လှကျော်ဇော - အနိုင်ကျင့်ခံရသတဲ့လား
(မိုးမခ) ဧပြီ ၂၇၊ ၂၀၁၆
၂၀၁၆ခုနှစ် ဧပြီလ (၅) ရက်နေ့ လွှတ်တော်တွင်း -နိုင်ငံတော်အတိုင်ပင်ခံပုဂွိုလ် ခန့်အပ်ရေးနဲ့ပတ်သက်တဲ့ အဆို အခြေအတင်ဖြစ်ပြီး ရှုံးနိမ့်သွားတဲ့ တပ်မတော်ကိုယ်စားလှယ်များက အများစု ဒီမိုကရေစီရဲ့ အနိုင်ကျင့်ခြင်းကို ခံလိုက်ရတယ်လို့ မခံမရပ်နိုင်စွာ မှတ်ချက်ပြု ပြောသွားတာ ကြားလိုက်ရပါတယ်။
ဒီစကားကြားရတော့ ကျွန်မတို့ငယ်ငယ် (၁၉၆၀-၇၀) က ကြားခဲ့ရ ဖတ်ခဲ့ရဘူးတဲ့ နိုင်ငံတကာသတင်းတပုဒ်ကို သွားသတိရလိုက်မိပါတယ်။ အဲဒီကာလများက ပါလက်စတိုင်းလွတ်မြောက်ရေးတပ်ဦးက အဖွဲ့ဝင်များ လေယာဉ်များကို ပြန်ပေး ခဏခဏဆွဲပြီး အဖမ်းခံ ပါလက်စတိုင်း တော်လှန်ရေးသမားများနဲ့ အလဲအလှယ်လုပ်နေတဲ့ ကာလဖြစ်ပါတယ်။ တခါတော့ လေယာဉ်တစီး ပြန်ပေးဆွဲခံရပါတယ်။ လေယာဉ်ပေါ်ပါ ခရီးသည်များကို ပါလက်စတိုင်းပြောက်ကျားများက ဒူးထောက် ထိုင်ခိုင်းပါတယ်။ ဒီတင် မျက်နှာဖြူအမျိုးသမီးတဦးက "ငါက ဘုရားသခင်ရှေ့ကလွဲလို့ ဘယ်သူ့ရှေ့မှာမှ ဒူးမထောက်နိုင်ဘူး"လို့ ခပ်တင်းတင်း ဆိုလိုက်ပါတယ်။ သူ့ကို သေနတ်နဲ့ချိန်ထားတဲ့ ပါလက်စတိုင်း ပြောက်ကျားမယ်လေး- လိုင်လာခါလက်က "သြော်… မင်းတို့က တချိန်တခါလေး ဒူးထောက်ရတာကို ဒီလောက် ခက်နေရသလား။ တို့လို တသက်လုံး ဒူးထောက်လာခဲ့ရရင် မင်းတို့ ဘယ်လိုခံစားရမလဲ…."လို့ပြောခဲ့ပါတယ်။
အဲဒီခေတ်အဲဒီအခါက--ကမ္ဘာကျော်ခဲ့တဲ့ စကားပါ။ ပြောက်ကျားမယ်လေး --ခါလက်လည်း ကမ္ဘာကျော်ခဲ့ပါတယ်။
အခုလည်း ဧပြီလ(၅)ရက်နေ့က အနိုင်ကျင့်ခံလိုက်ရသူများကို ပြောလိုက်ပါရစေ။
ဗမာပြည်သူတရပ်လုံး ၁၉၅၈ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အိမ်စောင့်အစိုးရ တက်လာကတည်းက နှစ်ပေါင်း(၅၀) ကျော် အနိုင်ကျင့်မှုအမျိုးမျိုး စော်ကားမှုအမျိုးမျိုး ခံခဲ့ရတာပါ။ နမူနာ အနေနဲ့ ၁၉၉၁ ခု နဝတခေတ် နဝတ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးခင်ညွှန့် တက္ကသိုလ်ဆရာ-ဆရာမများကို ပြောခဲ့တဲ့ မိန့်ခွန်းကို ပြန်ဖတ်ကြည့်ကြပါ။ (အခု တလော မီဒီယာကွန်ရက်များမှာ ပြန်တင်ထားတာ တွေ့ရပါတယ်။ လုပ်သားပြည်သူနေ့စဉ် -၂၅-၁၂-၁၉၉၁။ တင်ပေးသူ များ-ကျေးဇူးပါပဲ။)
အမုန်းတရားတွေ ပြန်ဖြန့်နေတာတော့ မဟုတ်ပါဘူး။ စာနာစိတ်ကလေးများပေါ်စေချင်လို့ပါ။
တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ အဲဒီနေ့ည တရုတ် ဗဟိုရုပ်မြင်သံကြား အစီအစဉ်(အင်္ဂလိပ်ပိုင်း) C.C.T.V(News)က ဗမာပြည်အစိုးရသစ်လက်ထက် တွေ့ကြုံရမယ့် အခက်အခဲများကို ဆွေးနွေးခန်း လာပါတယ်။ လူစုံပါဝင်ပါတယ်။ တရုတ်ပြည်က ဗမာ့အရေးကျွမ်းကျင်သူ ပါမောက္ခတဦး၊ အမေရိကန်က သမတဘွတ်ရှ်ခေတ် လုံခြုံရေးအကြံပေး အရာရှိဟောင်းတဦး၊ အိန္ဒိယ-မဏိပူတက္ကသိုလ် ပထဝီနိုင်ငံရေးဌာန ပါမောက္ခတဦး၊ စင်ကာပူတက္ကသိုလ် အရှေ့တောင် အာရှဌာနက ပါမောက္ခတဦး၊ တို့ကို ဂြိုဟ်တုနဲ့ဆက်သွယ်ပြီး ဆွေးနွေးကြတာပါ။ ၄၅-မိနစ်အကြာ တိုက်ရိုက်အစီအစဉ်ဟာ အလွန်စိတ်ဝင်စားဖွယ် ကောင်းလွန်းလို့ ဘယ်လိုအချိန်စေ့သွားမှန်းတောင် မသိလိုက်ရပါဘူး။
အဲဒီဆွေးနွေးခန်းထဲက တချို့အချက်များဟာ အလွန်လေ့လာဖွယ် မှတ်သားဖွယ် ကောင်းတဲ့အတွက် ပြန်တင်ပြပါ ရစေ။
…. အခုတက်လာတဲ့ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အစိုးရသစ်ဟာ မကြုံစဖူး အလွန်ကြီးမားလှတဲ့ လူထုရဲ့ထောက်ခံမှု (huge mandate) နဲ့ တက်လာတဲ့ အစိုးရဖြစ်တဲ့အတွက် လူထုရဲ့ မျှော်လင့်ချက် အလွန်ပဲ ကြီးပါတယ်။ ထို့အတူ စိန်ခေါ်ချက်များကလည်း မသေးလှပါဘူး။ အဓိက(၃)ချက် ရှိတယ်….တဲ့။
၁။ စီးပွားရေးကဏ္ဍ။ နှစ်ပေါင်း(၅၀)ကျော် ပေါ်လစီအမှားအမျိုးမျိုးကြောင့် ဗမာပြည်ရဲ့စီးပွားရေးဟာ အလွန်ပုံပျက်ပန်းပျက် (in very bad shape) ဖြစ်နေပါတယ်။ အလွန်အရင်းအမြစ်ပေါများ ကောင်းမွန်တဲ့ နိုင်ငံတနိုင်ငံက လူတွေဖြစ်ပါလျက်နဲ့ ဗမာပြည်သူတွေ ဒီလောက် ဆင်းရဲမွဲတေရတာ အလွန်ကြေကွဲဖွယ် ကောင်းပါတယ်။ ဒါကြောင့် ဗမာပြည်ရဲ့ စီးပွားရေး အမြန်ဆုံး ပြန်လည်နာလန်ထူလာဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်း ကူညီကြရပါလိမ့်မယ်။ ကမ္ဘာကြီး အနှံ့အပြားလက္ခဏာဆောင်လာမှု (globalization) ဖြစ်စဉ်အတွင်း ဗမာပြည် ပါဝင်လာနိုင်ရေးအတွက် ဝိုင်း ကူညီကြရပါမယ်။ အိမ်နီးချင်းနိုင်ငံများ (တရုတ်၊ အိန္ဒိယ) ဒေသတွင်း နိုင်ငံများ (ဂျပန်၊ စင်ကာပူ) သာမက အနောက်နိုင်ငံများအပြင်- နိုင်ငံတကာ အဖွဲ့အစည်းအမျိုးမျိုး (ကုလသမဂွ- ကမ္ဘာဘဏ်) က၊ ဗမာနိုင်ငံကို မိတ်ဆွေနိုင်ငံလို့ သတ်မှတ်ထား သူများ အားလုံးက ဝိုင်းကူညီကြရမယ်။ အထောက်အကူ အမျိုးမျိုးပေးရမယ်။ ရင်းနှီးမြှုပ်နှံမှုတွေ အဆင့်မြင့် အတတ် ပညာတွေ အခြေခံအဆောက်အအုံတွေ စတဲ့ လိုအပ်ချက်များအားလုံးကို တတ်နိုင်တဲ့ဘက်တွေက ဝိုင်းကူညီကြရမယ်။ ဒီနေရာမှာ အစိုးရသစ်အနေနဲ့ကလည်း လက်တွေ့ ကျစွာ လုပ်ဆောင်တတ်ဖို့ လိုပါတယ်… တဲ့။
အိန္ဒိယပါမောက္ခက သူ့နိုင်ငံက အတွေ့အကြုံကို ထည့်သွင်းပြောသွားတာ မှာ -- သူတို့နိုင်ငံရဲ့ လက်ရှိအစိုးရ (ဝန်ကြီးချုပ် မိုဒီအစိုးရ) ဟာ အလွန်လက်တွေ့ကျစွာ စဉ်းစားတတ်ကြောင်း၊ ကမ္ဘာ့အင်အားကြီး နိုင်ငံများအားလုံးနဲ့ ရင်းနှီးစွာ ဆက်ဆံနိုင်ပြီး ရရှိလာတဲ့ ရင်းနှီးမြှုပ်နှံမှု အားလုံးကိုလည်း တိုင်းပြည်အတွက် အကျိုးရှိရင် ရနိုင်သမျှ ရအောင် ယူ တတ်ကြောင်း၊ အင်အားကြီးနိုင်ငံများအကြား အားပြိုင်မှုများအကြား ဘယ်ဘက်မှ မပါဝင်ဘဲ နေတတ်ထိုင်တတ်ဖို့ လို ကြောင်း၊ ကမ္ဘာ့ရေစီးကြောင်းဟာလည်း ပြောင်းလဲသွားပြီဖြစ်လို့ တနိုင်ငံနဲ့ ဆက်ဆံရေးကောင်းအောင် တည် ဆောက်ပြီး တခြားနိုင်ငံကို ရန်လုပ်ဖို့လည်း မလိုတော့ကြောင်း - စတာတွေ ပြောဆိုဆွေးနွေးသွားပါတယ်။ သူက စစ်အေး ခေတ်ကို ရည်ညွှန်းဟန် ရှိပါတယ်။
ဆွေးနွေးသူများအားလုံး တညီတညွတ်တည်း သဘောတူညီကြတာကတော့… ဒီလိုနိုင်ငံတကာကလည်း ဝိုင်းဝန်းကူညီ ၊ အစိုးရသစ်ကလည်း လက်တွေ့ကျစွာ စဉ်းစားတတ်ပြီး (သူတို့ ကတိပေးထားသလို) ထင်သာမြင်သာရှိတဲ့ အစိုးရ၊ တရားဥပဒေနဲ့အညီ အုပ်ချုပ်တဲ့အစိုးရမျိုး တည်ဆောက်နိုင်မယ်ဆိုရင် အချိန်တို (၂ နှစ်လောက်) အတွင်း ဗမာပြည်ကြီးရဲ့ အသွင်အပြင်ဟာ ပြောင်းလဲသွားနိုင်ပါတယ် …. တဲ့။ အားရစရာကြီးပါဘဲ။
၂။ ဒုတိယ စိန်ခေါ်ချက်ကတော့ နှစ်ပေါင်း (၆၀) နီးပါး ကြာမြင့်ခဲ့ပြီဖြစ်တဲ့ လူမျိုးစုပဋိပက္ခများ…. တဲ့။ ဗမာပြည်ဟာ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ်ကြီး ဖြစ်နေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တယ်။ လူမျိုးစုများသလောက် လူမျိုးစုတိုင်း လက်နက်ကိုင်ပြီး ဗဟိုအစိုးရကို တိုက်နေတာတွေ့ ရတယ်။ ဒီစစ်ပွဲဟာ နှစ်ပေါင်း(၆၀)နီးပါး ရှိနေပြီး ဘယ်ဘက်ကမှ အပြတ် နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဗဟိုအစိုးရကလည်း မိမိတို့ရဲ့အားသာချက်ဖြစ်တဲ့ သမရိုးကျလက်နက်ကြီးများကို လူမျိုးစု များရှိရာ တောင်တန်းဒေသများကို သယ်မလာနိုင်သလို တောင်တန်းဒေသများကနေ တနိုင်တပိုင် တကွဲတပြား တိုက်နေ ကြတဲ့ လူမျိုးစုများကလည်း မြို့ကြီးပြကြီး ဒေသတွေရှိရာ မြေပြန့်လည်း ဆင်းတိုက်နိုင်ကြတာ မဟုတ်ဘူး။ ဒီအတိုင်း ဆက်တိုက်နေကြရင် ဗမာပြည်ကြီးဟာ ကျဆုံးနိုင်ငံ(failed state) ဖြစ်သွားမှာ ဖြစ်ပြီး တခြားနိုင်ငံများကိုလည်း ဆွဲချသွား နိုင်ကြောင်း၊ (ဒီနေရာမှာ တရုတ်ပါမောက္ခက - ဗမာ့တပ်မတော်နှင့် လူမျိုးစုအဖွဲ့များအကြား တိုက်ပွဲများ၊ ကေ- အိုင်- အေ၊ ကိုးကန့်စတဲ့ အဖွဲများနဲ့ ဖြစ်တဲ့တိုက်ပွဲများကနေ သူတို့ တိုင်းပြည်တွင်း ဖိတ်စင်ကျလာတဲ့ ဖြစ်ရပ်များကို ဥပမာပေး ပြောသွားပါတယ်။)
ဗမာပြည်ရဲ့ မတည်ငြိမ်မှုဟာ ဒေသတွင်း (အရှေ့တောင်အာရှ) ကိုလည်း ဂယက်ရိုက်နိုင်ကြောင်း၊ ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ (ကုလသမဂ္ဂ၊ အေဆီယံ)နဲ့ တာဝန်သိတဲ့ နိုင်ငံများ ဒီပဋိပက္ခများ ပြေလည်ပြီး လက်နက်ကိုင် တိုက်ခိုက်နေမှုများ ရပ်သွားအောင် (ငြိမ်းချမ်းရေးရအောင်) ဝိုင်းဝန်း ကူညီဖြေရှင်းပေးသင့်ကြောင်း၊ ပဋိ ပက္ခရဲ့ အရင်းခံအချက်ဟာ လူမျိုးစုများဒေသက ထွက်ရှိတဲ့ သယံဇာတပစ္စည်းများကို ခွဲဝေရာမှာ တရားမျှတမှုရှိရေးဖြစ်ပြီး အစစအရာရာ ခေတ်နောက်ကျနေတဲ့ လူမျိုးစုဒေသအတွက် ဘက်စုံ (ပညာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စသဖြင့်) ဖွံ့ဖြိုးတိုးတက်ရေးများကို ဒေသခံလူထုနဲ့ စေ့စပ်ဆွေးနွေး အဖြေရှာပြီး ဖြေရှင်းပေးမယ်… ဆိုရင် ဖြစ်နိုင်ကြောင်း ပြောဆိုကြပါတယ်။
ဒီနေရာမှာ အမေရိကန်က အကြံပေးအရာရှိက… ကုလသမဂ္ဂက ဦးဆောင်လုပ်ကိုင်နေတဲ့ အစဉ်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် (၁၇) ချက် (Sustainable Development Goals SDG(17)) အကြောင်း ထည့်သွင်း ပြောကြားသွားပါတယ်။ ဒါတွေကို ဦးဆောင်လုပ်ဆောင်နေတဲ့ လူမှုအဖွဲ့အစည်းများအကြောင်းလည်း ထည့် ပြောသွားပါတယ်။ သူက အာဖရိကတိုက်က တချို့နိုင်ငံများ ဒီအစီအစဉ်တွေရဲ့ ဆောင်ရွက်မှုကြောင့် တိုင်းပြည်ရဲ့ စီးပွား ရေးတွေ တိုးတက်လာလို့ နိုင်ငံများ (ဆူဒန်၊ အီသီယိုပီးယား) တစုံတရာတည်ငြိမ်လာကြောင်း ပြောဆိုသွားပါတယ်။ ဒါလည်း အားရစရာကြီးပါဘဲ။
၃။ တတိယနဲ့ အခက်ဆုံး စိန်ခေါ်ချက်ကြီးကတော့… တဲ့။ ဗမာပြည်မှာ သြဇာကြီးမားလှတဲ့ တပ်မတော်နဲ့ ဆက်ဆံရေး ပါပဲ… တဲ့။ ဗမာ့တပ်မတော်ကြီးကို ဒီမိုကရေစီစနစ်ဘောင်အတွင်း သွင်းပြီး တပ်တွင်း ပြုပြင်ပြောင်းလဲရေးများ အောင်မြင်စွာ ပြုလုပ်နိုင်မှသာလျှင် ဒီပြသာနာဖြေရှင်းနိုင်မယ်။ ဗမာ့တပ်မတော်အနေနဲ့ကလည်း ကမ္ဘာရေစီးကြောင်း (tide) ပြောင်း သွားပြီဆိုတာ မြင်ဖို့လိုပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာ တပ်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အောင်မြင်ပြီး ဂုဏ်သိက္ခာ နဲ့ပြည့်ဝတဲ့ တပ်အဖြစ် ပြောင်းလဲသွားတဲ့ တပ်မတော်(honorable professional army) များကို လေ့လာသင့်ကြောင်း ပြောသွားပါတယ်။ ဒီနေရာမှာ စင်ကာပူကပါမောက္ခက အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တပ်များရဲ့ ပြုပြင်ပြောင်းလဲရေး အကြောင်း တွေ ပြောသွားပါတယ်။ တရုတ်ပါမောက္ခကလည်း သူတို့တပ်ရဲ့ ပြုပြင်ပြောင်းလဲရေး အကြောင်းတွေကို ဥပမာပေး ပြောသွားပါတယ်။
ဒီနေရာမှာ တရုတ်တပ်ရဲ့ ပြုပြင်ပြောင်းလဲရေးများကို ကျွန်မ သိသလောက် ပြောပြချင်ပါတယ်။
တကယ်တော့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(People’s Liberation Army.P.L.A)ဟာ- တော်လှန်ရေးအတွင်းက ထွက်ပေါ်လာတဲ့ တပ်အဖြစ် တရုတ်ပြည်သူများအကြား အလွန်ဂုဏ်သိက္ခာရှိခဲ့ပါတယ်။ “တပ်နဲ့ပြည်သူ - ရေနဲ့ ငါးပမာ” ဆိုတဲ့ တော်လှန်ရေးအတွင်းက ဆောင်ပုဒ်နဲ့အညီ တော်လှန်ရေး အောင်မြင်ပြီးချိန် တိုင်းပြည် တည်ဆောက်ရေးကာလ၊ ငြိမ်းချမ်းရေးကာလများမှာလည်း ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲဟူသမျှ ရှေ့ကနေ ကာဆီး ခုခံပေးရုံမျှမက ကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း (ဥပမာ- ငလျင်ဘေး၊ ရေကြီးရေလျှံဘေး) အသက်ကိုတောင်စွန့်ပြီး ပြည်သူလူထုတွေကို ကယ်တင်ခဲ့တဲ့အတွက် ပြည်သူလူထုရဲ့ သက်ရှိမဟာတံတိုင်းကြီး လို့တောင် တင်စားအခေါ်ခံခဲ့ရပါတယ်။
ဒါပေမဲ့ ၁၉၇၈ခုနှစ်၊ တရုတ်ပြည်မှာ တံခါးဖွင့်ရေးနဲ့ ပြုပြင်ပြောင်းလဲရေး ပေါ်လစီ ပေါ်ပေါက်လာရာမှာ တပ်ကိုလည်း ခေတ်မီ တိုးတက်ရေး စီမံကိန်း (Modernization of the Army) ဆိုတာကို လုပ်ဆောင်လာပါတယ်။ သိန်းနဲ့ချီပြီး တပ်အင်အားတွေကို လျှော့ချခဲ့ပါတယ်။ ခေတ်မမီတော့တဲ့ စစ်လက်နက်ပစ္စည်းတွေကို ဖြေရှင်းပစ်လိုက်ပြီး ခေတ်မီ လက်နက်အသစ်အဆန်းများနဲ့ အစားထိုးခဲ့ပါတယ်။ ဒီလုပ်ငန်းတွေအတွင်း တပ်အလိုက် ဖြေရှင်းခွင့်တွေ ပေးခဲ့ပါတယ်။ ဒီမှာတင် ပြသာနာတွေတက် တော့တာပါ။ တပ်တွေဟာ ယိုပေါက်အမျိုးမျိုးကနေ စီးပွားရေးလုပ်ငန်းတွေ လုပ်လာပါတော့တယ်။ အစောပိုင်းကတော့ တပ်က အနားပေးလိုက်တဲ့ စစ်မှုထမ်းဟောင်းများ သက်သာချောင်ချိရေးအတွက်လို့ ခေါင်းစဉ်တပ်ခဲ့ ပေမယ့် (တကယ် အောင်မြင်အောင်လုပ်နိုင်တဲ့ အဖွဲ့များလည်း ရှိခဲ့ပါတယ်။) နောက်ပိုင်းမှာ တဦးချင်းရဲ့ အိတ်ထောင် တွေထဲ ရောက်ကုန်ပါတယ်။ ပိုဆိုးတာက ရာထူးတွေကို ငွေနဲ့ ဝယ်ယူလာနိုင်တာ တွေဖြစ်လာပါတယ်။ တပ်ပစ္စည်း ဝယ်ယူရေး လုပ်ငန်းတွေမှာလည်း အလွှဲသုံးစားမှုတွေ ပေါ်ပေါက်လာပါတယ်။ ဒါကြောင့် တပ်တွင်း လာဘ်ယူလာဘ်စား တိုက်ဖျက်ရေး ဆိုတာကို လုပ်ဆောင်လာရပါတယ်။ အခုတော့ တပ်များစီးပွားရေး လုံးဝမလုပ်ရဆိုတဲ့ ကန့်သတ်ချက်ကို တင်းတင်းကျပ်ကျပ်ထုတ်လိုက်ပါပြီ။
ဒါနဲ့ပတ်သက်ပြီး “တရုတ်တပ်မတော် အတွင်းရေးများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်မဘာသာပြန် ဆောင်းပါးတစောင် ရေးခဲ့ဖူး ပါတယ်။ (မိုးမခ-၂၀၁၅-မေ-၅)။ အဲဒီထဲက အလွန်သဘောကျဖွယ်ကောင်းတဲ့ အချက်တချက် ပါပါတယ်။
“ဗိုလ်ချုပ်ကြီးများက ရသလောက် ခြစားနေပြီး အောက်ခြေစစ်သားများက မလုံတလုံ စခန်းများမှာနေရ မဝတဝစား နေရရင် တိုင်းရေးပြည်ရေး အရေးကြုံလာရင် ဘယ်သူက အသက်ပေး ကာကွယ်တော့မှာလဲ”…. တဲ့။ ဒီအချက်သိပ်မှန် ကြောင်း ၂၀၁၅ က ဖြစ်ပွားခဲ့တဲ့ ကိုးကန့်ဒေသတိုက်ပွဲများအတွင်း ရှေ့တန်းကဓာတ်ပုံများ သတင်းမီဒီယာများမှာ ပျံ့နှံ့ လာတဲ့အခါမှာ တွေ့လာရပါတယ်။ ရှေ့တန်းစခန်းများမှာ အတုံးအရုန်း ကျဆုံးကြရတဲ့ တပ်မတော်သားများရဲ့ ပုံတွေကို (ပြည်သူတွေရဲ့စာနာမှုကို ရမလား မျှော်လင့်ချက်နဲ့) တင်လိုက်တဲ့အခါ၊ သံခမောက်တွေဆောင်းလျက် ကျည်ကာ အကျီတွေဝတ်လျက်နဲ့ ကျည်ဆန်ထိမှန် သေဆုံးနေတာကိုတွေ့လိုက်ရတဲ့ လူအပေါင်း (တပ်မတော်သားများအပါအဝင်) က အံ့သြတကြီး မေးမြန်းလာကြပါတယ်။ ဘယ်နှယ်ဖြစ်ရတာလဲ။ ဒီလောက်အကာအကွယ်တွေ ဝတ်ထားလျက် က ဘာကြောင့် သေရတာလဲ ... ဆိုတဲ့မေးခွန်းပါ။
ဟုတ်ပါရဲ့။ ထိရင် သေနိုင်လောက်တဲ့ အတွင်းအင်္ဂါတွေ (vital organs) (ဦးနှောက် အဆုတ်-နှလုံးတို့ရှိတဲ့ ရင်ခေါင်း) ကို အကာအကွယ်ပေးထားပါလျက်-ဘာလို့သေရတာတုန်း။ ဒီမှာတင် ပြဿနာတွေ တထွေးကြီး ပေါ်လာပါတော့တယ်။ ဒီကျည်ကာအဝတ်တွေရဲ့ အာမခံနှုန်း၊ အရည်အသွေးတွေအပေါ် မေးခွန်းများကတဆင့် တပ်ပစ္စည်းများ ဝယ်ယူတဲ့စနစ်အထိ (ပေါ-ချောင်) တွေလိုက်ပြီး အလွဲသုံးစားမှုတွေအထိ တသီကြီးပါ။
ဒီတင်ဘယ်သူမှ ရှေ့တန်းမထွက်ချင်တော့ဘူး ဖြစ်လာတယ်။ စစ်ဗိုလ်များ အရေးပေါ်ဆေးခွင့်တွေ တင်လာတယ်။ (တပ်တွင်း ဆရာဝန်များ အတော်ပွလိုက်တယ်လို့ ကြားရတယ်။) သူတို့က- ဘိန်းတပ်လို့ စွပ်စွဲခေါ်ဆိုခဲ့တဲ့ တပ်သားဦးရေ ထောင်အချို့သာ ရှိတဲ့ ကိုးကန့်တပ်ကို ဘက်စုံ (လေတပ်ပါ) အားသုံးပြီး တိုက်တာတောင် ဘယ်လောက် မရှုမလှဖြစ်ခဲ့တယ်ဆိုတာ အားလုံးတွေ့ခဲ့ကြပါပြီ။ ဒီတော့ ကျွန်မကိုးကားခဲ့တဲ့ အထက်က စာပိုဒ်ကလေး ဘယ်လောက်မှန်တယ် ဆိုတာ တွေ့ရပြီမဟုတ်လား။ ဗမာ့တပ်မတော်ရဲ့ တိုက်ရည်ခိုက်ရည် ဘယ်လောက်ကျသွားပြီဆိုတာလည်း မြင်ရပြီပဲ။ (ဒါတွေက ကျွန်မတဦးချင်း အမြင်တွေပါ။)
စကားဝိုင်း အစီအစဉ်ကို ပြန်ဆက်ပါ့မယ်။ ဒါကြောင့် တပ်ပြုပြင်ပြောင်းလဲရေးကို တပ်မတော်သားများကပါ ထောက်ခံလာရေးကို အစိုးရအသစ်အနေနဲ့ ပျော့ပျော့ပြောင်းပြောင်း နည်းပရိယာယ်ကြွယ်ကြွယ်နဲ့ အရှိန်မြှင့် လုပ်ဆောင်ကြရမယ်။ အစိုးရသစ်ရဲ့ စီးပွားရေးပေါ်လစီသစ်များကြောင့် ပြည်သူလူထုကြီးတရပ်လုံး အနေအစားချောင်လည် အေးချမ်းလာပြီး မိမိတို့အတွက်လည်း အကျိုးရှိတယ်ဆိုတာကို တပ်မတော်သားတွေ (အများစုကြီး) မြင်လာတဲ့တနေ့မှာ အစိုးရသစ်နဲ့တပ်မတော်အကြား ဆက်ဆံရေးတွေကောင်း မွန်လာနိုင်ပါတယ်ဆိုတဲ့ နိဂုံးချုပ်စကားနဲ့ ရုပ်မြင်သံကြားစကားဝိုင်း အစီအစဉ်ပြီးသွားပါတယ်။
နိုင်ငံတကာပညာရှင် သံတမန်လေ့လာသူဆိုသူများက ဗမာပြည်အခြေအနေကို ဗမာပြည်သူများလောက် မသိနိုင်ပါဘူး။ သိသလောက်ကိုလည်း ပြည်တွင်းရေးဗြောင်စွက်သလို ဖြစ်မှာမို့ သံတမန်စကားနဲ့ အကောင်းမြင်သဘောပဲ ပြောကြတာပါ။ သူတို့သုံးသပ်ချက်ထဲမှာ ၂၀၀၈ ပြသာနာကို ရှောင်ထားပါတယ်။ သူတို့ပြောတဲ့ စီးပွားရေး ၊လူမျိုးစုပဋိပက္ခ(ပြည်တွင်းစစ်)၊ တပ်မတော်နှင့် ဆက်ဆံရေး ဆိုတဲ့ ပြသာနာသုံးရပ်ရဲ့ ဆုံချက်က စစ်ဗျူရိုကရက်လူတန်းစားရဲ့ ကိုယ်ကျိုးစီးပွားကို ကာကွယ်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပဲဖြစ်ပါတယ်။ ဗမာပြည် လူမျိုးပေါင်းစုံ ပြည်သူများရဲ့ ရည်မှန်းချက်နဲ့ လိုအင်ဆန္ဒက ၂၀၀၈ ဖျက်သိမ်းရေး၊ ပါတီစုံ ဒီမိုကရေစီ အရပ်သားးအစိုးရ ပေါ်ထွန်းရေးဖြစ်ပါတယ်။ ဒီအတွက်လည်း တစိုက်မတ်မတ် အနုနည်း၊ အကြမ်းနည်း၊ နည်းသဏ္ဍာန်ပေါင်းစုံနဲ့ စစ်အာဏာရှင်အစဉ်အဆက်ကို တိုက်ပွဲဝင်လာတာဖြစ်ပါတယ်။
လူထုတိုက်ပွဲများဟာ ကိုယ့်အားကိုယ်ကိုး ကိုယ်စွမ်းကိုယ်စကို ထုတ်ဖေါ် ပြသရုံတင်မက ဗမာပြည်လူထုဟာ ၁၉ရာစုကလို ပဒေသရာဇ် အတွေးအခေါ်ထဲ ပိတ်မိနေတာ မဟုတ်ပါဘူး။ ဘေးလူတွေကပြောတဲ့ ပြေရာပြေကြောင်း ပြုပြင်ရေးလမ်းကြောင်းက ပြသာနာကို ဆေးမီးတိုနဲ့ ကုဖို့ ဆေးညွှန်းပေးသလိုသာ ဖြစ်ပါတယ်။ တစတစစည်းလုံးညီညွှတ် ကြီးထွားလာတဲ့ ပြည်သူ့အင်အားနဲ့သာလျှင် ဗမာပြည်ပြသာနာကို ဗမာပြည်သူတွေကိုယ်တိုင် ဇြေရှင်း ကြရမှာပါ။
တပ်မတော်သားများအနေနဲ့ကလည်း ဒီမိုကရေစီရဲ့အရသာကို ဝင်ရောက်စံစားလိုချင်ရင်ဖြင့် မိမိတို့ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရရှိရေးအတွက် ကိုယ့်အားကိုယ့်ကိုး စတင်လုပ်ဆောင်ကြရပါလိမ့်မယ်။ ပထမဆုံး လုပ်ငန်းအဖြစ်နဲ့တော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို တပ်တွင်းမှာ ဒီမိုကရေစီနည်းနဲ့ တပ်ထုက ရွေးကောက်ပြီး တပ်ချုပ်ကြီးက အတည်ပြုပေးတဲ့ နည်းလမ်းမျိုး၊ စနစ်မျိုးပေါ်ပေါက်ရေးအတွက် ကြိုးစား သင့်ပါတယ်။ ဒါမှ သာ တပ်မတော်သားကိုယ်စလှယ်များဟာ တပ်မတော်သား အများစု အကျိုးစီးပွားကို ကိုယ်စားပြုတဲ့ သူတွေ ဖြစ်လာမှာဖြစ်ပြီး ဒီမိုကရေစီစနစ်ရဲ့ အစိတ်အပိုင်းတရပ် ဖြစ်လာမှာပါ။
ဒီလိုဆိုယင်ဖြင့် ဘယ်သူ့ ဘယ်သူမှ အနိုင်ကျင့်စရာမလို ဖြစ်သွားပါလိမ့်မယ်။ (ဧပြီလ(၅)ရက်နေ့က အနိုင်ကျင့်ခံရတယ် ဆိုတဲ့စကားကို အတည်ပြုပေးလိုက်တာတော့ မဟုတ်ပါဘူး။ ယေဘုယျသဘောကိုသာ ပြောတာပါ။)
ဗမာပြည်သူလူထုကြီးတရပ်လုံး (တပ်မတော်သားများ အပါအဝင်) အနိုင်ကျင့်ခံရတဲ့ဘေးက ကင်းဝေးကြပါစေ။
လှကျော်ဇော
၂၅-၄-၂၀၁၆