U Khin Maung Latt & Daw Khin Myo Chit (1915-2015) |
ရန်နောင်(ဗိုလ်တထောင်) - ဗိုလ်ချုပ်ရေးပေးတဲ့ ထောက်ခံစာများ
(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၅
ဘဘဦးခင်မောင်လတ်က ရှေ့လ ဩဂုတ်ဆို နှစ်တရာပြည့်ပြီပေါ့။ ဘဘလတ် နှစ်တရာပြည့် အမှတ်တရစာလေးတပုဒ် ကျနော် မသိမမှီလိုက်တဲ့ ဘဘလတ်အကြောင်းကို ဘဘလတ်ရဲ့ သားဖြစ်သူ ဆရာကြီး ဒေါက်တာခင်မောင်ဝင်းကို သွား မေးပြီး ဆရာကြီးပြောတဲ့ ဘဘလတ်နဲ့အမှတ်တရအကြောင်းလေးကို တင်ပြချင်လို့ပါ။
“ဒီလိုကွ ဒေါင်းစာပေကထုတ်တဲ့ လမ်းလွဲခြင်းနှင့် စစ်အတွင်းအတွေ့အကြုံများစာအုပ်ထဲမှာ ရေဒီယိုပြဇာတ်တပုဒ်ပါတယ်။ ရေဒီယိုပြဇာတ်လေးက ဟိုခေတ်တုန်းက၊ ငါပြောတာ ဆိုင်လား၊ မဆိုင်လားတော့ မသိဘူးကွာ။ ထားပါတော့ကွာ။ ဟိုခေတ် တုန်းက ရေဒီယိုပြဇာတ်တွေရဲ့ ရွှေခေတ်လို့ ခေါ်ရမှာပေါ့။ ၁၉၅၀ နဲ့ ၆၀ ကြားပေါ့။ အဲဒီတုန်းက ရေဒီယိုပြဇာတ်တွေ ခေတ် စားတယ်။ ရေဒီယိုပြဇာတ်တွေခေတ်စားတာ မင်းတို့ကတော့ မမှီလိုက်ဘူးထင်တယ်နော်။ မြန်မာ့အသံကဆိုရင် ဆယ့် ငါးမိနစ် ပြဇာတ်ရှိတယ်။လေးဆယ့်ငါးမိနစ် ပြဇာတ်ရှိတယ်။ အဲဒီအချိန်တုန်းက လူတွေက ရေဒီယိုပြဇာတ်တွေကို နား ထောင်ကြတာ။ ဗမာပြဇာတ်တွေမှာဆိုလို့ရှိရင် ဝင်းဦးတို့၊ ဘယ်သူတို့ ကိုယ်တိုင်ကိုလွှင့်ကြတာ။ ဟိုခေတ်တုန်းကတော့ တော်တော်ကို နာမည်ကြီးပါတယ်။ နောက်ပြီးတော့ ရေဒီယို ပြဇာတ်တွေကနေ စပြီးတော့ နောက်တခါ စတီရီယိုပြဇာတ် ၊ စတီရီယိုပြဇာတ်တွေဆိုတာ ဒီလိုပဲ အသံနဲ့ သရုပ်ဖော်တယ်။ အသံလွှင့်ပြဇာတ်တွေပေါ့။ ငါလည်းပဲ မဆီမဆိုင်တွေ လျှောက် ပြောမိရင်လည်း မတတ်နိုင်ဘူးပေါ့ကွာ။ ဒါကတော့ ပညာဗဟုသုတတော့ ရတာပေါ့လေ။ ဘာလို့လဲဆို ဆရာ့အဖေအမေရော၊ ဆရာတို့ရောဖြတ်သန်းခဲ့ရတဲ့ ခေတ်ပေါ့။
ဟိုခေတ်တုန်းကဆိုရင် အဆိုတော်စိုးပိုင်တို့၊ နော်လီဇာတို့ကလည်း အင်မတန်နာမည်ကြီးတဲ့ “မုဆိုးလည်းသားကောင် သားကောင်လည်း မုဆိုး” ဆိုတဲ့ အသံလွှင့်ပြဇာတ်တွေ အင်မတန်ခေတ်စားပါတယ်။ သီချင်းတွေရော၊ စကားတွေရော အင် မတန်ကောင်းတယ်။ ဒါပြောပြတာပါ။
အင်္ဂလိပ်လိုလည်း ရှိတယ်။ ရေဒီယိုပြဇာတ်တွေက။ အင်္ဂလိပ်လို ရေဒီယိုပြဇာတ်တွေကတော့ အဲရှင်းရှင်းပြောရရင် နား ထောင်တဲ့သူ မရှိပါဘူး။ အင်္ဂလိပ်လို ပြဇာတ်တွေကတော့ ဆယ့်ငါးမိနစ် ပြဇာတ်တွေပါပဲ။ အဲဒီမှာပါတဲ့သူတွေနဲ့ ဆွေမျိုး သားချင်း တွေပဲ နားထောင်တာပါ။ မြန်မာလိုကတော့ နားထောင်တယ်။ အင်္ဂလိပ်လိုကတော့ ထောင်တဲ့သူမရှိပါဘူး။
(ထိုစဉ် ဆရာကြီး ဇနီး တက္ကသိုလ်ရွှေရည်ဝင်းမှ ယခုကဲ့သို့ဝင်ရောက်ပြောခဲ့သည်။ )
“ရှိပါတယ် အဝင်းရယ်၊ ရှိလို့လည်း လုပ်ဖြစ်နေတာပေါ့။ မိတို့တုန်းကဆို အဲ့မှာ သီချင်းတွေ၊ အင်္ဂလိပ်သီချင်းတွေ နားထောင် ရတာပဲ”
ထိုအခါ ဆရာကြီး ဒေါက်တာခင်မောင်ဝင်းမှ ဤသို့ ပြန်ပြောခဲ့သည်။
“ငါတို့ကိုယ်တိုင်လွှင့်တဲ့ပြဇာတ်ကတော့ ငါတို့ကိုယ်တိုင်နဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေပဲ နားထောင်တာပါ။ အန်တီကတော့ နားထောင်တယ်ထင်တယ်။ ငါကတော့ နားထောင်တယ်မထင်ပါဘူး ။ ထားပါတော့လေ။ ဒါကတော့။
အဲဒီတော့ အဲ့ဒီအကြောင်းပြောရတာ တခြားကြောင့် မဟုတ်ဘူး။ ခုန မေမေကြီး ရေးခဲ့တဲ့ ရေဒီယို ပြဇာတ်တခုရှိတယ်။အဲဒီ ရေဒီယိုပြဇာတ်ကတော့ တကယ်က အင်္ဂလိပ်လို လွှင့်ခဲ့တဲ့ ရေဒီယိုပြဇာတ်ပါ။ နောက်ကျတော့ မင်းဖတ်ရင်လဲ ဖတ်ကြည့် ပေါ့ကွာ။ ဆရာ မြန်မာလိုဘာသာပြန်ထားတာ။ အင်္ဂလိပ်လိုကတော့ ချရုဆိုးဂျားလို့ ခေါ်တာပေါ့လေ။ မြန်မာလိုဘာသာပြန်ရင် တော့ “ ဆေးပေါ့လိပ်ရဲဘော်ကြီး” ပေါ့ကွာ။ ဒါရေဒီယိုပြဇာတ်။
အဲဒီ ဇာတ်လမ်းက ဂျပန်ခေတ်တုန်းက ဖြစ်ခဲ့တဲ့ ဇာတ်လမ်း တစ်ခုပေါ့ကွာ။ အဲမှာ ဖြစ်ခဲ့တာကို ဇာတ်လမ်းလုပ်ထားတာ။အဲဒီပြဇာတ်ထဲမှာ ပါတဲ့ ဇာတ်ကောင်တွေက ဂျပန်ခေတ်တုန်းက တော်လှန်ရေးပါခဲ့တဲ့ ရဲဘော်ဗိုလ်ကြီးတယောက်ပေါ့လေ၊ အဲဒါ တကယ့်အဖြစ်အပျက်၊ နောက် အဲမှာ ဓမ္မိကဦးဘသန်းဆိုတာပါတယ်။ သူတို့တွေပါခဲ့တဲ့ တကယ့်အဖြစ်အပျက်ပေါ့ကွာ။
ဂျပန်ခေတ်တုန်းက ဖြစ်ခဲ့တဲ့အဖြစ်ကိုတော့ ငါမပြောတော့ပါဘူး။ အဖြစ်အပျက်ကို ရေဒီယို ပြဇာတ်လုပ်ထားတာပေါ့လေ။ ရေဒီယိုပြဇာတ်ထဲမှာ ဘာပါလဲဆိုတော့ ဆရာ့အဖေ သင်တန်းနဲ့ ပတ်သက်တဲ့အကြောင်းပေါ့လေ။ အကြောင်းအရာကတော့ ဒီလို။ ဟိုခေတ်တုန်းက ဂျပန်ခေတ်ကနေ အင်္ဂလိပ်ခေတ်ကို အကူးပေါ့ကွာ။ အင်္ဂလိပ်ကဝင်လာတော့ အင်္ဂလိပ်စစ်ဗိုလ်ချုပ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ဆွေးနွေးပြီးတော့ ဘာအဖြေတခုထွက်လာလည်းဆိုတော့ ဂျပန်တော်လှန်ရေးထဲမှာ ပါဝင်တိုက်ခိုက် ခဲ့တဲ့ စစ်ဗိုလ်တွေ၊ ရဲဘော်တွေ ဘယ်သူ့ကိုပဲဖြစ်ဖြစ်၊ အထူးသဖြင့် ဗိုလ်ကြီးတွေကို ဂျပန်တော်လှန်ရေးပါခဲ့တယ်လို့ ဗိုလ် ချုပ်အောင်ဆန်းကထောက်ခံလိုက်ရင် အဂ်လိပ်စစ်တပ်က ခြောက်လစာ တခါတည်းထုတ်ပေးတာ။ ဒါက သူတို့ ထမ်းဆောင် ခဲ့တာတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ပေါလေ။
အဲဒီတော့ ဗိုလ်ချုပ်အောင်ဆန်းက ထောက်ခံစာတွေ ရေးရေး ပေးရတာပေါ့လေ။ အဲဒီလို ခြောက်လစာ လခထုတ်ပေးတဲ့ထဲမှာ ဘယ်သူပါလဲဆို ဆရာ့အဖေလည်းပါတယ်။ ဆရာ့အဖေကို ဗိုလ်ချုပ်အောင်ဆန်းက ထောက်ခံစာရေးပေးတာပေါ့လေ။ ဆရာ့အဖေလည်း ခြောက်လစာထုတ်ခဲ့ရတယ်။ အဲဒီအကြောင်းလည်း ခုန ရေဒီယိုပြဇာတ်ထဲမှာ ပါတာပေါ့။
ပါတာက ဒီလို ... ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရေးနဲ့ထုတ်ပေးတဲ့ ထောက်ခံစာလေးပေါ့။ အဲဒီ ထောက်ခံစာလေးကို ဆရာ့ အဖေက သိမ်းထားတယ်။ နောက် တပ်မတော်မော်ကွန်းတိုက်ပေါ်လာတဲ့အခါကျတော့ ဆရာ့အဖေက ဗိုလ်ချုပ်အောင်ဆန်း လက်ရေးနဲ့စာလေးကို တပ်မတော်သမိုင်းပြတိုက်ကိုလှူလိုက်တာ။ အဲဒီစာကို အခု ငါတို့မှာ ပြစရာမရှိတော့ဘူး။ တပ်မတော် သမိုင်းပြတိုက်မှာသွားကြည့်ရင်တော့ သူတို့တွေလွှင့်မပစ်သေးရင်တော့ ရှိချင် ရှိမှာပေါ့။ အဲဒါကတော့ ဆရာ့အဖေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်လို့ အမှတ်တရပေါ့လေ။ အမှတ်တရစာလေးပေါ့။ အခုမပြနိုင်တော့သော စာလေးပေါ့။
ထိုအခါ ဆရာ့ဇနီးဖြစ်သူ တက္ကသိုလ်ရွှေရည်ဝင်းမှ ပြဇာတ်နှင့် ဘယ်လိုဆက်စပ်တာလဲဟု မေးလိုက်ပါသည်။
“ဒီလိုကွ ခုန ဂျပန်တော်လှန်ရေးမှာပါခဲ့တဲ့ ဗိုလ်စိန်ထွန်းရဲ့ ယူနီဖောင်းတွေ၊ ဘာတွေကို သူ့ရဲ့မိန်းမက ဓမ္မိကဦးဘသန်းဆီ လာလှူတာကိုး။ အဲဒီလို လာလှူတဲ့အကြောင်း ပြဇာတ်ထဲမှာပါတာကိုး။ သူ့မိန်းမက ယူနီဖောင်းတွေယူပြီး ပြန်သွားတဲ့ အချိန်မှာ ဓမ္မိကဦးဘသန်းက ဟိုတုန်းကတော်လှန်ရေးအကြောင်းတွေကို ပြန်ပြီးတော့စဉ်းစားတာပေါ့။ ဆရာ့အဖေဆီမှာ ဗိုလ်ချုပ်ရေးပေးခဲ့တဲ့စာလေးရှိတာကို ဓမ္မိကဦးဘသန်းကသိတော့ အဲဒီစာလေး တပ်မတော်သမိုင်းပြတိုက်ကို လှူပါလား ဆိုပြီးတော့ အလှူခံတာပေါ့။ ဓမ္မိကဦးဘသန်းကလည်း ဆရာ့အဖေ မိတ်ဆွေဆိုတော့ လှူလိုက်တာပေါ့။
ဆက်လက်၍ ဆရာမ တက္ကသိုလ်ရွှေရည်ဝင်းက ဖြည့်စွက်ပြောကြားပေးခဲ့သည်။
“ဗိုလ်ချုပ်တင်ဖေတို့၊ ဓမ္မိကဦးဘသန်းတို့တွေကတော့ ဗိုလ်တွေမို့လို့ ဘာမှပြောစရာမရှိပေမဲ့ ဘဘကြီးတို့ကျတော့ အထူး အနေနဲ့ အချိန်အတိုင်းအတာတခုလုပ်ခဲ့တာဆိုတော့ စစ်တပ်အတွက်ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ ထောက်ခံချက် လိုတာ ပေါ့။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရေးမူကိုလှူလိုက်တော့ မလှူခင် ကိုယ့်ဘာသာကိုယ် လက်နှိပ်စက်ရိုက်ထားတာတော့ရှိ တာပေါ့။ ဒါကတော့ တံဆိပ်တုံးတွေဘာတွေတော့ မပါဘူးပေါ့။ ခုခေတ်လို မိတ္တူစက်တွေမှမရှိတာကိုး။ ကူးထားတဲ့စာတော့ ဟိုတလောတုန်းက တွေ့တယ်။ ခုတော့ ဘယ်ထားမိမှန်း မသိပါဘူးကွာ။
ဟိုပွဲနေ့က ဆရာပြောတဲ့ ဆရာ့အမေကို ဗိုလ်ချုပ်အောင်ဆန်းကတွေ့ရင် အတော်ပဲဆိုပြီး အဲဒီစာလေး ဘယ်သူပေးပေးပါ ဆိုတာလေးပေါ့။ အဲလိုပဲ ပို့ပို့ပေးရတာ။ ဘာစာတွေမှန်း မသိခဲ့ဘူး။ တကယ်ကတော့ တော်လှန်ရေးပတ်သက်တဲ့စာတွေပေါ့။ ဆရာ့အမေကတော့ ဒီလိုပဲ ဗိုလ်ချုပ်အောင်ဆန်းပို့ခိုင်းလို့ ပို့ပေးတာပေါ့။ နောက် ဆရာ့အမေကို ဓမ္မိကဦးဘသန်းက ခေါ်တော့ တပ်မတော်သမိုင်းပြတိုက်မှာ သွားပြီးတော့ အလုပ်လုပ်တယ်။ အဲဒီမှာ တပ်မတော်သမိုင်းပြတိုက် နဲ့ ပတ်သက်တဲ့ အကုန်လုံးစစ်ဆေးရ ၊စာရင်းလုပ်ရ ပေါ့။ အဲဒီတော့ ဆရာ့အမေ ဟိုတုန်းက ဗိုလ်ချုပ်အောင်ဆန်းက ပို့ခိုင်းတဲ့စာတွေလို့ ထင်ရတဲ့ စာတွေ တပ်မတော်သမိုင်းပြတိုက်မှာရှိတယ်။ အဲဒီစာတွေက ဟိုတုန်းကတော့ မေမေ မဖတ်ခဲ့ရပါဘူး။ တပ်မတော် သမိုင်းပြတိုက်မှာလုပ်တော့မှ မေမေ ဖတ်ကြည့်တာ။ ဖတ်ကြည့်တဲ့အခါ အဲမှာကျ ဘာတွေပါလည်းဆိုတော့ ရွာထဲမှာ ဘယ်သူဘယ်သူကတော့ ဂျပန်တော်လှန်ရေး မြေအောက်တော်လှန်ရေးမှာ ပါတဲ့သူ ဘယ်သူဘယ်သူရှိတယ်ပေါ့။ အဲဒီလူကို သွားပြီးဆက်သွယ်ပေါ့။ ဆက်သွယ်ပြီးတော့ ဘာတွေ၊ ဘာတွေလုပ် ဗိုလ်ချုပ်အောင်ဆန်းက ညွှန်ကြားတာ။ အဲကျတော့မှ မေမေက သူပို့ခဲ့တဲ့စာတွေက ဒီစာတွေ ဖြစ်နိုင်တယ်ပေါ့လေ ဆိုပြီးတော့ တွေးမိတာပေါ့။ အဲဒါက ဓမ္မိကဦးဘသန်းလက် အောက်မှာ အဲဒီစာတွေက ၊ အဲခါမှာ မေမေက ကြည့်စမ်း ဒီစာတွေပေါ့ ၊ ဗိုလ်ချုပ်ပို့ခိုင်းခဲ့တဲ့ စာတွေဖြစ်နေတယ် ဆိုတာပေါ့။ အဲဒီစာတွေကတော့ တပ်မတော်သမိုင်းပြတိုက်မှာ သူတို့ဖျောက်ဖျက်မပစ်သေးလို့ ရှိရင်တော့ ရှိနေမယ်ပေါ့လေ။ ငါတို့လည်း တခါမှ မတွေ့ဘူးဖူး။ တခြားဟာတော့ ငါတို့က သိပ်တော့ပြောစရာမရှိပါဘူးကွာ ။
အဲဒီ တပ်မတော်ပြတိုက်အကြောင်း မေမေ အင်္ဂလိပ်လိုရေးထားတဲ့ ဆောင်းပါးရှိတယ်။ အရင်တုန်းကတော့ မော်ကွန်းတိုက် လို့ ခေါ်တာပေါ့။အဲဒီမှာ မေမေ ခဏပါပဲ လုပ်တယ်။ နောက်တော့ မလုပ်တော့ဘူးလေ။
ဆရာကြီး ဒေါက်တာခင်မောင်ဝင်းနှင့် တွေ့ဆုံရန် တရက်ကြို၍ ချိန်းထားသော်လည်း ရန်ကုန်မြို့၏ ယာဉ်ကျော ကျပ်တည်း မှုကြောင့် ချိန်းထားသည့် အချိန်ထက်နောက်ကျမှ ရောက်ခဲ့သော်လည်း စိတ်ရှည်လက်ရှည် ဖြင့် ဖြေကြားပေးခဲ့သည့်အတွက် ဆရာကြီးတို့မိသားစုကို အထူးပင်ကျေးဇူးတင်ပါသည်။ ဖြည့်စွက်ကာ ဖြေဆိုပေးသောဆရာမကြီးကိုလည်း ကျေးဇူးတင်ပါ သည်။ အဓိက ဆရာကြီးနှင့်တွေ့နိုင်ရန်စီစဉ်ပေးသော ဆရာမ ဂျူနီယာဝင်းအားလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြား ရင်း “ ဗိုလ်ချုပ်ရေးပေးတဲ့ ထောက်ခံစာများ” ကို ရေးသားလိုက်ရပါတော့သည်။