ဆောင်းယွန်းလ - “အရင်ကလို အရင်မလိုတော့ဘူးဆိုရင်”
(မိုးမခ) ဧပြီ ၁၃၊ ၂၀၁၆
ငါ့မှာ… နှစ်ပေါင်းများစွာ
ဒီသီချင်းကို တရားနာသလိုနာခဲ့ရ…
တရေးနိုးတိုင်း ပြန်အိပ်မရခဲ့တဲ့ ညနက်တွေနဲ့
တရေးမှမပျော်ပဲ ပြန်နက်ခဲ့ရတဲ့ ညနက်တွေမှာ
အပျံသင်စ အပျံခက်တဲ့ ငှက်ကလေးတကောင်လို
အပြန်ခက်ခဲ့တဲ့ အပြန်လမ်းကို မျှော်ရင်းငေးရင်း
အဲဒီသီချင်းထဲကို သွင်းထားခဲ့မိတဲ့ အတွေးဟာ
တဖြေးဖြေး အက်ကြောင်းထပ်လာခဲ့ရ….
ပြန်နှုတ်မရတဲ့ စိတ်ထဲကို
တဘ၀လုံးစာရဲ့ဒဏ်ရာတွေပေါင်းထည့် မိတော့
စိတ်ရောကိုယ်ပါ ထောင်းထောင်းကြေခဲ့မိဖူးပါရဲ့…
ဒီလိုနဲ့
ပြန်ဖမ်းလို့မမိတော့တဲ့ နှစ်ကာလတွေကို
တရံရောအခါက နာဂစ်ထဲလွှဲထည့်ပေးလိုက်မိသလို
တရာသီသောအခါက ဆူနာမီထဲလွှဲထည့်ပေးလိုက်မိပါရဲ့ …
အခုတော့…
ငါ့ညတွေမှာ
အရင်နဲ့မတူတဲ့ သီချင်းသံကို ကြားရသလို
အရင်လိုမဟုတ်တဲ့ သတင်းတပုဒ်ကို ကြားရတယ်
ငါ့စိတ်ထဲကို ဖြတ်ကူးသွားတဲ့
လေယာဉ်ပျံရဲ့အသံဟာ အရင်လိုတ၀ီးဝီးမညံတော့ဘူး…
အရင်လိုမဟုတ်တဲ့ အခုလို ညတွေမှာ
ဘာကို အရင်လိုရဦးမှာလဲ….
ပိတ်ထားတဲ့ တံခါးတွေကိုဖွင့်ပြီး အိပ်မယ်ဆိုရင်
စိတ်ချလက်ချ အိပ်ပျော်နိုင်သလို
ဖွင့်ထားတဲ့ တံခါးတွေကိုပိတ်ပြီး အိပ်မယ်ဆိုရင်လည်း
စိတ်ချလက်ချ အိပ်ပျော်နိုင်တယ်…။
ဆောင်းယွန်းလ (ဧပရယ် ၁၁ရက်၊၂၀၁၆)