cartoon saw ngo 2015 |
မောင်ရစ် - သဒ္ဓါ သီလ သုတ ပညာနဲ့ မြန်မာပြည်ဒီမိုကရေစီအရေး
(အယ်ဒီတာ့လက်ရေး၊ မိုးမခ) ဧပြီ ၂၃၊ ၂၀၁၆
ဟားဟား ...။ မောင်ရစ်တယောက် စိတ်ဖောက်ပြီး ပါဠိပါဌ်သားတွေနဲ့ ဘာတွေ လျှောက်ပြောနေသလဲပေါ့လေ။ မဟုတ်ရပေါင်ဗျာ။ ဇူလိုင် ၂၅၊ ၂၀၁၅ တုန်းက ဒေါ်အောင်ဆန်း စုကြည် ကျိုက်လတ်မှာ ဟောကြားခဲ့တဲ့ ရွေးကောက်ပွဲပညာပေး မေးခွန်းကို နားထောင်ပြီး ချဲ့ထွင်တွေး ရေးမိတာပါ။ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်တဲ့ နေရာမယ် သဒ္ဓါဆိုတဲ့ယုံကြည်ချက် ပြင်းထန်သူ၊ သီလဆိုတဲ့ စည်းကမ်းစောင့်စည်း ခိုင်ကျည်သော အရည်အချင်း ရှိသူ၊ ပြည်သူ့အကျိုး နိုင်ငံအကျိုးကို ဆောင်ရွက်နိုင်မယ့် ဗဟုသုတတွေ ပညာတွေ ပြည့်စုံတဲ့သူတွေကို ရွေးချယ်ပြီးတော့ ကိုယ်စားလှယ်များနဲ့ ရွေးကောက်ပွဲကို ယှဉ်ပြိုင်သွားမယ်လို့ ပြောခဲ့တာပါ။
တကယ်တန်း ပြန်စဉ်းစားကြည့်လိုက်တော့ မြန်မာနိုင်ငံတော်က ပြည်သူလူထုကြီးတရပ်လုံးဟာ ၂၀၁၅ ရွေးကောက်ပွဲကြီးကို ဖြတ်သန်းတဲ့နေရာမယ် သူတို့တွေကိုယ်တိုင်ကလည်း သဒ္ဓါ သီလ သုတ ပညာနဲ့ တညီတညွတ်တည်း တစိတ်တ၀မ်းတည်း မဲပေးခဲ့ကြပါကလားလို့ သဘောပေါက်မိပါတယ်။ ဒီမိုကရေစီကို အရယူလိုတဲ့ ပြင်းထန်တဲ့ သဒ္ဓါ ယုံကြည်တဲ့စိတ်နဲ့ သီလဆိုတဲ့ မတရားမှုများကို မကျုးလွန် မကျိုးပေါက် စည်းကမ်းစောင့်စည်း တည်ကြည်စွာနဲ့ အမြင်ကျယ်သော၊ မကွဲမပြားသော ဗဟုသုတတွေနဲ့ ပညာသတိကြီးစွာဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးကို တခဲနက် မဲပေးပြီး အောင်ပန်းကို ဆွတ်ခဲ့ကြတာကိုး ခင်ဗျာ။
၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲအပြီးမှာလည်း မည်သို့သော အဖျက်အမှောင့် သံသယတွေ သွေးဆောင် ဖျားယောင်းမှုတွေ ရှိနေပါစေ၊ ခုနင်က သဒ္ဓါ၊ သီလ၊ သုတ၊ ပညာတွေ ရင်နဲ့စီးပြီးတော့ ရွေးကောက်ပွဲမှသည် လွှတ်တော်သို့၊ လွှတ်တော်မှသည် အစိုးရ၊ နောက်ဆုံး အစိုးရမှသည် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အထိ ခြေလှမ်းများ ခိုင်မြဲစွာ တလှမ်းချင်း လှမ်းယူ ချီတက်နိုင်သည် အထိကိုလည်း ပြည်သူလူထုကြီးက တခဲနက် ရပ်တည်သွားခဲ့ကြပါတယ်။ လူထုကြီးကို တဖက်က အဖျက်အမှောင့်တွေ သွေးထိုးမှုတွေ ညာသံပေး ကြွေးကြော်မှုတွေနဲ့ လူထုကို ကွဲအောင် ခွဲအောင် ကြိုးစားကြပစေ၊ လူထုကြီးက နားလည်မှု ရှိရှိ၊ ယုံကြည်မှု ပြင်းပြင်း၊ စည်းကမ်းညီညွတ် သေ၀ပ်စွာနဲ့ တလမ်းတည်း တဖြောင့်တည်း လျှောက်နေကြတာကို တွေ့ရပါတယ်။
သဒ္ဓါတရားပြင်းထန်သော်ငြား သီလစောင့်ထိန်း ဆောက်တည်မှုမရှိသော် အလွယ်တကူ အားလျော့ လမ်းပျောက် သွားတတ်ကြပါတယ်။ သီလစောင့်ထိန်းထားသော်ငြား ဗဟုသုတနဲ့ ပညာ ရှာမှီးလေ့လာ သင်ယူထားတာမရှိခဲ့ရင် သံသယတွေဝင် အမြင်တည်ကြည် ရှင်းလင်းမှုတွေပျောက်ပြီး လမ်းလွဲရောက် တောင်ပြေးမြောက်ရောက် ဖြစ်ကုန်တတ်ပါတယ်။
သင်္ကြန်မတိုင်မီအထိ ငါတို့ဗမာတွေဟာ တလုံးတည်း တသံတည်း တသွေးတည်း တခဲတည်း ဖြစ်နေရာကနေ ဟိုဝန်ကြီးချုပ် ဒီမြို့တော်ဝန် ဟိုပြည်နယ်အစိုးရ ဒီသင်္ကြန်မဏ္ဍပ် ဟိုလက်ဆောင် ဒီလက်မှတ် စတဲ့ ဟိုအရေးဒီအရေး ဟိုပွက်ဒီပွက်တွေမှာ ဟိုယောင်ယောင် ၀င်ဟောင်လိုက် အဲလေ ၀င်အော်လိုက်၊ ဒီယောင်ယောင် ၀င်ဟစ်လိုက်တွေ ဖြစ်တာတွေ နည်းနည်း ဟိုတစ ဒီတစ တွေ့လာမိတော့ ငါတို့တတွေ သဒ္ဓါ သီလ သုတ ပညာတွေ ဒီဂရီတွေ ထပ်မြှင့်ရပေးတော့မှာပါလားလို့ အတွေးရမိပါတယ် ခင်ဗျ။ ဘုရားဟောတဲ့ ပါရမီ ၁၀ ပါးထဲမှာကလည်း သီလ ပညာနဲ့တင် ကိစ္စက မပြီးဘူး မဟုတ်လား ပရိသတ်ကြီးခင်ဗျား ...။ ဒီမိုကရေစီအရေး ကိစ္စပြီးမြောက်စေဖို့ ဒါနဆိုတဲ့ အချင်းချင်း အယုတ်အလတ်အမြတ်မရွေး ပေးကမ်း ကူညီစောင့်ရှောက်ကြဖို့၊ ၀ီရိယဆိုတဲ့ မဆုတ်မနစ် ဇွဲဖြင့် ရုန်းကန်ကြဖို့၊ ခန္တီဆိုတဲ့ သဘောထားကြီးစွာ သီးခံကြဖို့၊ သစ္စာဆိုတဲ့ မဖောက်မပြန် လမ်းမှန်တဖြောင့် လျှောက်ကြဖို့၊ အဓိဋ္ဌာန်ဆိုတဲ့ အမြဲတန်း မှန်မှန်ကြီးဆောင်ရွက်ကြဖို့၊ မေတ္တာဆိုတဲ့ ချစ်ခင်ကြင်နာသော စိတ်ပွားကြဖို့ စတဲ့ အရည်အချင်းတွေလည်း ဆက်ပြီး အရှိန်မြှင့်ကြရဦးမယ် မဟုတ်ပါလားခင်ဗျား။ (နိက္ခမတို့ ဥပေက္ခာတို့လည်း ပါတာပေါ့ခင်ဗျာ၊ မကောင်းမှုကို ရွံကြောက် ရှောင်ဖယ်ရေး၊ ချစ်ခြင်း မုန်းခြင်း အစွန်း ၂ ဖက်ကြား အလယ်လမ်း လျှောက်နိုင်ရေး) ။
ဘယ့်နှယ် ရွေးကောက်ပွဲကြီးပြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အတိုင်ပင်ခံကြီးဖြစ်ရုံနဲ့ ကိစ္စပြီးသွားတာမှ မဟုတ်သေးတာကလား။ ရှေ့လမ်းတလျှောက်မှာ ဆက်ဖြည့်ဆည်းရဦးမယ့် ပါရမီလမ်း ပါရမီစခန်းက အဝေးကြီး တမျှော်တခေါ်ကြီး ရှိပါသေးသဗျာ။ ဆက်စောင့်ရဦးမယ့် သီလတွေက မနည်းသေးဘူးပဲ။ သိန်း ၅၀ တန် အထုတ်လေးနဲ့ ကွမ်းသွေး တပြစ်ပြစ်နဲ့ သောက်လိုက် စားလိုက် ထီထိုးလိုက် လောင်းကစားလိုက် အောင်ပွဲခံလိုက် ငိုပွဲဆင်လိုက် သူများတွေ မြှောက်တော့ တမြောက်မြောက်၊ သူများတွေ ခြောက်တော့ တကြောက်ကြောက်နဲ့သာ သည်ပုံထဲက မရုန်းထွက်နိုင်ရင် ဟန်တော့ကျဦးမယ် မဟုတ်ဘူးလို့ ထင်မိပါတယ် ခင်ဗျာ။
ဒါနဲ့ စကားမစပ် ... သဒ္ဓါ သီလ သုတ ပညာဆိုလို့ ... တလောက မိုးမခမှာ စာဖတ်သူတွေကြား၊ အစိုးရမင်းနဲ့ မီဒီယာကြား အထင်အမြဲလွဲမှား သံသယ သွေးကွဲစကား အရေးအခင်းငယ်လေး တခု ဖြစ်ခဲ့ပါသဗျ။ ကျနော်တို့ အယ်ဒီတာမင်းတပါးက မင်းပွဲစိုးပွဲ အခမ်းအနားတွေမှာ ရှိခိုးနေကြတဲ့ ဓလေ့ကို ဝေဖန်တဲ့စာ မိုးမခအွန်လိုင်းမှာ ရေးလိုက်တဲ့ဆီမှာ သုံးမိတဲ့ဓာတ်ပုံအရ တိုင်းရင်းသား တွေကပါ ရှိခိုးနေရသလားဆိုပြီး ထင်မြင်ကြ၊ တဖက်နဲ့ တဖက် ပြောဆိုပြစ်တင်ကြတဲ့အရေး ဖြစ်ခဲ့ပါတယ်။ အော် .ဒီအရေးဟာ ဓားသွေးရမယ့် အရေးလဲ မဟုတ်ပါ၊ အမှိုက်ကစ ပြသာဒ်မီးလောင်ရမယ့် အမှိုက်လည်း မဟုတ်၊ ပြဿဒ်လည်း မဟုတ်ရပါ ခင်ဗျာ။ ဖြစ်ဖြစ်ချင်း မိုးမခက လူတွေလည်း ပြဿဒ်မီးမလောင်ခင် ခေါင်းမီးတောက်ရတာပေါ့ခင်ဗျာ။ သို့သော်လည်း ခုနင်က သဘောထားတွေ ဖြစ်ပွားတဲ့ အစိုးရတာဝန်ရှိသူ၊ တိုင်းရင်းသားအဖွဲ့တို့နဲ့ မျက်နှာချင်းဆိုင် သွားရောက် ပြောဆို စကားပြောဆိုရှင်းလင်းကြတဲ့အခါ အတိုင်းထက်အလွန် မိတ်ဆွေ ညီနောင် မိသားစုများ သဖွယ် ချစ်ခင် နားလည်မှုတွေရရှိခဲ့ကြပါတယ်ခင်ဗျာ။ သဒ္ဓါဂုဏ်မောက်၊ သီလဂုဏ်မောက်ပြီး ငါ ယုံကြည်တာ ငါလုပ်တာ၊ အမှားလည်းမရှိတဲ့ “ငါဟဲ့ ... သူတော်ကောင်းကြီးပဲ” ဆိုပြီး ပညာမာနတွေ ထိပ်ဖျားတက်လို့ ထိပ်တိုက်တွေ့ကြ လက်ပမ်းပေါက်ခတ်ရတဲ့ ကိစ္စမှ မဟုတ်တာကိုး။ ကိုယ့်မိတ်ဆွေတွေအချင်းချင်း ခန္တီတို့ မေတ္တာတို့နဲ့ ဆောင်ရွက် အဆင်ပြေသွားကြတာ အလွန်မင်္ဂလာရှိတဲ့ သင်ခန်းစာလေးပါ ခင်ဗျာ။
အော် မနှိုင်းကောင်း နှိုင်းကောင်း ကြီးကြီးကျယ်ကျယ် အိုဘားမား သမ္မတဖြစ်ခါစက လူဖြူလူမည်း အရေးအခင်းတခု တိုက်ဆိုင်လို့ထည့်ရေးလိုက်ဦးမှပါပဲ။ ပထမဆုံး လူမည်းသမ္မတဆိုတော့ အားလုံးက မျက်စိ ဒေါက်ထောက် ကြည့်နေကြချိန်ပေါ့ခင်ဗျာ။ အဲသည်မှာ အမေရိကန်လူမည်း ပရော်ဖက်ဆာ တဦးက တညနေခင်း သူ့အိမ်သူ သော့ဖွင့်ဝင်တာကို ဘေးအိမ်က သူခိုးဖောက်နေပါတယ်ဆိုပြီး ရဲတိုင်လို့ လူဖြူရဲက လာဖမ်း၊ တတိုင်းပြည်လုံးကလည်း ရဲတွေ အိမ်နီးချင်းတွေဟာ လူမည်းတွေဆိုရင် မည်းမည်းတူတူး ခါးခါးသီးသီး သဘောထားတယ်ဆိုပြီး ငြင်းကြ ခုန်ကြနဲ့ မိုးမီးလောင်ကြပါရော လားဗျာ။ ၂၀၀၉ ခုနှစ်တုန်းက။ သမ္မတကြီးအိုဘားမားကလည်း လူမည်းဆိုတော့ အမည်းဖက် ခပ်ပါပါ ဘာညာဆိုပြီး ဝေဖန်ကြတာပေါ့။ သည်မှာ မစ္စတာ အိုဘားမားက အဲသည်က လူမည်းပရော်ဖက်ဆာ ကော၊ ဖမ်းဆီးတဲ့ လူဖြူရဲကိုပါ အိမ်ဖြူတော်ကိုဖိတ်ပြီး ပန်းခြံထဲမှာ ဘီယာအတူတူသောက်၍ ချစ်ကြည်ရင်းနှီးမှုယူ အေးအတူ ပူအမျှ ဖြစ်စေခဲ့ကြောင်း သိရှိ ဖတ်ကြားခဲ့ရပါသဗျား။ သည်တော့လည်း အားလုံးလည်း ဇေ ပိစ် ပေါ့။ (ဇေ ပိစ်ဆိုတာ အဘတို့ခေတ်က ဗန်းစကားပါ၊ စကားချပ်)။ အားလုံး အေးဆေး ...
သည်လိုပါပဲ စကားကို ပြန်ချုပ်ရသည်ရှိသော် ကျနော်တို့တတွေလည်း ရှေ့ဆက်ရမယ့် ဒီမိုကရေစီ ခရီးကြမ်းအတွက် ဖြည့်စွမ်းသွားရမယ့် ပါရမီလမ်း ပါရမီစခန်းက အများကြီး ကျန်ပါသေးခင်ဗျ။ ရွေးကောက်ပွဲဆိုတဲ့ သည်တတောင်ကျော်ပြီးရင် နောက်ဆက်ကျော်ရမယ့် တောင်တွေကလည်း အများကြီး ကျန်ပါသေး။
ရွေးကောက်ပွဲဆိုတဲ့ တောင်တတောင်လောက် ကျော်နိုင်ရုံနဲ့ စိတ်လျော့မယ်ဆိုရင်တော့ မောင်ဝဏ္ဏကာတွန်းထဲက သမိန်ပေါသွပ်တို့တတွေ ပြောသလို 'သည်တောင်တော့ ကျော်နိုင်မယ် မထင်ဘူးကွယ်၊ ဟိုဘက်ကတောင်မှာလည်း ဘုံဆိုင်မရှိဘူး'လို့ ပြောပြီး အားပေးရတော့ မလိုလိုပေါ့လေ။