မိုးကျော်ဇင် - စစ်ပွဲ
(မိုးမခ) ဧပြီ ၁၅၊ ၂၀၁၆
ဆောင်းနှင်းထုထည်က ပဲခူးမြစ်ပြင်ပေါ် အလျားလိုက် တွဲခိုနေသည်။ မြစ်ဘေးကို မေးတင်ထားသည့် ရွာကလေးက ဆောင်းအေးအေးကြောင့် သွေးလေးလံနေပုံရဧ၊၊်။ တိတ်ဆိတ်နေဆဲ။
ကျွန်တော်က ဆိပ်ခံတံတားသွယ်သွယ်လေးအတိုင်း ဆင်းခဲ့သည်။ ရေကျနေချိန် မို့ ဆိပ်ခံတံတားသည် မြစ်ထဲ ရေငုံ့သောက်နေသည့် ကုလားအုတ်တစ်ကောင်၏ လည်တံရှည်ကြီးလို။ မော်တော်ပေါ် ရောက်တော့လည်း တိတ်ဆိတ်ခြင်းက အိပ်ယာမထသေး။ အဖြူ အစိမ်းပေါ် ဂျာကင်ထပ်ဝတ်ထာသည့် အမျိုးသားတစ်ဦးသာ ရောက်နေနှင့်ဧ၊၊်။ လက်ဆွဲ အိတ်ကို ပေါင်ပေါ်တင်ထိုင်နေသည်။ မော်တော်မောင်းဆရာက စောင်တစ်ထည်နှင့် ပုစွန်ထုပ်ကွေးနေသည်။
နှင်းစက်တွေ ပက်ထားပုံရသည့် စိုထိုင်းထိုင်းခုံရှည်တစ်ခုမှာ ကျွန်တော် ထိုင်ချ လိုက်ဧ၊၊်။ အဖြူအစိမ်းဝတ်ပုဂ္ဂိုလ်နှင့်လည်း စကားမပြောမိ။ အပြုံးချင်း မဆုံမိ။ ဆုံစရာ အ ကြောင်းလည်း မရှိ။ ကျွန်တော်က သည်ရွာမှာ ဧည့်သည်တစ်ယောက်သာ။ ကံကြမ္မာဇာတ်ညွှန်းအရ အစ်ကိုတစ်ယောက်နှင့်ပတ်သက်ပြီး သည်မြစ်ကြီးဘေးမှာ သောင်လာတင်နေသူ ။ စနေ၊ တနင်္ဂနွေများမှအပ သည်မော်တော်ကို စီးလျက် တစ်ဖက်ကမ်း ကျွဲကူးဆိပ်ကို ကူး ရသည်။ ထိုမှ ဂဝံလမ်းကြမ်းကြီးအတိုင်း ခြေလျင်လျှောက်၊ ဘူတာ သို့မဟုတ် ကားဂိတ်သို့ သွား၍ ရန်ကုန်အထိ ခရီဆက်သည်။ညနေမှာတော့ ရထားဖြင့်ပြန်စီးလာ၊ လမ်းလျှောက် ၊ ကျွဲကူးဆိပ်မှတစ်ဆင့် သည်မော်တော်ဖြင့် ရွာကလေးဆီ ပြန်လာ။ သည်ခရီးစဉ်အတိုင်း ကျွန်တော့်နေ့ရက်တွေ လနှင့်ချီ ရှည်လျားနေခဲ့၏။
ကျွန်တော် ထိုင်နေပြီး မကြာမီ ဆိပ်ခံတံတားလေးအတိုင်း ဆင်းလာသည့် ခုံမြင့်ဖိ နပ်သံ တဒေါက်ဒေါက်ကို ကြားလိုက်ရသည်။ ကျောင်းဆရာမတစ်ဦးဖြစ်သည်။ အဖြူအစိမ်း ပေါ်မှာ ကုတ်အင်္ကျီထပ်ဝတ်ထားပြီး လက်ဆွဲခြင်းကို တစ်ဖက်ဆွဲလာသည်။ ဆင်းလာနေ ရင်း မော်တော်ထဲ လှမ်းကဲကြည့်ကာ ကျွန်တော့်ဘေးမှ ကျောင်းဆရာကိုမြင်သည်နှင့် ဆရာမမျက်နှာ ချက်ချင်း အသက်ဝင်သွားသည်။
"တကယ်ပဲ... ညက ဘယ်လိုမှ အိပ်လို့ကို မရဘူး၊ စိတ်တိုလိုက်တာ ..."
ဆရာမစကားကြောင့် ကျွန်တော် ကြောင်သွားသည်။ နိဒါန်းမပါ၊ ခြေဆင်းမပါ၊ ဆိုင်း မဆင့် ဗုံမဆင့်။ သို့သော် ကျွန်တော့်ဘေးမှ ကျောင်းဆရာကမူ ဆရာမ ချန်ထားခဲ့သော စကားလုံးတွေကို ကောင်းစွာ နားလည်နေသည်။ "အေးဗျာ .."ဟု သံရှည်လေးဆွဲ၍ ထောက်ခံသည်။ ဆရာမက မော်တော်အမိုးအောက် ဝင်လာရင်း စကားဆက်သည်။
"ကိုယ့်လူတွေ မကောင်းလို့ဆိုလည်း ထားပါတော့၊ ခုဟာက ဒိုင်ညစ်လို့ ဖြစ်ရတာ"
ကျောင်းဆရာက ဆရာမစကားကို ထောက်ခံဆွေးနွေးသည်။ နောက်ထပ်ရောက် လာသည့် ခရီးသည်တွေပါ စကားဝိုင်းထဲ ပါဝင်လာကြဧ၊၊်။ စောစောက တိတ်ဆိတ်နေခဲ့သည့် မော်တော်လေးသည့် မိနစ်အနည်းအငယ်အတွင်း စည်ကားရှုပ်ထွေး ဆူညံသွားလေသည်။
တကယ်တော့ သူတို့ ပြောနေကြသည်မှာ ဘောလုံးပွဲ တစ်ပွဲအကြောင်းဖြစ်သည်။ သည်လောက် အသည်းအသန် အရေးတယူပြောဆိုငြင်းခုံ ခံစားနေကြသောကြောင့် သည် ဘောလုံးပွဲသည် နိုင်ငံ့လက်ရွေးစင်အသင်း၏ ပွဲစဉ်တစ်ခုဟု မထင်မှတ်စေလိုပါ။ ဥရောပ ဖလား၊ ပရီးမီးယားလိဂ် စသည့် ပွဲစဉ်တွေလည်း မဟုတ်ပါ။ မနေ့ညနေ့က ကစားခဲ့သည့် သည်ရွာနှင့် အခြားတစ်ရွာတို့၏ဘောလုံးပွဲအကြောင်း ဖြစ်ပါသည်။ ကျွန်တော်နေသောအိမ်မှ ဦးလေးခေါ်၍ ကျွန်တော်လည်း ပွဲကြည့်ပရိသတ်နေရာမှ ပါဝင်ခဲ့သော ဘောလုံးပွဲလည်း ဖြစ်ပါသည်။
ဘောလုံးကွင်းမှာ တကယ်တော့ ဘောလုံးကွင်း မဟုတ်။ လယ်ကွက်နှစ်ကွက်ကို အလယ်ကန်သင်းဖြို၍ တစ်ကွင်းတည်းဖြစ်အောင် ဆက်စပ်ထားသော လယ်ကွက်ကျယ် ကြီးသာ ဖြစ်သည်။ မြက်ပင်စိမ်းစိမ်းဟူ၍ တစ်ပင်မျှ မရှိ။ လယ်ယာသုံးပစ္စည်းကိရိယာတွေ နှင့် ကြိုးစားညှိထားသော်လည်း မြေကမူတွေက အစွယ်ငေါငေါ မင်းမူနေကြဆဲဖြစ်သည်။
ဘောလုံးကစားကြပုံမှာ ဆရာကုသ၏"ဝီစီကိုင် "ဝတ္ထုတိုထဲကလောက် မဆိုး။ ပင် ကိုယ်အရည်အသွေး ရှိကြပုံ ပေါ်သော်လည်း မြေကမူတွေ ကြီးစိုးနေသည့် ဖုန်ထူထူကွင်းထဲ ဘယ်လိုမှ ကစားကွက် မဖော်နိုင်ရှာကြ။ ကွင်းလေးဘက် ဝိုင်းနေသည့် နှစ်ဖက်ရွာသားတွေ က နေပူထဲ အားတက်သရော အော်ဟစ်နေကြသည့်တိုင် ကျွန်တော့်အတွက် စိတ်ပျက်စရာ ဖြစ်နေသည်။ ကစားကွက်အရသာကို ဘယ်လိုမှ မခံစားရ။ သူ့ရွာအတွက် အားကြိုးမာန် တက် အော်ဟစ်နေသည့် ဦးလေးကို ထားရစ်ကာ ပွဲမပြီးမီ ကျွန်တော် ပြန်လာခဲ့ဧ၊၊်။ အခု တော့ မနေ့ညနေက ဘောလုံးပွဲသည် သည်မနက် မော်တော်ပေါ်မှာ အချိန်ပို ဆက်ကန်နေ ကြလေသည်။
သည်လူတွေမှာ ကမ္ဘာ့ဘောလုံးပွဲများနှင့် အကျွမ်းတဝင် ရှိပြီးသားများဖြစ်သည်။ မန်ယူ၊ အာကြီး၊ ရီရဲလ်၊ ဒိုလေးနှင့် မက်ဆီတို့အကြောင်းကို ဘောလုံးဆောင်းပါးရှင်တွေနီးနီး အာဂုံဆောင်နိုင်သူတွေလည်း ပါဝင်ပေလိမ့်မည်။သို့သော် သူတို့သည် မနေ့ညနေက ကစား ခဲ့သည့် ကျေးလတ်ဘောလုံးပွဲလေး၏ အရှုံးရလဒ်ကို ဘာကြောင့် ခံပြင်း ငြင်းခုံ အရသာခံ နေကြပါလိမ့်။ နိုင်ငံ့လက်ရွေးစင်အသင်း၏ ကမ္ဘာ့အဆင့်မှာ ၁၆၀ ဝန်းကျင်တွင် ရှိသော ကြောင့် သည်လို ကျေးလတ်ဘောလုံးပွဲလေးတွေ၏အဆင့်ကို အလွယ်တကူပင် မှန်းဆ နိုင်ပါသည်။သို့သော် သူတို့သည် မနေ့ညနေ ဘောလုံးပွဲမှ သူတို့ရွာအသင်းရလဒ်အတွက် ခံစားနေကြရသည်။
တကယ်တော့ ကျွန်တော်လည်း သူတို့နေရာမှာ ရှိခဲ့ဖူးသည်။ ကျွန်တော့် ဇာတိမြို့ ကလေးမှာ နေထိုင်ခဲ့ရသည့် အတိတ်နေ့ရက်များတွင် သတိရစရာတွေက ကောင်းကောင်း အိပ်မပျော်နိုင်ကြသေး။
ကျွန်တော်တို့ငယ်စဉ်က ကျွန်တော်တို့မြို့မှာ ရပ်ကွက်ဘောလုံးပြိုင်ပွဲတွေ နှစ်စဉ် ကျင်းပဖြစ်သည်။ ကျွန်တော်တို့ ရပ်ကွက်သည် မြို့ကလေး၏အစဉ်အလာရှိသော ဘောလုံးအသင်းတချို့ထဲ တစ်သင်း အပါအဝင်ဖြစ်ဧ၊၊်။ ကျွန်တော်တို့ရပ်ကွက်သည် မြို့စာရင်းအရသာ ရပ်ကွက်ဖြစ်သော်လည်း အသွင်သဏ္ဌာန်က ရွာတစ်ရွာထက် မပို။ ရွာလယ်ဘုန်းကြီး ကျောင်းမှာ ရပ်ကွက်ဘောလုံးပြိုင်ပွဲများမှ ငွေဒိုင်းဆုကြီး ၂ ခုကို ဂုဏ်ယူစွာ ချိတ်ထားသေး၏။
ကျွန်တော်တို့ရွာ ဘောလုံးကစားသည့် ညနေဆို ရွာလုံးကျွတ်နီးပါး ဘောလုံးကွင်းဆီ လိုက်အားပေးကြသည်။ ပရိသတ်အင်အားကို သေနတ်သံဖြင့် ထိန်းရန် စစ်သားတစ်ဦး အ သင့်ရှိနေရသည်။ ကျွန်တော်တို့ရွာအသင်းမှ ၁ ဂိုးသွင်းယူလိုက်လျှင် အောင်ပွဲခံပရိသတ်၏ခမောက်တွေ၊ ဖိနပ်တွေနှင့် တခြားလွှင့်ပစ်တင်နိုင်သမျှ အရာအားလုံး ဘောလုံးကွင်း ကောင်းကင်ပေါ် ဝဲပျံသွားကြလေ့ရှိဧ၊၊်။ ဘောလုံးကွင်းထဲအထိ ခုန်ပေါက်မြူးထူး အောင်ပွဲခံ ပရိသတ်ကြီးသည် စစ်သား၏မိုးပေါ်ထောင်ပစ်သော သေနတ်သံကြားမှ စည်းအပြင်ဘက် သို့ ပြန်ပြေးသွားကြလေသည်။ အနိုင်ရလာလျှင် ရွာထဲမှာ ကြက်သား ကာလသားချက်နှင့် ပုလင်းထောင်ကာ အသံချဲ့စက်ကြီးဖြင့် တစ်ညလုံး အောင်ပွဲခံကြပြန်သည်။ ကျွန်တော်တို့ ကလေးတွေကမူ မနက်ဖြန် ကျောင်းရောက်သည်အထိ ပါးစပ်အရသာခံ၍ အချိန်ပို ဆက် ကန် ကြလေသည်။
တချို့လူကြီးတွေက အပြုံးမိန့်မိန့်ကြီးများဖြင့် "ကမ္ဘာ့ဖလားပွဲ ကြည့်နေရသလိုပဲကွာ"ဟု မှတ်ချက်ချတတ်ကြသေးသည်။
သည်အချိန် ပြန်စဉ်းစားကြည့်သောအခါ မေးခွန်းအသစ်တွေ ပေါ်ပေါက်လာကြသည်။ ကမ္ဘာကျော် ဘောလုံးပွဲမဟုတ်ပါဘဲ၊ ကမ္ဘာာကျော် ဘောလုံးပညာရှင်တွေ မဟုတ်ပါဘဲ မည်သည့်အကြောင်းတရားတွေ၏တွန်းအားကြောင့် သည်လို လယ်ကွင်းထဲမှ ဘောလုံးပွဲ လေးတွေအပေါ် အရူးအမူး ဖြစ်ခဲ့ပါလိမ့်။ ကမ္ဘာကျော် ဘောလုံးပွဲကောင်းတွေ ကြည့်နေသ လို ခံစားချက်သည် မည်သည့်တံခါးပေါက်က ဝင်ရောက်လာခဲ့ပါလိမ့်။
ကြေးစားဘောလုံးအသင်းမဟုတ်ဘဲ ဘောလုံးပြိုင်ပွဲနီးမှ ထွန်တုံးပေါ်မှ ဆင်း၊ ခါး တောင်းကျိုက်ဖြုတ်၍ ဘောလုံးကွင်းထဲ ဝင်လာခဲ့ကြသူတို့မှာ ဘောလုံးပညာဟု ပြောပ လောက်အောင် မရှိရှာကြ။ သို့သော် သူတို့ကစားကြသည်ကိုပဲ ကျွန်တော်တို့က အားကြိုး မာန်တက် အော်ဟစ်အားပေးကြသည်။ အမျိုးသမီး အချင်းချင်း ရန်ဖြစ်ကြသည်။ ကလေးအ ချင်းချင်း ငြင်းခုံကြသည်။
အမှန်တကယ်တော့ ကျွန်တော်တို့ ကိုယ့်ရွာဘောလုံးအသင်းကို အားပေးခဲ့ကြသည် မှာ ဘောလုံးပညာကို မဟုတ်။ လူတွေကိုသာ ဖြစ်သည်။ ကိုယ့်ရွာသားဟူသော အသိ၏ပူးကပ်ထားခြင်းခံရသည့် လူသားတွေကိုသာ ဖြစ်သည်။ ဘောလုံးပြိုင်ပွဲကို အားကစားဟု မ မြင်နိုင်တော့ဘဲ စည်းကမ်းတကျ ဆင်နွှဲနေသည့် စစ်ပွဲတစ်ပွဲဟု မသိစိတ်အမြင်ကြောင့်သာ ဖြစ်သည်။ ကိုယ့်ရပ်ကွက်အသင်းက တခြားရပ်ကွက်ကို ရှုံးနိမ့်လိုက်လျှင် ထိုရပ်ကွက်လက် အောက်ကို အလိုလို ရောက်သွားသည့်အလား ခံစားကြရသည်မှာ ဘောလုံးပွဲ အရှိန်မပြေသေးမီ အထိပင်။
သည်ခံစားချက်မျိုးက နိုင်ငံ့လက်ရွေးစင် ဘောလုံးအသင်းနှင့် ပတ်သက်လာလျှင် ပို ထင်ရှားလာတတ်ကြသည်။ တစ်ဦးတစ်ယောက်တည်းမဟုတ်။ လူနည်းစုမဟုတ်။ အားက စားဝါသနာပါမှ မဟုတ်။ သမိုင်းအစဉ်အလာအရ စစ်ရေးပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သော နိုင်ငံခြား တိုင်းပြည်အသင်းမျိုးနှင့် ရင်ဆိုင်ယှဉ်ပြိုင်ရလျှင် ပရိသတ်၏ခံစားမှုရေချိန်က အမြင့်မားဆုံး ဖြစ်နေတတ်ကြသည်။ ရှုံးနိမ့်မှုကို ရရှိလိုက်ပါမူ နောက်ထပ် အင်အားကြီးခံစားချက်လှိုင်းလုံး ကြီး မဖုံးအုပ်မချင်း ရှက်ရွံ့နာကျင်မပြီး။
တခြားအားကစားပြိုင်ပွဲတွေအတွက် သည်ခံစားချက်မျိုးမရှိ။ ရှိသည့်တိုင်အောင် လည်း သည်လောက် မပြင်းထန်။
တကယ်တော့ သည်ခံစားချက်မျိုးသည် အာကစားပြိုင်ပွဲတစ်ခုအပေါ် ထားသည့် ခံစားချက်ထက် စစ်ပွဲတစ်ပွဲအပေါ်ထားသည့် ခံစားချက်မျိုး ဖြစ်နေသည်။ ကစားသမားတွေ၏နေရာအလိုက် အခေါ်အဝေါ်တွေကအစ စစ်ပွဲသဘောဆန်သည်။ ခံစစ်၊ တိုက်စစ်မှူး၊ ဗျူဟာ စသည် စစ်ပွဲဖွဲ့စည်းပုံတွေအတိုင်း သတ်မှတ်သုံးနှုန်းကြသည်။ သို့သော် သည်စစ်ပွဲကိုတော့ ကျွန်တော် စွဲလမ်းသည်။ သည်စစ်ပွဲမှာ သွေးထွက်သံယိုတွေ မရှိ။ အသက်အိုးအိမ် တွေ မပျက်စီး။ ခြေလက်အင်္ဂါမဲ့၊ မိဘမဲ့၊ လင်သားမဲ့ဘဝတွေ မရှိ။ ယမ်းခိုးတွေ၊ မီးလျှံတွေ မ ရှိ။ စည်ကမ်းနှင့် သတ်မှတ်ထားသော အနိုင်အရှုံးသာ ရှိသည်။
လူလူချင်း သတ်ဖြတ်နေကြသော စစ်ပွဲတွေနေရာတွင် ဘောလုံးပွဲတွေကို အစားထိုး လိုက်လျှင် ဘယ်လောက်ကောင်းမလဲဟု ကျွန်တော်မကြာခဏ စိတ်ရူးပေါက်ဖူးသည်။ လူ့ အသက်တွေ၊ ပျက်စီးဆုံးရှုံးမှုတွေဖြင့် အနိုင်အရှုံး သတ်မှတ်မည့်အစား ဂိုးပိုက်ကွန်ထဲ တိုး ဝင်သွားသည့် ဘောလုံးအရေအတွက်ဖြင့် အနိုင်အရှုံး သတ်မှတ်လိုက်လျှင်...။
စစ်ပွဲတစ်ပွဲ ဖြစ်သည်နှင့် အမှန်တရားသည် ပထမဆုံး ကျဆုံးသွားရကြောင်း "ကော်လင်းပါဝဲလ် "က ပြောခဲ့ဖူးသည်။ ဘောလုံးပွဲတစ်ပွဲတွင်မူ အစအဆုံး မိနစ် ၉၀ လုံး၌ အမှန် ရားက ရှင်သန်နေတတ်သည်။
မော်တော်ထဲမှာ မနေ့ညနေက ဘောလုံးပွဲအကြောင်း အရသာယူ ခံစားနေကြဆဲ။ ကျွန်တော်က ဆရာမင်းလူ၏"ဘောအေးတိုက်ပွဲ "ဝတ္ထုတိုကို ပြေးသတိရမိရင်း တိတ်တဆိတ် ပြုံးနေမိသည်။ "ဘောအေးတိုက်ပွဲ"ထဲမှ အရေးအသားတွေကြောင့်လား၊ မော်တော်ထဲမှ လူတွေ၏စကားသံတွေကြောင့်လား။ တကယ်တော့ ထိုနှစ်မျိုးစလုံးကို ကျွန်တော် ချစ်ပါသည်။ ။