Quantcast
Viewing all articles
Browse latest Browse all 9633

တူမောင်ညို - နိုင်ငံရေးအကျဉ်းသား (တစ်ယောက်မကျန်) အားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး

Image may be NSFW.
Clik here to view.
Photo - Mizzima

တူမောင်ညို  - နိုင်ငံရေးအကျဉ်းသား (တစ်ယောက်မကျန်) အားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး
( မိုးမခ)  ဧပြီ ၈ ၊ ၂၀၁၆


“နိုင်ငံရေးအကျဉ်းသားတွေ” လွှတ်ပေးတော့မယ်ဆိုတဲ့ သတင်းစကားဟာ အင်မတန်နားဝင်ပီယံဖြစ်စေတဲ့ သတင်းစကားပါ။ လက်တွေ့ လွတ်မလာသေးတာ ခဏထားလိုက်ပါအုံး။ ဒီစကားဟာ အင်မတန်မင်္ဂလာပါရှိပါတယ်။ ကာယကံရှင်တွေ၊ မိသားစုတွေနေရာ ကနေ ကိုယ်ချင်းစာကြည့်မိပါတယ်။

အရင်အစိုးရ (ဦးသိန်းစိန်ကြံ့ဖွံ့ပါတီအစိုးရ) လက်ထက်မှာ “အကျဉ်းသားတွေ” အကြိမ်ကြိမ်အလီလီ ခွဲပြီး လွှတ်ပေးဖူးပါတယ်။ ဒီလို “လွှတ်ပေးတယ်” ဆိုတာ စေတနာရှိလွန်းလို့ မဟုတ်ဘူး။ စုဗူးထဲစုထားတာတွေကို အလီလီထုတ်ပြီး အသုံးချတဲ့ သဘော သာဖြစ် တယ်။ “နိုင်ငံရေးအကျဉ်းသား” ဆိုတာကို လုံးဝ အသိအမှတ်မပြုဘူး။ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်လို့ ဖမ်းဆီးထိန်း သိမ်းခံ ထားရသူတွေဆိုပြီး “ခိုးဆိုးလူသတ်မုဒိန်းရာဇဝတ်သားတွေ” နဲ့ တတန်းထဲ၊ တသဘောထဲထားခဲ့တာပါ။ လွှတ်ပေးပုံပေးနည်းကလည်း ပြစ်မှုကြွေးကျန်ဆိုတဲ့ နှောင်ကြိုးတဲပြီးလွှတ်နည်းမျိုးနဲ့လွှတ်ပေးတာပါ။

အကျဉ်းကျခံနေရသူကို “လွှတ်ပေးတော့မယ်” လို့ ပြောဆိုပြီး ဘူးဝထိခေါ်လာပြီးမှ နောက်မှုစွဲပြီးထောင်ပြန်ချတာ၊ ထောင်အပြင်တည်းခိုခန်းထိ လိုက်ပို့ပြီး အဲဒီကနေ ပြန်ဖမ်းထောင်ပြန်ချတာ စသဖြင့် အင်မတန်ယုတ်မာတဲ့နည်းတွေသုံးခဲ့ကြတယ်။ “လွှတ်ပေးမယ်” ဆိုတာကို စိတ်ပိုင်းဆိုင်ရာညှင်းပမ်းတဲ့နည်း (torture)အဖြစ် နဲ့ ကာယကံရှင်နဲ့ မိသားစုအပေါ်မှာ အညှိုးတကြီးနဲ့ ကျင့်သုံးခဲ့တာပါ။ အခုနောက်ပိုင်းမှာဆိုရင်လည်း (သာယာဝတီ) “ရုံးထွက်/ရုံးချိန်းတွေ” ကို ဒီလိုစိတ်ပိုင်းဆိုင်ရာညှင်းပမ်းတဲ့နည်း (torture) အဖြစ်ကျင့်သုံးလာပါတယ်။ အင်မတန်ကောက်ကျစ်ယုတ်မာတဲ့လုပ်နည်းပါ။ သမဂ္ဂကျောင်းသားလူငယ်တွေအပေါ် အညှိုး အာဃာတ အင်မတန်ကြီးမားတဲ့ အစိုးရဖြစ်ပါတယ်။

လွှတ်ပေးတဲ့ အရေအတွက်ဘက်မှာကြည့်ပြန်တော့ ခိုးဆိုးလူသတ်မုဒိန်းကောင်ရာဇဝတ်သားတွေ အမြောက်အများအပေါ်မှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်ကို နှမ်းဖြူးသလို ဖြူးပြီးလွှတ်ပေးတာပါ။ ဒါဟာ ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရရဲ့ “နိုင်ငံရေး အကျဉ်းသား တွေ” အပေါ်ထားရှိတဲ့သဘောထားနဲ့ လုပ်နည်းလုပ်ဟန်ဖြစ်ပါတယ်။ “နိုင်ငံရေးအကျဉ်းသားတွေ” အပေါ် ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ ထားရှိ တဲ့ စေတနာပဲ ဖြစ်ပါတယ်။ ဒီလို စေတနာဆိုးယုတ်အပေါ်ကို “အပြုသဘောဆောင်တဲ့လုပ်ရပ်အဖြစ် ကြိုဆိုခဲ့ကြရတာ” ကလည်း အင်မတန်မှ ခါးသီးနားကျည်းဖွယ်ရာပါ။ မမေ့ကောင်းစရာ အတိတ်ပါ။ ကမ္ဘာမကြေစရာပါ။

အခု ဦးထင်ကျော် ဒီချုပ်အစိုးရပေါ်လာတာရက်သတ္တပတ်သားရှိပါပြီ။

ဒီရက်ပိုင်းမျှကာလလေးအတွင်း “နိုင်ငံရေးအကျဉ်းသားတွေ” လွှတ်ပေးလိမ့်မယ်/လွှတ်ပေးတော့ ဆိုပြီး ထက်ထက်သန်သန် မျှော်လင့်တောင့်တ စောင့်စားခဲ့ကြတာပါ။ အခုဒီဆန္ဒတွေ ပြည့်ဝလာနိုင်တော့မယ့် အရိပ်လက္ခဏာကို မြင်တွေ့နေရပါပြီ။

ဧပြီလ ၇ ရက်၊ ရက်စွဲနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး "ကြေညာချက်အမှတ် ၁/၂၀၁၆ "ဆိုတာ ထွက်လာပါတယ်။ မကြာခင် မြန်မာ့နှစ်သစ်ကူးကိုကြိုဆိုမယ့် သင်္ကြန်မိုးနဲ့အတူ၊ တခဲနက်ပွင့်နေတဲ့ ပိတောက်ပွင့်ဝါဝါတွေနဲ့အတူ ပေါ်လာတဲ့ကြေညာချက် ပါ။ စိတ်လှုပ်ရှားမှုနဲ့အတူ ဝမ်းမြောက်ဝမ်းသာကြိုဆိုရမယ့် ကြေညာချက်ပါ။ ကြေညာချက်ရဲ့ ဆန္ဒပိုင်းနဲ့လက်တွေ့ပိုင်းကို လေ့လာကြည့် ပါအုံးစို့။

ဆန္ဒပိုင်းလို့ ပြောရမယ့် ကြေညာချက်အမှတ် (၁/၂၀၁၆) မှာ ဖော်ပြပါရှိတဲ့ စကားလုံးအသုံးအနှုန်းတွေ၊ သဘောထားပုံတွေက ကျေနပ်စရာပါ။ ပေါ်လွင်အောင် ကောက်နုတ်ပြပါရစေ
"နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊နိုင်ငံရေးနဲ့ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရသောကျောင်းသား ကျောင်းသူများလွတ်မြောက်ရေး” တဲ့။
“ ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ပါသည်”
"ဆောင်ရွက်နိုင်ရန် နည်းလမ်းသုံးသွယ်ရှိသည် "တဲ့။
"အမြန်ဆုံးလွတ်မြောက်ရေးအတွက်---ယင်းနည်းလမ်းများကို အသုံးပြု၍ --- ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း"တဲ့။

ဒီစကားလုံး ဒီအသုံးအနှုန်း၊ ဒီသဘောထားတွေကိုကြည့်ရင် ယခင် ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရနဲ့ထားတဲ့သဘောထားနဲ့ မိုးနဲ့မြေလို ကွာခြားနေတာကိုသတိပြုမိကြမှာပါ။ “နိုင်ငံရေးအကျဉ်းသား” လို့ ထိုက်ထိုက်တန်တန်အသိအမှတ်ပြုထားတာတွေ့ရပါတယ်။ သူခိုးဂျပိုး လူသတ်မုဒိန်းကောင်တွေနဲ့တန်းတူသဘောမထားဘူး။ “ပြစ်မှုနှောင်ကြိုးတဲပြီး” လွှတ်ပေးတဲ့ လွှတ်ပေးနည်းမျိုးလည်း မဟုတ်နိုင်ဘူး လို့ ယူဆရပါတယ်။ ယခင် ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရလွှတ်နည်းနဲ့ သဘောထားရောလုပ်ဟန်အရပါ ပြတ်ပြတ်သားသားခြားနားတဲ့လွှတ်ပေး နည်းဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်။

ဒီအချက်တွေအရ ဒီကြေညာချက်ကို ကျနော်တို့ ပဏာမအနေနဲ့ ခရီးဦးကြိုဆို ကြရမှာပါ။

ဆန္ဒပိုင်းပြီးတော့ ပကတိပိုင်းလက်တွေ့ကို ကြည့်ပါအုံးစို့။

နိုင်ငံရေးအကျဉ်းသားလွှတ်ရေးဟာ အစိုးရရဲ့လုပ်ငန်းတာဝန်ပါ။ တိတိကျကျသဘောနဲ့ပြောရရင် ဒီကိစ္စကို ကိုင်တွယ်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့လုပ်ငန်းတာဝန်ဖြစ်ပါတယ်။ လက်တွေ့အကောင်အထည်ဖော်မှာကတော့ အကျဉ်းဦးစီးဌာနဖြစ်ပါလိမ့်မယ်။

အခုပထမတွေ့ရတဲ့ ခြေလှမ်းက “နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး” ရဲ့ကြေညာချက်သာဖြစ်ပါသေးတယ်။

ဦးထင်ကျော် ဒီချုပ်ပါတီ အစိုးရရဲ့ ကြေညာချက်၊ ခိုင်ခံ့တဲ့ပြောဆိုမှုတွေ (ယခုဆောင်းပါးရေးနေချိန် - ၈ ဧပြီ - နံနက် ၁၀ နာရီထိ) မရှိသေးပါဘူး။ ဒါကြောင့် အစိုးရသစ်ရဲ့ ခိုင်မာတိကျတဲ့ကြေညာချက် (ဝါ) ထုတ်ဖော်ပြောဆိုချက်ရှိဖို့လိုပါတယ်။ သဘောထားနဲ့ စိတ်ဆန္ဒကိုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကြေညာချက်မှာအထင်အရှားတွေ့မြင်နေရပါပြီ။ ထင်ရှားတဲ့သူ့ပြောစကားတစ်ခုက လည်း ဒီနေရာမှာ ကိုးကားဖို့ အဆီလျော်ဆုံးဖြစ်နေပါတယ်။

"နိုင်ငံရေး အကျဉ်းသားတယောက်ကျန်နေသေးရင်တောင် အတော်များလှပြီ" (ဒေါ်အောင်ဆန်းစုကြည်)

ဒီစကားနဲ့ဒီသဘောထားက “နိုင်ငံရေးအကျဉ်းသား” (တစ်ယောက်မကျန်) အားလုံး၊ ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရမယ် ဆို တာကို အတိအကျဖော်ပြနေတဲ့ သဘောထားပဲ ဖြစ်ပါတယ်။ ဒီလို လွှတ်ပေးဖို့လည်းလိုအပ်ပါတယ်။

“နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး”ကြေညာချက်ထဲမှာ ဖော်ပြထားတဲ့နည်းလမ်းသုံးသွယ်အနက် နည်းလမ်းနှစ်သွယ်နဲ့ [အပိုဒ် ၁ ၊ အပိုဒ်ခွဲ (က) နဲ့ (ခ)] လွတ်မြောက်ရေးကိုဆောင်ကျဉ်းပေးနိုင်မယ်/ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လို့ ရှင်းလင်းခွဲခြားဖော်ပြ ထားတာကိုလည်း အထူးသတိပြုမိပါတယ်။

(ကာလုံ) မှာရှိတဲ့မဲအရေအတွက်အရ လွှတ်မပေးနိုင်မှာကိုမပူနဲ့ (ကာလုံ) နဲ့ ညှိစရာမလိုတဲ့နည်းနဲ့ လွှတ်ပေးမယ်လို့ ပြောချင် တာလို့လည်းယူဆမိပါတယ်။ဒီတော့လက်တွေ့ဖြတ်သန်းမှုနဲ့ချိန်ထိုးကြည့်လိုက်ရင်"နိုင်ငံရေးအကျဉ်းသား မရှိ"လို့ တလျှောက်လုံး အသေ ဆုပ်ကိုင်ထားတဲ့ ယခင်ဦးသိန်းစိန်အစိုးရရဲ့ ရပ်တည်ချက်သဘောထားအတိုင်း ပြည်ထဲရေးဝန်ကြီးဌာနက ဆက်လက်စွဲကိုင်ထားသေး သလား။

“နိုင်ငံရေးအကျဉ်းသားမရှိ” ဆိုတဲ့ သဘောထားရပ်တည်ချက်ကို ပြည်ထဲရေးဝန်ကြီးဌာနက ဆက်လက်စွဲကိုင်ထားသေးတယ် ဆိုရင် ယခုဦးထင်ကျော် ဒီချုပ်ပါတီ အစိုးရသစ်နဲ့ ဘာတွေ ညှိနှိုင်းစရာရှိနေအုံးမှာလဲ။

“နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်”ကအကြံပြုပြီး၊ နိုင်ငံတော်သမ္မတက နိုင်ငံရေးအကျဉ်းသားလွှတ်ပေးဖို့ အမိန့် (သို့မဟုတ် ) ညွန်ကြားချက်ပေးလာတာကို ပြည်ထဲရေးဝန်ကြီးက ငြင်းဆန်နေရင်/အချိန်ဆွဲနေရင် ဘယ်လိုဆက်လုပ်ကြမလဲ။ ဒါတွေဟာ ပကတိ လက်တွေ့ပိုင်းကနေ စောကြောမိတာတွေပါ။

လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ "နိုင်ငံရေးအကျဉ်းသား” ဖြစ်ခဲ့ဖူးသူ ၁၁၈ ဦး "ပါဝင်တယ်လို့ (AAPP) ကဖော်ပြ ထားပါတယ်။ လွှတ်တော်အရိပ်ထဲကသူတို့ဟာ အကျဉ်းထောင်တွေထဲမှာရှိနေတဲ့ သူတို့ဘဝတူ ရဲဘော်ရဲဘက်တွေအတွက် ဂုဏ်သိက္ခာ ရှိတဲ့ လွတ်မြောက်ရေးကို အမှန်တကယ်ဆောင်ကျဉ်းပေးလာနိုင်မှာပါ။
နိုင်ငံရေးအကျဉ်းသား (တစ်ယောက်မကျန်) အားလုံး၊ ခြွင်းချက်မရှိ ချက်ချင်းလွှတ်မြောက်ရေးသို့

ညွန်း
ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက် ( ၁၆ ဇွန် -၂၀၁၂ အော်စလို နော်ဝေ )
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ၊ ကြေညာချက် အမှတ် ၁/၂၀၁၆ (၇ ဧပြီ ၂၀၁၆)



















Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>