိန်ချည်းပါပဲ။ အပြောနဲ့လက်တွေ့ ဘယ် လောက်ညီတယ်၊ မညီဘူးဆိုတာ အဲဒီအစိုးရရဲ့သိက္ခာဖြစ်သလို နိုင်ငံရဲ့ ကံကြမ္မာလည်းဖြစ်ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှု၊ တရားဥပဒေမစိုးမိုးမှု၊ မူးယစ်ဆေးဝါးအမြင့်ဆုံးထုတ်လုပ်မှု၊ ကလေးစစ်သား အသုံးပြုမှု၊ လူမျိုး ရေး၊ဘာသာရေးခွဲခြားဆက်ဆံမှု၊ ဆင်းရဲမွဲတေမှု၊ ကျန်းမာရေး ပညာရေးနိမ့်ကျမှု၊ စတဲ့… စတဲ့.. အဆိုးဝိသေသများနဲ့ ကျော်ကြားတဲ့ ရွှေပြည်ကြီးမှာ ပြည်သူတွေ စိတ်အပျက်ဆုံး ကိစ္စကြီး တစ်ခုကတော့လာဘ်ပေးလာဘ်ယူဆိုတဲ့ အဂတိလိုက် စား မှုကြီးပါပဲ။
လာဘ်ပေးလာဘ်ယူဆိုတာ အခုမှပေါ်ပေါက်လာတဲ့အကျင့်ဆိုးကြီးမဟုတ်ပါဘူး။ ဟိုးရှင်ဘုရင်လက်ထက်ကစလို့ မြို့ပိုင်မြို့ အုပ် ခေတ်အလယ်၊ ပါတီ၊ ကောင်စီ၊ ထွေအုပ်အဆုံး လစ်ရင်လစ်သလို လုပ်စားနေကြရာက စစ်အစိုးရလက်ထက်မှာတော့ အကြီးကျယ်ဆုံး အဖွံ့ဖြိုးဆုံး လက်သံအပြောင်ဆုံး စံချိန်ကို တင်ခဲ့ပါတယ်။ ငွေစက္ကူအချို့ကို စာအိတ်ထဲထည့်ပေးတာမျိုး၊ ၀ီစကီပုလင်းကို သီတင်းစာစက္ကူနဲ့ပတ်ပေးတာမျိုး မဟုတ်တော့ဘဲ၊ မွေးနေ့လက်ဆောင်အဖြစ် ကားသော့ထိုးအပ်ရတာမျိုး၊ သမီးမင်္ဂလာဆောင်အတွက် အိမ်တစ်လုံးဆောက်ပြီး လက်ဖွဲ့ရတာမျိုးတွေအထိ အတင့်ရဲလာပါတော့တယ်။ လူတိုင်းလိုလို မြင်တွေ့ကြားသိနေရတဲ့ ဒီလာဘ်ပေးလာဘ်ယူ ကိစ္စကြီးကို ရှက်စရာ ရွံစရာလို့ မမြင်တော့ဘဲ လုပ်ရိုးလုပ်စဉ်၊ စားရိုးစားစဉ် ကိစ္စကြီးလို သဘောထားလာကြတာကတော့ အင်မတန်ဝမ်းနည်းစရာကောင်းပါတယ်။ ခေါင်ကစ မိုးမလုံ၊ အာဏာနဲ့လုပ်ပိုင် ခွင့်ကြီးကြီးရှိသူက ကြီးကြီးစားနေတဲ့ ခေတ်ဆိုတော့၊ အရေးယူခံရတယ် အပြစ်ပေးခံရတယ်ဆိုတာ မျိုးကလည်းမရှိ သ လောက်ရှားလေတော့ လာဘ်ပေးတာကို (ဂါဝရပြုတယ်) ဆိုတဲ့ ဝေါဟာရနဲ့ အစားထိုးပြီးပျော်ပျော်ကြီး စားလိုက်ဝါး လိုက်ကြတာ တိုင်းပြည်မှာ ကုန်းကောက်စရာမရှိတော့အောင်ပါပဲ။
လာဘ်စားတယ်ဆိုရာမှာလည်း အဆင့်အမျိုးမျိုးရှိတယ်လို့ထင်ပါတယ်။ လာဘ်စားပြီဆိုမှတော့ ကိုယ့်ကျင့်တရားပျက်ပြား ပြီးဆိုတာ ယုံးမှားသံသယဖြစ်စရာမလိုပါဘူး။ ဒါပေမယ့် တချို့ဝန်ထမ်းတွေခမျာ မစားမဖြစ်တဲ့အခြေအနေ၊ မလောက်ငလို့ (ရိုင်းရိုင်းပြောရရင် ငတ်လို့) စားရတဲ့သူတွေ အများကြီးရှိပါတယ်။ တခြားအပိုဝင်ငွေကလည်းမရှိ၊ မိန်းမကလည်း အိမ်ကိစ္စနဲ့ပဲ ခြာလပတ်ရမ်းနေ ကလေးတွေက အရွယ်မရောက်သေး၊ ဆန်ဖိုး၊ ဆီဖိုး၊ အိမ်လခ၊ မီးဖိုး၊ ရေဖိုး၊ ကလေးတွေရဲ့ကျောင်းစရိတ်၊ ကျူရှင်စရိတ်၊ ကျန်းမာရေးစရိတ်တွေနဲ့၊ ရတဲ့လခနဲ့…..၊ မတတ်သာတဲ့အဆုံး ရှေ့မျက်နှာနောက်ထားပြီး ပေးလာတဲ့ လာဘ် ကို ယူမိစားမိပေမယ့် သူတို့ရင်ထဲမှာ မပျော်ပါဘူး။ သမ္မာအာဇီဝမဖြစ်မှန်း၊ ပြောရရင်ဒါမျိုးဟာ တိုင်သူတောသူရှိရင် ပြစ်မှု မြောက်ပြီး ထောင်ကျတန်းကျနိုင်မှန်းလဲ သူတို့သိပါတယ်။ ကျကာမှကျရော လောလောဆယ် အငတ်ပြဿနာကို ဖြစ်တဲ့ နည်းနဲ့ ရှင်းနေကြရတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒီလိုလူမျိုးတွေဟာ အခြေအနေပေးလို့ (အမွေရလို့ပဲဖြစ်ဖြစ်၊ ထီပေါက်လို့ပဲဖြစ်ဖြစ်) နည်းနည်းချောင်လည်လာမယ်။ ကုန်ဈေးနှုန်းတွေကျလာပြီး ငွေတန်ဖိုးတက်လာမယ်၊ ၀င်ငွေနဲ့ထွက် ငွေမျှ လာပါမယ်။ လခနဲ့ကုန်ဈေးနှုန်း သဟဇာတဖြစ်လာမယ်ဆိုရင် ဒီလူတွေလာဘ်မစားဖို့ ဖျောင်းဖျရတာ အင်မတန် လွယ်ပါတယ်။
ကိုယ့်မှာ အိမ်ပိုင်ယာပိုင်နဲ့ တိုက် ၂လုံး ၃လုံး၊ ကားဆိုရင်လည်း ၂စီး ၃စီး၊ မိန်းမနံမည်နဲ့ သမီးနံမည်နဲ့ လုပ်ငန်းတွေကလည်းရှိ၊ တိတ်တိတ်ပုန်းဆွဲထားတဲ့ စမော တောင်ရှိသေး။ သူ့ရဲ့လုပ်ပို်င်ခွင့်နဲ့ အာဏာကို အကြောင်းပြပြီး ရထားတဲ့ လက်ဆောင်ပစ္စည်းတွေ၊ စားစရာတွေဆိုတာ ပုံလို့။ ဒီလို လောဘဇောကြောင့် လာဘ်ကို ပျော်ပျော်ကြီးစားနေတဲ့ စူဇကာ အရာရှိ ကြီးတွေကတော့ ဘယ်သူမှ ပညာပေးလို့၊ ဖျောင်းဖျလို့ရမှာမဟုတ်ပဲ ရလေလိုလေ အိုတစ္ဆေ၊ သောက်လေသောက်လေ ငတ်မပြေ ဆိုတဲ့လူစားတွေကတော့ ကြီးလေးတဲ့ အပြစ်ဒဏ်မ ခံရမချင်း နောင်တ သံဝေဂ ရစရာအကြောင်းမမြင်ပါဘူး။
လာဘ်စားရတာကိုပျော်ပျော်ကြီးလုပ်နေတဲ့နောက်လူတန်းစားတမျိုးကတော့- ဗျူရိုကရက် ဥာဉ်မစင်တဲ့ အရာရှိရုံးဝန်ထမ်း တွေပါပဲ။ ကိုယ့်စားပွဲရှေ့ရောက်နေတဲ့ ပြည်သူတစ်ယောက်ကို သူပေးရမယ့်ဝန်ဆောင်မှုကို မပေးသေးပဲ ငယ်တဲ့အမှုကြီးအောင်၊ ကြီးတဲ့အမှု ကိုယ်ကျိုးနည်း အောင်ပုံကြီးချဲ့ပြီး ငွေညှစ်တဲ့အလုပ်ကို လုပ်တတ်ကြတဲ့ ၀န်ထမ်းဆိုးတချို့ပါပဲ။ တစုံတယောက်အပေါ် အာဏာပြရ ပါဝါပြရတာကို သိပ်သာယာတဲ့ ၀န်ထမ်းဆိုးတွေဟာ ကြိုးနီစနစ် ရဲ့ထုံးစံ ဟိုဘောလီဘောပုတ်၊ ဒီဘောလီဘောပုတ် တစားပွဲက တစားပွဲကူးဖို့အရေး အချိန်တွေ ငွေတွေ အများကြီးယူတတ်တဲ့ မွေးရာပါ အကျင့်ဆိုး ဥာဉ်ဆိုးနဲ့ ၀န်ထမ်းတွေဟာ ပညာပေးစည်းရုံး ဖို့ မလွယ်ဆုံး လူတန်းစားပါပဲ။ ဒီလူတန်းစားမျိုးဟာ ခေတ်တိုင်းစနစ်တိုင်းမှာ တွေ့ရတတ်ပြီး သူတို့ကို ကြောက်နေ ဖားနေမှ၊ ပြုံးခဲ ရယ်ခဲ မျက်နှာထားတင်းတင်းနဲ့၊ မသိနိုးနား တောသူတောင်သားတွေဆို ဟောက်လား၊ဟိန်းလား၊ အရက်တစ်ခွက်၊ လက်ဖက်ရည်တစ်ခွက် ကိုယ့်ပိုက်ဆံနဲ့ဝယ်သောက်ရိုးမရှိတဲ့ အဲဒီဝန်ထမ်းဆိုးတွေဟာ သူ့အထက်အရာရှိတွေကိုတော့ ပြာနေအောင် ‘ဖား’ တတ်ကြပါတယ်။
အဲသည်လို… လူတန်းစားအမျိုးမျိုး စရိုက်အမျိုးမျိုးနဲ့ သိပ်တွင်ကျယ်နေတဲ့ ဒီလာဘ်ပေး လာဘ်ယူကိစ္စကြီးကို လျော့နည်း သွားအောင် ပပျောက်သွားအောင် ဘယ်လိုလုပ်ကြမလဲ။ “လာဘ်ပေးလာဘ်ယူ ဒို့ရန်သူ” ဆိုတဲ့ စာရွက်လေးရုံးမှာ ကပ်ထား ရုံ၊ အကျင့်ပျက်ခြစား ၀န်ထမ်းများကို ပြင်းထန်စွာအရေးယူမည်လို့ သတင်းစာထဲပါရုံ၊ ရေဒီယိုက ကြားရယုံနဲ့ ဒီလာဘ်ပေးလာဘ်ယူကိစ္စကြီးကိုပျောက်သွားလိမ့်မယ်၊ လျော့သွားလိမ့်မယ်မထင်ပါ။ အင်မတန် သိမ်မွေ့တဲ့ ကိစ္စပါ။ အချိန်အများကြီး ယူရပါလိမ့်မယ်။
လာဘ်ပေးလာဘ်ယူပပျောက်ရေးဆိုတဲ့ကိစ္စကြီးမှာ- အရေးကြီးဆုံးကလူတွေ စားဝတ် နေရေး အဆင်ပြေရပါလိမ့်မယ်။ လူတွေ စားဝတ်နေရေးအဆင်ပြေဖို့ဆိုတာ ကိုယ်စီကိုယ်င ၀င်ငွေရှိမှဖြစ်နိုင်တာပါ။ ၀င်ငွေဆိုတာကလည်းအလုပ်ရှိမှ ၀င်ငွေဆိုတာရှိမှာဆိုတော့ လူတိုင်း အလုပ်ရှိအောင် စက်ရုံတွေ၊ အလုပ်ရုံတွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ ပြည်ပပို့ကုန်ထုတ်ကုန်တွေ တိုးတက်ဖို့လိုပါပြီ။ လူတိုင်းဝင်ငွေရှိပြီဆိုရင်- ရတဲ့ဝင်ငွေနဲ့ လိုက်လျောညီထွေရှိတဲ့ Tax အခွန်ကို နိုင်ငံတော်ကရပါလိမ့်မယ်။ လုပ်ငန်းတိုင်းကရမယ့် အခွန်အခတွေကိုလည်း တိကျမှန်ကန်စွာ ကောက်ပြီး နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် ပြည်သူတွေရဲ့ သက်သာချောင်ချိရေးအတွက် ပြန်သုံးရမှာပါ။ စည်းမရှိ၊ ကမ်းမရှိ မှောင်ခိုနည်းနဲ့ ပြည်ပကို ဒလဟောထွက်နေတဲ့ သယံဇာတတွေ၊ ဓါတ်ငွေ့၊ ရေနံ၊ ကျောက်သံပတ္တမြား ရောင်းရသမျှ စာရင်းမရှိ၊အင်းမရှိ၊ ရန်ကုန်တိုင်းအစိုးရကပြတဲ့ ဘတ်ဂျက်စာရင်းလို သန်းပေါင်းများစွာသောအသုံးစရိတ်နဲ့ ၀င်ငွေတပြားတချပ်မှမကွာပဲကွက်တိ ဆိုတာမျိုးတွေနဲ့ တိုင်းပြည်စီးပွားရေးနလံထူဖို့ မလွယ်သေးပါဘူး။ တိုင်းပြည်စီးပွားရေး၊ လူတစ်ဦးချင်းဝင်ငွေ မတိုးတက်သေးပဲနဲ့၊ ကုန်ဈေးနှုန်းကို မထိန်းနိုင်ပဲနဲ့၊ မြန်မာကျပ်ငွေခိုင်မာအောင်မလုပ်နိုင်ပဲနဲ့၊ ခရိုနီတွေ စစ်ဗိုလ်ပြုတ်တွေ ခိုးဝှက်ထားတဲ့ သန်းပေါင်းများစွာသော ဒေါ်လာတွေကို မထုတ်ဖော်နိုင်ပဲနဲ့ ပြည်သူတွေ ထမ်းထားရတဲ့ ကြီးလေးလှတဲ့ စစ်အသုံးစရိတ်ကို မလျော့ပဲနဲ့၊ လာဘ်ပေးလာဘ်ယူဒို့ရန်သူလို့ ဘယ်လောက်ပဲအော်အော် လူမြင်ရာမှာစားလို့မရရင် လူကွယ်ရာမှာ စားနေကြဦးမှာပါပဲ။
ချုပ်ပြီးပြောရရင် လာဘ်ပေးလာဘ်ယူပပျောက်ရေးမှာ နံပါတ်တစ် အရေးကြီးဆုံးက တိုင်းပြည်စီးပွားဖွံ့ဖြိုး တိုးတက်ဖို့၊ နံပါတ်နှစ်က တိကျပြတ်သားတဲ့အရေးယူမှု။ ဥပမာပြရရင် ကျွန်တော်တို့ အိမ်နီးနားချင်း တရုတ်ပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ကုမ္ပဏီကြီးတစ်ခုကို ကောက်ခါငင်ကာရွတ်ကြည့်လိုက်၊ တရုတ်ပြည်မှာရှိနေပါလိမ့်မယ်။ အပ်ကနေ ဘူဒိုဇာအထိ ထုတ်နေတဲ့ တိုင်းပြည်ကြီးမှာ အလုပ်က မရှားတော့ဘူး။ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်ရင်း မိသားစု (၃) ဦး ရှိတဲ့အိမ်မှာ (၃)ယောက်စလုံးက အလုပ်ကိုယ်စီနဲ့။ တစ်လ ယွမ် ၃၀၀ ရရင် လောက်တဲ့ မြို့လေးမှာ မိသားစု (၃) ဦး အလုပ်လုပ်တော့ တစ်လ ယွမ် ၉၀၀-၁၀၀၀ ရတယ်ဆိုပါတော့။ သူတို့ပိုလျှံလာပါပြီ။ အစိုးရဆီက အိမ်ခန်းလေးကို အရစ်ကျနဲ့ဝယ်နိုင်ပြီး၊ ဟောလီးဒေးရရင် ဟိုဟိုဒီဒီ ခရီးထွက်ကြပြီ။ ဒါကြောင့် ခုနေခါ ခရီးထွက်ရင် ဟိုတုန်းက ရှန်ဟဲ-ဘီဂျင်း-ကွမ်ကျိုး လောက်တောင်မရောက်ဖူးတဲ့တရုတ်တောသားတွေ ဟာဝိုင်ယီမှာ- LAမှာ- ဖူးခက်မှာ- တိုကျိုမှာ ဟောင်ဖွာ ဟောင်ဖွာ ဆူညံဆူညံ နဲ့ မတွေ့ချင်မှ အဆုံး။
ဒီလိုဆိုရင် အားလုံးအဆင်ပြေနေတော့ လာဘ်ပေးလာဘ်ယူမရှိဘူးလား။ ရှိပါသော်ကော. လူတွေပဲ လောဘနဲ့ ပုထုဇဉ်တွေပဲ၊ လစ်ရင် လစ်သလို စားကြ ၀ါးကြတာပေါ့။ အဲ.. မိပြီဆိုရင်တော့ သူတို့ ဥပဒေက တင်းကြပ်ပြတ်သားတယ်၊ သေဒဏ်ပဲ။ စားဝတ်နေရေးကလည်း အတော်လေးအဆင်ပြေနေပြီ လာဘ်စားလို့ မိရင် လည်းမချောင်ဘူး၊ သေဒဏ်ဆိုတော့ တော်တော့်စွန့်စားမှုနဲ့ လာဘ်မစားရဲကြတော့ပါဘူး။ အသက်နဲ့ရင်း၊ ဘ၀နဲ့ ရင်းပြီး လာဘ်စားဖို့ ဆိုတာ…..။
တိုင်းပြည်နဲ့ စီးပွားရေးကလည်းမတိုးတက်၊ အလုပ်အကိုင်ကလည်းရှား၊ တနေကုန်လုပ်လို့မှ ကျပ်ငွေ ၃၀၀၀ မရပေမယ့် ပီဇာတစ်ခု တစ်သောင်းကျော်၊ ဒန်ပေါက်တစ်ပွဲ ၂ ထောင်ကျော်၊ တုပ်ကွေးလေးဖြစ်လို့ ဆေးခန်းသွားပြတော့ ၂ ထောင်၊ ဟိုနားဒီနား မတတ်သာလွန်းလို့ တက္ကစီလေးတားစီးတော့ ထောင့်ငါးရာ နှစ်ထောင်၊ ရတဲ့လခလေး ဆီဖိုး ဆန်ဖိုး အကြွေးဆပ်ပြီး ကိုင်စရာဘာငွေစက္ကူမှ မရှိတော့တဲ့ ဆင်းရဲသား အများစုကြီးရှိတဲ့ နိုင်ငံမျိုးမှာ တနေ့တည်း သိန်းရာနဲ့ ထောင်နဲ့ချီပြီး ပကာသနအလှူကြီး ၀ှဲချီးကျင်ပနေတာတွေ မပပျောက်သေးသရွေ့။ “လာဘ်ပေးလာဘ်ယူ ပပျောက်ရေး” ဆိုတာ လူကြားကောင်းရုံနဲ့ စိတ်ကူးယဉ်ကောင်းရုံပဲ ရှိမှာပါ။ အရင်အစိုးရလက်ထက်က မဟာပညာကျော် များကတော့ “၃ သိန်းမကျော် လာဘ်မခေါ်” လို့ သတ်မှတ်ခဲ့တယ်။ ခု အစိုးရသစ်လက်ထက်မှာ ကျပ်ဘယ်နှသိန်း ကျော်မှ ‘လာဘ်’ လို့ခေါ်မလဲဆိုတာ သိချင်စမ်းပါဘိ။ တတက်စားလည်းကြက်သွန်၊ နှစ်တက်စားလည်းကြက်သွန် ဆိုတဲ့စကား ကြား ဖူးရင်ဖြင့် လာဘ်ဆိုတာ အနံ့တောင်ခံကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။
လာဘ်ပေးလာဘ်ယူ ကင်းရှင်းတဲ့ နိုင်ငံတော်ကြီး မြင်စမ်းပါရစေ။ ။