မောင်မောင်စိုး - ငြိမ်းချမ်းရေး ဤခရီး နီးပါ၏လော - အပိုင်း (၈)
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၅
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၅
• တိုင်းရင်းသားပြဿနာ၏ အရေးပါမှု
တိုင်းရင်းသားပြည်နယ်များသည် မြန်မာပြည်၏ တဝက်ခန့်ရှိပြီး တိုင်းရင်းသားပြည်နယ်အများစုတွင် စစ်ပွဲများဖြစ်ပွားနေပါ သည်။ တိုင်းရင်းသားတို့၏ တန်းတူရည်တူရှိမှု ပေါ်အခြေခံပြီးတိုင်းရင်းသားပြဿနာဖြေရှင်းရေးမှသာ တိုင်းပြည်ငြိမ်းချမ်း ရေးရမှာဖြစ်သကဲ့သို့ စစ်စားရိတ်နှင့်ပိနေသော တိုင်းပြည်အား စစ်ပွဲနွံတွင်းမှဆွဲထုတ်ပြီး ချမ်းသာကြွယ်ဝအောင်ဆောင်ရွက်နိုင်ပါလိမ့်မည်။ စစ်ပွဲရှိနေသ၍ ပြည်တွင်းစစ်ဖြစ်နေသ၍ စစ်စားရိတ်ပိနေသ၍ တိုင်းပြည်နလံထူနိုင်လိမ့်မည်မဟုတ်။
ထို့အတွက် ဖြေရှင်းစရာများသည်။ ပထမအချက်မှာ စစ်ပွဲများသည် အမျိုးသားရေး ပို၍ ပို၍ ဆန်လာနေသည်ကို ဖြေရှင်းရန် လိုသည်။ ပြည်နယ်များတွင် ဝင်ရောက်စစ်ဆင်နေသော အစိုးရတပ်များဝင်ရောက်လာပါက ဒေသခံတိုင်းရင်းသားအားလုံးလိုလိုက အစိုးရစစ်တပ်ဟု ခေါ်ဝေါ်သုံးစွဲလေ့မရှိ။ ဗမာလာပြီ။ ဗမာစစ်တပ်လာပြီဟူ၍သာ သုံးစွဲကြသည်။ ဤသို့ခေါ်ဝေါ် သည်မှာ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ရှောင်လွှဲလို့မရသည့် လက်တွေ့ဖြစ်ရပ် ဖြစ်နေသည်။ ဖြေရှင်းရမည့် ပြဿနာ တရပ်လည်း ဖြစ်နေပေတော့သည်။ တဖက်ကလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များမှာ ဒေသခံတိုင်းရင်းသား၏ လူမျိုးတူ ဆွေမျိုးသားချင်းများဖြစ်နေရာ တနည်းနည်းဖြင့် ဆက်နွယ်ပတ်သက်မှုရှိနေသည်။ ဤအခြေအနေအောက်တွင် အစိုးရစစ်တပ်ကလည်း မည်သည့်တိုင်းရင်းသားကျေးရွာမှ အယုံအကြည်မရှိဘဲ သူပုန်ရွာဟု သတ်မှတ်လာသည်။ တဖက် ကလည်း မိမိတို့တိုင်းရင်းသားရွာများအား ဗိုလ်ကျနှိပ်စက်သည်ဟုယူဆကာ အမျိုးသားစိတ်ပြင်းထန်စွာ တုန့်ပြန်လာသည်။
ထို့ပြင် တောတွင်းစစ်ဆင်ရေးများတွင် တာဝန်ကျသော အစိုးရစစ်တပ်များ၏ ကြမ်းတမ်းစွာပြုမူမှု လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများရှိလေရာ တိုင်းရင်းသားတို့၏ စိတ်ပျက်မှု မုန်းတီးမှုကို ခံရသည်။ သို့နှင့် လူမျိုးတမျိုးနှင့် တမျိုးကြား လူမျိုးရေးမုန်း တီးမှုများသည် စစ်ပွဲရှည်ကြာသည်နှင့် ပို၍ ပို၍တိုးလာနေတော့သည်
ဒုတိယအနေနှင့် တိုင်းရင်းသားတို့၏ စိတ်ခံစားမှုတွင် သူတို့ဒေသတွင်း၌ သူတို့အစဉ်အလာပိုင်ဆိုင်သော မြေယာ သယံဇာ တပိုင်ဆိုင်မှုများ ဆုံးရှုံးနေသည်။ လက်လွှတ်ပေးနေရသည်ဟု ခံစားနေရသည့်ပြင် သူတို့မြေမှထွက်သည့် သယံဇာတများ သူတို့ခန့်ခွဲခွင့်မရှိ အကျိုးခံစားခွင့်မရှိဟု ခံစားကြရသည်။
တိုင်းရင်းသားများနေထိုင်ရာဒေသများတွင် တောတောင်များကို အစဉ်အလာ သတ်မှတ်ပိုင်ဆိုင်ထားကြသည်။ ရွှေ့ပြောင်း တောင်ယာစနစ်ကို လုပ်ကိုင်ကြရာတွင် တခါစိုက်ပြီးနေရာကို အနည်းဆုံးဆယ်နှစ်မှ ပြန်စိုက်၍ ရသည်ဖြစ်ရာ လူနေကျဲပါး သောတောင်တန်းဒေသများတွင် ဘိုးစဉ်ဘောင်ဆက် သတ်မှတ်ပိုင်ဆိုင်ကြသည်။ ထို့ကြောင့် ရွာနှင့်ဝေးသောနေရာတွင်ပင် ဝါးရုံများ၊ သက်ငယ်တောများ စိုက်ခင်းများ အလျဉ်းသင့်သလို စိုက်ပျိုးထားကြသည်။ ထို့ပြင် စိုက်ပျိုးရာသီကုန်လျှင် မိမိတို့၏ ကျွဲနွားများအား တောထဲသို့လွှတ်လိုက်ပြီး စိုက်ပျိုးရာသီစမှ ပြန်လည်ဖမ်းယူသည့်အလေ့များလည်း ရှိကြသည်။
သို့သော် လက်ရှိအစိုးရအာဏာပိုင်များက ကျေးရွာနယ်နမိတ်မှအပ ကျန်ဧရိယာများအား မြေလွတ်မြေရိုင်းများ သစ်တော ဧရိယာများအဖြစ် သတ်မှတ်လိုက်သောအခါ အအစဉ်အလာ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်လာသည်များ အလိုအလျောက် ဆုံရှုံးသွားတော့သည်။ ကိုယ့်နယ်မြေတွင် ကိုယ်က ကျူးကျော်ပြန်ဖြစ်သွားသည်။ အစဉ်အလာ တိုင်းရင်းသားတို့ပိုင်ဆိုင်လုပ် ကိုင်လာသောဒေသများတွင် လုပ်ငန်းရှင်သူဌေးများ အာဏာပိုင်များက မြေဧက ထောင်သောင်းချီ၍ သိမ်းပိုက်ကာ စီးပွား ရေးလုပ်ငန်းများကိုလုပ်ကြသည်ကို ဒေသခံများ ခံကြရသည်။ ကိုယ့်တောတောင်တွင် ကိုးကွယ်ယုံကြည်မှုအရ လက်ဝါးကပ် တိုင်စိုက်ထူသူက သစ်တော့ဥပဒေနှင့် အရေးယူခံရသည့်ဘဝ ဖြစ်သွားတော့သည်။
တတိယအနေနှင့် တိုင်းရင်းသားဒေသများမှ သယံဇာတများအား ၎င်းတို့ အကျိုးခံစားခွင့်မရသည့်အခြေအနေကို ခံစား နေရခြင်းဖြစ်သည်။ ဥပမာ ကချင်ပြည်နယ်ရှိ ဖားကန့်ကျောက်စိမ်းဒေသမှ နှစ်စဉ် ဒေါ်လာသန်းထောင်နှင့်ချီသည့် တန်ဘိုးရှိ ကျောက်စိမ်းများထွက်ရှိနေသော်လည်း ဒေသမှာ ဖွံ့ဖြိုးတိုးတက်လာခြင်းမရှိ ၁၉၉၄ မှ ၂၀၁၁ ထိ KIA နှင့် ၁၇ ကြာ အပစ် ရပ်ထားသည့် ငြိမ်းချမ်းသည့်ကာလတခုရှိခဲ့သော်လည်း ဒေသဖွံ့ဖြိုးတိုးတက်မလာ။ အာဏာပိုင်များ စီးပွားရေးသမားကြီးများ ချမ်းသာကြွယ်ဝသွားကြသည်။ သို့သော် ဖားကန့်ဒေသကား တခြားမပြောနှင့် မိုးကောင်းမှ ဖားကန့်သွားသည့်လမ်းပင် မ ကောင်း။ နွေဆိုလျှင် ဖုံတထောင်းထောင်း မိုးတွင်းဆိုလျှင် ရွံ့တွေ ဗွက်တွေအပြည့်။ လေးဘီးယက်ကားများ ဝင်ရိုး ၃ တန်း ကားများမဟုတ်လျှင် သွားလာဘို့မလွယ်။ ထိုကားများပင်လျှင် အခန့်မသင့်၍ ဗွက်နစ်နေပါက ဆင်နှင့်ဆွဲရသေးသည်။ အ မေရိကန်ဒေါ်လာ သန်းပေါင်းထောင်ချီထွက်နေသည့် အဖိုးတန် သယံဇာတထွက်သည့်မြေဟုပင် မထင်ရ။
တောင်များစွာပြိုခဲ့ပြီ။ ရွာများ ချောင်းများ ပျောက်ခဲ့သည်။ အချိန်မရွေးပြိုကြနိုင်သည့် မြေစာပုံကြီးများရှိသည်။ ပြိုကျ၍လည်း အသက်ဆုံးပေါင်းလည်း မနည်းတော့ပြီ။ တောင်ကြားများတွင် မြေစာပစ်ရင်း ရေကန်ကြီးများပေါ်လာပြီး အချိန် မရွေးကျိုးကြ ပေါက်ကြနိုင်သည့်အန္တရာယ်ရှိနေသည်။ ဖားကန့်ဒေသသည သယံဇာတကျိမ်စာသင့်နေသည်။ ဒေသခံတို့ဘဝ မြင့်တက် လာခြင်းမရှိ။
အထူးသဖြင့် ၁၉၆၂ နောက်ပိုင်း ပြည်နယ်အုပ်ချုပ်ရေးပိုင်းတွင် ဒေသခံတိုင်းရင်းသားတို့နေရာပျောက်နေပြီး စစ်တိုင်းမှူးများ၏တချက်လွှတ်အမိန့်အာဏာအောက်တွင်နေရသည်။ အဆင့်ဆင့်အုပ်ချုပ်ရေးပိုင်းတွင်လည်း စစ်ဗိုလ်များ စစ်ဗိုလ်လူထွက်များသာကြီးစိုးနေသည်။ တိုင်းရင်းသားတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပျောက်ဆုံးနေသည်။
ဤသည်တို့ကား တိုင်းရင်းသားပြည်နယ်များရှိ လက်တွေ့ကျကျဖြစ်ပျက်နေသော အခြေအနေများ မဖြစ်မနေ ဖြေရှင်းရမည့်အခြေအနေများဖြစ်သည်။
• အမျိုးသားတန်းတူရေး ငြိမ်းချမ်းရေး ဒီမိုကရေစီရေး
အမျိုးသားတန်းတူရေးသည် ပြည်နယ်များရှိ တိုင်းရင်းသားများထိပ်တန်းပြဿနာဖြစ်သလို ဒီမိုကရေစီရေးသည် ပြည်မ ပြည်သူများ၏ အရေးကြီးပြဿနာဖြစ်သည်။ ထို့အတူ ငြိမ်းချမ်းရေးသည် တပြည်လုံးအတွက် ဦးစားပေးပြဿနာဖြစ်သည်။ ထို့ကြောင့်ပင် အမျိုးသားတန်းတူရေး ဒီမိုကရေစီရေး ငြိမ်းချမ်းရေးမှာ မြန်မာပြည်တိုင်းရင်းသားပေါင်းစုံပြည်သူအားလုံး၏ ဘုံရည်မှန်းချက်ဖြစ်သည်ဟု ဆိုရပေမည်။
ဤရည်မှန်းချက်ထမြောက်အောင်မြင်ရေးအတွက် သော့ချက်မှာ ၂၀၀၈ ခြေဥပြင်ရေးဆိုသည်ကိုလည်း အားလုံးက လက် ခံပြီးဖြစ်သည်။ ထို့အတွက် အားလုံးသောအင်အားစုများသည် ၂၀၀၈ ခြေဥပြင်ရေးအတွက် လွှတ်တော်တွင်းမှလည်းကောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှလည်းကောင်း လူထုအား စည်းရုံးလှုံ့ဆော်ခြင်းအားဖြင့်လည်းကောင်း နည်းမျိုးစုံဖြင့် ကြိုးစား နေခြင်း ဖြစ်သည်။
ဤသို့သော အခြေအနေအောက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီများ တိုင်းရင်းသားလက်နက်ကိုင်များသည်တူညီသောခြေလှမ်းဖြစ်သည့် ၂၀၀၈ ခြေဥပြင်ဆင်ရေးအား တညီတညာတည်း လှမ်းဘို့သာလိုပေသည်။ ဤအရွေ့ အတွက် ညီညာစွာအားစိုက်ဘို့ လိုပေလိမ့်မည်။ တယောက် မြောက်တွန်းချိန် တယောက်က တောင်ဘက်တွန်း၍ မဖြစ်။ တယောက်တွန်းချိန် တယောက်က ထိုင်နေ၍မဖြစ်။ ဦးတည်ချက်တခုသို့ ညီညီညာညာတွန်းလျှင် ရွေ့မည်သာဖြစ်သည်။ သို့သော် ဤအချက်ကို အားလုံးလွယ်ကူရှင်းလင်းစွာ နားလည်နိုင်သော်လည်း လက်တွေ့လုပ်ကိုင်ရာတွင်မတော့ အခက် အခဲများ သဘောထားကွဲမှုများမညီညွတ်မှုများ ကြုံရသည်မှာ ဓမ္မတာပင်။ မည့်သို့ဆိုစေ ယခင်ကထက်စာလျှင် ပို၍ ပို၍ နီးကပ်ညီညွတ်လာသည်ဟု ဆိုရမည်။
ပြီးခဲ့သောလများက NLD သည် ပြည်ထောင်စုပါတီဟု ပြောဆိုသည်ကို တွေ့ရသည်။ ရည်မှန်းချက်အရ ကောင်းမွန်သော ရည်မှန်းချက်ဖြစ်သဖြင့် ကြိုဆိုရပေမည်။ သို့သော် လက်တွေ့တွင်တော့ NLD သည် ပြည်ထောင်စုပါတီ မဖြစ်သေးပေ။ အဓိက ပြည်မရှိ ဒီမိုကရက်များ၏ပါတီသာ ဖြစ်နေသေးသည်။ တိုင်းရင်းသားများအတွင်းသို့ ကျယ်ကျယ်ပြန့်ပြန့် မစည်းရုံး နိုင်သေးပေ။ တိုင်းရင်းသားလူမျိုးတိုင်းသည် တိုင်းရင်းသားပါတီများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အရပ်ဖက်အဖွဲ့ အစည်းများ ဘာသာရေးအဖွဲ့အစည်းများဖြင့် ရပ်တည်ကာ မိမိလူမျိုး၏ တန်းတူရေး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ယဉ်ကျေးမှု စာပေတို့အပြင် ကိုယ်ပိုင်အမျိုးသားရေးလက္ခဏာတို့အတွက် တိုက်ပွဲဝင်လျှက်ရှိသည်။ ထိုအင်အားစုတို့နှင့် လက်တွဲ မဟာ မိတ်ဖွဲ့နိုင်ရေးသည် ယခုအချိန်တွင် တိုင်းရင်းသာများနှင့် စည်းလုံးရေးအတွက် လက်ငင်းကျကျလုပ်ရမည့် အလုပ်ဖြစ်ပေ သည်။
ထို့ပြင် အာဏာရှင်စနစ်ကိုဖျက်သိမ်းပြီး တန်းတူမှုရှိသည့် ဒီမိုကရေစီစနစ် အစားထိုးဘို့ဆိုလျှင် ဖိနှိပ်မှုများ မတရားမှုများဆန့် ကျင်မှုများ ပေါက်ကွဲမှုများ သက်သက်နှင့်တော့ မရနိုင်ပေ။အတိုက်ခံအင်အားစုအားလုံးအား လက်တွေ့ကျကျ စနစ်တကျ စည်းရုံးလှုံ့ဆော် ဦးဆောင်နိုင်စွမ်းရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်။ သို့မှသာ အရွေ့တခုကိုပေါ်စေမည့် အင်အားကြီး ဖြစ်ပေ လိမ့်မည်။
• ငြိမ်းချမ်းရေး
ယခု NCA လက်မှတ်ထိုးဘို့ပင် အကြိတ်အနယ်ဖြစ်နေပေရာ တပ်နေရာချထားရေးမှသည် နိုင်ငံရေးဆိုင်ရာသဘောတူညီချက်များရဘို့ များစွာလုံးပမ်းရပေလိမ့်အုံးမည်။ နိုင်ငံရေးဆိုင်ရာသဘောတူညီချက် လုံခြုံရေးဆိုင်ရာတပ်ပိုင်းဆိုင်ရာ သဘော တ ညီချက်များရပြီးမှသာ ငြိမ်းချမ်းရေးပေါ်ပေါက်လာနိုင်ပေလိမ့်မည်။
နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်ဆိုရာ၌၂၀၀၈ ခြေဥပြင်နိုင်ရေးသည် သော့ချက်ဖြစ်နေပေရာ ငြိမ်းချမ်းရေးခရီးနီးမည်လော ဆိုသည်ကတော့ ခြေဥကို ဘယ်လောက် မြန်မြန်ပြင်နိုင်မလဲဆိုသည်ပေါ်တွင် မူတည်နေလိမ့်မည်ဟု ဆိုရပေမည်။
ပြီးပါပြီ