တူမောင်ညို - နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကာချုပ် သင့်မြတ်ရေးလမ်းပေါ် ဘယ်လို လျှောက်လှမ်းကြမလဲ
(မိုးမခ) ဧပြီ ၆၊ ၂၀၁၆
(မိုးမခ) ဧပြီ ၆၊ ၂၀၁၆
“နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ” အတည်ဖြစ်သွားပြီလို့ သဘောပိုက်ထားကြပါစို့။
ဘာလို့လဲ၊ သမ္မတ လက်မှတ်ထိုးပြီး ထုတ်ပြန်ဖို့ပဲ ကျန်တော့တာ မဟုတ်လား။ သမ္မတကလည်း ဘာမှနှောင့်နှေးနေစရာ အကြောင်း မရှိတော့ဘူး။ ဖြစ်နိုင်သမျှ လက်မှတ်အမြန်ဆုံးထိုးပြီး ဦးစားပေးထုတ်ပြန်မှာပဲ မဟုတ်လား။
“မေတ္တာနဲ့ရင်ကြားစေ့သင့်မြတ်ရေး”စကားတွေ ပါးစပ်ကတဖွဖွပြောနေကြရင်း လက်တွေ့မှာတော့ “နိုင်ငံတော်၏ အတိုင်ပင် ခံ ပုဂ္ဂိုလ်ဆိုင်ရာဥပဒေ” ကို အကြောင်းပြုပြီး အဖုအထစ်၊ အကျိတ်အခဲတော့ ဖြစ်ခဲ့ကြပြီ။
“အိုးတော်လုပ် ဖုတ်ရင်းက မကျက်” ဆိုတာ လိုဖြစ်ခဲ့ကြရပြီ။
ဒါဟာ ၂၀၀၈ အခြေခံဥပဒေရဲ့ သန္ဓေပါ အကြပ်အတည်းတွေ၊ ကမောက်ကမနိုင်မှုတွေကို တဆင့်တိုးပြီး ဖော်ပြနေတာပါ။
“ပုဂ္ဂိုလ်ရေးကန့်သတ်တားဆီးပိတ်ပင်မှု” ကို “ပုဂ္ဂိုလ်ရေးဥပဒေပြုချက်” နဲ့ ကျော်လွှားတယ်။ ဒါဟာ ၂၀၀၈ အခြေခံဥပဒေ က ဖိတ်ခေါ်လာတဲ့ လက်တွေ့ပြဿနာတွေထဲ တစ်ခုပဲဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေတည်မြဲနေသမျှ ဒီလို ကမောက် ကမမှုတွေ၊ အကြပ် အတည်းတွေ မျိုးစုံတွေ့နေကြရမှာပါ။
နောင်မှာ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာနိုင်တဲ့ လွှတ်တော်တွင်းအကြပ်အတည်း၊ ဥပဒေ ဆိုင်ရာအကြပ်အတည်းတွေမှာ အခုလောလောဆယ်ခန့်လိုက်တဲ့ “ရှေ့နေချုပ်” က ဒီချုပ်ပါတီအတွက် ထိုက်ထိုက်တန်တန် အသုံးဝင်နိုင်ပါ့မလား။
အခုတော့ နိုင်ငံတော်ရဲ့အထက်က “အတိုင်ပင်ခံပုဂ္ဂိုလ်” နဲ့ နိုင်ငံတော်အစိုးရ လက်အောက်က “နိုင်ငံခြားရေးဝန်ကြီး” ဆို တဲ့ အတွဲအစပ်ကို ကျနော်တို့ ဘယ်လိုကွဲပြားအောင် စည်းသားကြမလဲ။ သမိုင်းမှာ မရှိဖူးသေးတဲ့ ထူးခြားတဲ့ မြန်မာ့နိုင်ငံ ရေး နှစ်ကိုယ်ခွဲ သရုပ်ဆောင်မှုတစ်ခုပါပဲ။
ကက်ဘိနက်အစည်းအဝေးနဲ့ (ကာလုံ) အစည်းအဝေးမတိုင်ခင်မှာ ကက်ဘိနက်နဲ့ (ကာလုံ) ကို အတိုင်အပင်ခံပုဂ္ဂိုလ်အဖြစ် အကြံပြု/ညွန်ကြားပြီး ကက်ဘိနက်အစည်းအဝေးနဲ့ (ကာလုံ) အစည်းအဝေးခမ်းမထဲမှာတော့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် သမ္မတကြီးရဲ့ အဆုံးအဖြတ်ကိုနာခံရမယ့်သဘော။ နိုင်ငံတော်သမ္မတကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီး ပြည်ပခရီးအတူ ထွက်ကြ တဲ့အခါ၊ နိုင်ငံတကာအစည်း အဝေးတွေတက်ကြရတဲ့အခါ ပြည်ပနိုင်ငံတွေက ဘယ်လို ကြိုဆိုကြရမလဲ။ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်ကို သမ္မတရှေ့ကထား မ လား/ သမ္မတနောက်က ထားရမလား။
“မဲခွဲဆုံးဖြတ်မည်ဆိုလျှင် ကျနော်တို့တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ကန့် ကွက်ပြီး မဲပေးခြင်းပြုမှာမဟုတ်ကြောင်း ထပ်မံတင်ပြပါတယ်” တဲ့။
“ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ” အပေါ်ထားတဲ့ “ကာချုပ်သဘောထား” ကို ကာချုပ်ကိုယ်စားလှယ်တွေရဲ့ ပါးစပ်ကနေ တဆင့်ကို ကျနော်တို့ ကြားသိခဲ့ကြရပြီ။
ဒီဥပဒေအပေါ် လွှတ်တော်ထဲမှာ ကာချုပ်ရဲ့ ကန့်ကွက်မှုကို ကာချုပ်ရဲ့ကိုယ်စားလှယ်စစ်ဗိုလ်တွေက နှစ်ကြိမ်နှစ်ခါ မတ်တပ် ရပ်ပြီး တမင်တကာထင်ရှားအောင် ပြသခဲ့ကြပြီ။ နောင်မှာ လွှတ်တော်တွင်း ဒီလိုမတ်တပ်ထရပ်မှုတွေကို ကျနော်တို့ ခဏ ခဏ တွေ့ကြရပါလိမ့်မယ်။ ထရပ်မှုတွေက ထွက်ခွာသွားမှု၊ ထွက်ခွာသွားမှုတွေကနေ ထကြွဆူပူသောင်းကျန်းမှုတွေအထိ တစတစ မြှင့်တက်လာလေမလား။
စစ်အုပ်စုက “နိုင်ငံတော်” ရဲ့အထက်မှာ၊ သူတို့ခေါင်းပေါ်မှာ သူတို့ကလွဲပြီး ဘယ်သူမှ ရှိစေချင်တာ မဟုတ်ပါ။
စစ်အုပ်စု ပြောနေတဲ့ “နိုင်ငံတော်” ဆိုတာကလည်း အရင်းစစ်တော့ “စစ်အုပ်စု” ဆိုတဲ့ စကားလုံးကို “နိုင်ငံတော်” ဆိုတဲ့ ဝေါဟာရနဲ့ လဲလှယ်သုံးစွဲနေခြင်းသာဖြစ်ပါတယ်။ တကယ်တော့ “နိုင်ငံတော်” ဆိုတဲ့ ဒင်္ဂါးပြားဟာ “စစ်အုပ်စုနဲ့ စစ်အုပ်စု အကျိုးစီးပွား” ကို ခေါင်းနဲ့ပန်းအဖြစ် ရိုက်နှိပ်ထားတာဖြစ်ပါတယ်။ “စစ်အုပ်စုနဲ့ စစ်အုပ်စုအကျိုးစီးပွား” ကို တစ်ခုစီ၊ တသီး တခြား ခွဲခြားပစ်လို့ မရနိုင်ပါဘူး။
၁၉၆၂ ကစပြီး ဒီနေ့အထိ “စစ်အုပ်စုနဲ့ စစ်အုပ်စုအကျိုးစီးပွား” ဟာ နိုင်ငံတော်ရဲ့အထက်မှာ၊ စစ်တပ်တစ်ခုလုံး ရဲ့အထက်မှာ၊ အခြေခံဥပဒေအပါအဝင် ဥပဒေအားလုံးရဲ့ အထက်မှာ မပြောင်းမလဲ တလျောက်လုံးတည်ရှိလာခဲ့တာဖြစ်ပါတယ်။
ဒီလိုတည်ရှိမှုရဲ့အထင်သာအမြင်သာဆုံး အချက် ၂ ချက်က
၁။ စစ်အုပ်စုဝင်တွေ ကျိကျိတက်တက်ကြွယ်ဝချမ်းသာသွားတာ။
၂။ တိုင်းပြည်နဲ့ ပြည်သူတွေ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲမွဲတေသွားတာ ပဲဖြစ်ပါတယ်။
စစ်အုပ်စုနဲ့စစ်အုပ်စုအကျိုးစီးပွားကို ခုတ်မောင်းစေသူဖြစ်တဲ့ “နံပါတ်ဝမ်း” အပြောင်းအလဲကတော့ နှစ်ပေါင်း ၆၀ ကျော် ကာ လအတွင်းမှာ တစ်ကြိမ်တစ်ခါပဲဖြစ်ဖူး ပါသေးတယ်။ ဗိုလ်နေဝင်းဆီကနေ ဗိုလ်သန်းရွှေဆီကို ပြောင်းသွားတာပါ။
စစ်အုပ်စု“နံပါတ်ဝမ်း” နေရာ ဗိုလ်သန်းရွှေဆက်ခံနိုင်စေဖို့အတွက် ပင်မအထောက်အကူဖြစ်တဲ့ အကြောင်းတရားဟာ “၁၉ ၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး”ဖြစ်ပါတယ်။ “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” က ဗိုလ်နေဝင်းကို နံပါတ်ဝမ်း ထား တဲ့ (မဆလ) စစ်အုပ်စုကို ကန့်လန့်ကာနောက်တွန်းပို့ခဲ့တယ်။ နိုင်ငံရေးသေတွင်းထဲတွန်းပို့ခဲ့တယ်။
ဒီအခါမှာ မြေးခွေးလိုအကြံများပြီး ကောက်ကျစ်လှတဲ့ဗိုလ်နေဝင်းဟာ “စောမောင် - ခင်ညွန့် အာဏာသိမ်းကြ” ဆိုတဲ့ အမိန့် နဲ့ ရုပ်သေးစစ်အုပ်စုသစ်ကို မတတ်သာပဲ ပွဲထုတ်လာခဲ့ရတာဖြစ်တယ်။ ဒီမိုကရေစီအရေးတော်ပုံကြီးနဲ့ မောင်းတင်ထားတဲ့ ပြည်သူတွေ ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ဗိုလ်နေဝင်းရဲ့ (တစည) တဖြစ်လည်း (မဆလ) ပါတီကို အလဲထိုးပစ်လိုက်ပြန်တယ်။
ဒီအခါမှာ ကန့်လန့်ကာနောက်ကွယ်က ဗိုလ်နေဝင်း ဟာ “အနိုင်ရပါတီကို အာဏာအပ်ပြီး စစ်တပ်က စစ်တန်းလျားပြန်မယ်” လို့ ကတိပေးမိတဲ့ သူတင်ထားတဲ့ စစ်ကဲ ဗိုလ်စောမောင်ကို “ရုပ်သေးကာချုပ်”အဖြစ်ကနေ မဖြစ်မနေဖယ်ရှားပြီးတဇာတ် သိမ်းပစ်လိုက် ရပါတော့တယ်။ ဗိုလ်စောမောင်အဖြစ်က ကြေကွဲစရာပါ။ ရုပ်သေးကာချုပ်တစ်ဦးရဲ့ မလှပတဲ့ဇာတ်သိမ်း တစ်ခုပေါ့။ ဗိုလ်နေဝင်းတင်ခဲ့သမျှ ကာချုပ်တွေထဲမှာ “သူရဗိုလ်တင်ဦးနဲ့ ဗိုလ်စောမောင်” တို့ဘဝဟာ တကယ့်ရေပွက်ပမာ ပါပဲ။
ဒီအကြောင်းအချက်တွေက ဗိုလ်သန်းရွှေကို မရွယ်ပဲ စော်ကဲမင်းဖြစ်လာစေခဲ့တာပါပဲ။
ဒီကိစ္စတွေကို ဗိုလ်နေဝင်းဟာ သူ့လက်စွဲတော် လက်မရွံ့ဗိုလ်ခင်ညွန့်နဲ့ ထောက်လှမ်းရေးယန္တယားကိုကိုင်ပြီး ထင်တိုင်းကြဲနိုင် ခဲ့တာဖြစ်ပါတယ်။ ဗိုလ်ခင်ညွန့်နဲ့ သူ့ထောက်လှမ်းရေးဂိုဏ်း အင်မတန်ဓားထက်ပြီး မောက်မာဝင့်ဝါတဲ့ ကာလတွေပဲဖြစ်ပါ တယ်။ ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့ နိုင်ငံရေးအရ၊ အသက်အရွယ်အရ အညွန့်တုံးနေပြီဖြစ်တဲ့ ဘယ်လိုမှ မလူတော့တဲ့ ဗိုလ်နေဝင်း အခန်းကုန်ဆုံးသွားပြီဆိုတာကိုသိနေတဲ့ ဗိုလ်သန်းရွှေဟာ အကွက်ကောင်း စောင့်နေခဲ့တယ်။
ဗိုလ်ခင်ညွန့်နဲ့ ထောက်လှမ်းရေးဂိုဏ်းကို ဖြိုလှဲပြီး ပြိုင်ဘက်မရှိ “နံပါတ်ဝမ်း” ဖြစ်လာခဲ့တော့တယ်။ ဒါဟာ စစ်အုပ်စုတွင်း မင်းပြောင်းမင်းလွှဲလုပ်တဲ့ ပုံစံပဲ။ စစ်အုပ်စုတွင်းအာဏာသိမ်းပွဲပဲ။ စစ်အုပ်စု “နံပါတ်ဝမ်း” ကို ဖြုတ်ပယ်နိုင်သူဟာ နံပါတ်ဝမ်း ဖြစ်လာတာပဲ။ “နံပါတ်ဝမ်း” ဖြစ်လာသူဟာ စိတ်ကြိုက် “ကာချုပ်” ခန့်နိုင်တာပဲ မဟုတ်လား။ “သြဂုတ်လ ၁၂ ရက်ဖြစ်ရပ်” ကိုပဲကြည့်လေ။ “နံပါတ်ဝမ်း” အမိန့်မပါခဲ့ရင် ဗိုလ်ရွှေမန်းကို ဘယ်သူ မီးသေနိုင်ပါ့မလဲ။
အခု ဗိုလ်သန်းရွှေ နေဝင်ချိန်ရောက်နေပြီ။
အမှည့်လွန်ပြီး ပုပ်နေပြီလို့တောင်ပြောရင်ရတယ်။
လက်ရှိကာချုပ်နဲ့ဒုကာချုပ်က သူ့တို့ ပင်စင်သက်တမ်းတိုးထားရတယ်။ ဘယ်အထိ ဆက်တိုးမလဲ။ ဗိုလ်သန်းရွှေ တိုးနည်းတိုး မရဘူးလို့ထင်ရတာပါပဲ။ ဒါပေမယ့်“စစ်ဥပဒေ”ဆိုတာကလည်း စစ်ဗိုလ်ပါးစပ်ထဲက ထွက်သမျှ စကားပဲဆိုတော့။ အခုချိန် မှာ စစ်အုပ်စု နဲ့ စစ်အုပ်စုအကျိုးစီးပွားကို ထိန်းသိမ်းရမယ့် စစ်အုပ်စုပဲ့ကိုင် “နံပါတ်ဝမ်း” ဖြစ်ချင်သူတွေ မနည်းပါဘူး။
ဒီတော့ “နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ” ဟာ “နံပါတ်ဝမ်း” ဖြစ်ချင်သူတွေအဖို့ “ကြွက်သေတစ်ခု” ဖြစ်နေပါ တယ်။
သေချာပေါက်ပြောလို့ရတာတော့ ကာချုပ်ရဲ့စစ်ဗိုလ်များဟာ လွှတ်တော်ထဲမှာ အတိုက်အခံပါတီအဖြစ် ပီပီပြင်ပြင် အသုံး တော်ခံကြလိမ့်မယ်။ လှည်းပုံတောင်း (ပတောင်း) ထဲ သဲပက်တဲ့ အလုပ်တွေလုပ်ကြလိမ့်မယ်။ အစိုးရထဲမှာလည်း လုပ်မှာပဲ။ ဥပဒေပနည်း တွေနဲ့လည်း အဖျက်အမှောင့်လုပ်ငန်းမျိုးစုံလုပ်မှာပဲ။ ဒါ့အပြင် လွှတ်တော်ထဲက စစ်ဗိုလ်များရဲ့ ခြေကြိုခြေကြား မှာ ကြံ့ဖွံ့ပါတီ၊ (တစည) ပါတီနဲ့အခြား နောက်ပါနောက်လိုက်ပါတီငယ်တွေရဲ့ကိုယ်စားလှယ်တွေကို တွေ့ကြရတဲ့အခါ မအံ့ သြကြပါနဲ့။
Photo credit : Reuters