နေစိမ့် - လေဒီ
(မိုးမခ) မေ ၃၊ ၂၀၁၆
ဘာဆိုဘာမှမယုံကြည်လိုက်လေနဲ့
လေဒီ…
တရားတော်အလိုအရ ကိုယ့်ဒူးတောင်ကိုယ်မယုံရ
ဘာကိုမှမယုံနဲ့…
ဘယ်သူ့ကိုမှမယုံနဲ့လေဒီ
ဗြဟ္မစိုရ်တရားဆိတ်သုဉ်းနေတဲ့ အကာလ
အမှန်တရားက အချိန်နဲ့အမျှ အမဲလိုက်ခံနေရတဲ့ဘဝ
ဘာဆိုဘာမှမရှိတော့ပါဘူးဆိုတဲ့နိုင်ငံမှာ
အမှိုက်ပုံတွေ ဟည်းထနေပြီး အမှိုက်ကောက်နေရတဲ့နိုင်ငံမှာ
အပဲ့အရွဲ့တွေနဲ့ ကျားကန်ထားရတဲ့သမိုင်းဟာ
နွေဦးနဲ့အတူ ပွေ့ဖက်လာမယ့် လေရူးတွေမရိုင်းတော့ဘူး
လေဒီ…
ပြောကြလိမ့်မယ်
ကြမ်းပိုးကိုလိပ်မဖြစ် ဖြစ်အောင်
ပုတ်သင်ညိုကို ဒိုင်နိုဆော မဖြစ်ဖြစ်အောင်
ဒီနိုင်ငံရဲ့ဥသျှောင်ဟာ အမှိုက်ပုံထဲနစ်နေတယ်
ဒဏ္ဍာရီထဲမှာ ဖီးနစ်ငှက်ဟာ
မီးဟုန်းဟုန်းတောက်နေတဲ့ မီးပုံထဲက ပြန်ထလာတယ်
ပြန်ရှင်သန်လာတယ် လေဒီ
သင်ဟာ …အဆုံးအရှုံးတွေအားလုံးရဲ့ကိုယ်စားပြုသူ
ဝမ်းသာလွန်းလို့ စီးကျလာတဲ့မျက်ရည်တွေကြားက
လက်ရေတပြင်တည်းတုန်ခါနေတဲ့ရင်ခုန်သံမှာ
အလံတော်ဟာ လွင့်နေတယ်
လှည်းနေလှေအောင်း မြင်းဇောင်းမကျန်
လှိုင်းထအောင် သည်းသည်းလှုပ်ခဲ့တဲ့ပီတိတွေ
နှစ်ရှည်လများ စောင့်မျှော်နေခဲ့ရတဲ့ နေ့ရက်တွေ
ပြတ်ပြတ်သားသား ခံစားပြလိုက်ကြတာတွေ
ကမ္ဘာတည်သရွေ့ မမေ့မပျောက်နိုင်တဲ့အကျိတ်အခဲတွေ
ဘယ်တရားသူကြီးကမှစီရင်ချကမချနိုင်တဲ့ ဖြတ်ထုံးတွေ
ဘယ်လိုနည်းနဲ့ ဖြည်မလဲ …လေဒီ
အခု …ဖြစ်ရပ်မှန်တွေရုန်းကြွလာပြီ
ဘာမှန်းလည်းသိ ..ညာမှန်းလည်းသိ ခေတ်က ကြိုနေပြီ
တတိုင်းပြည်လုံး ချေမွဖျက်ဆီးခံရသမျှ
ပြည်သူပြည်သားတွေရလိုက်တာက မင်းပဲ …လေဒီ
လေဒီ…
သင်ဟာ မိစ္ဆာတွေဖန်ဆင်းထားတဲ့ရေကန်မှာ ဖူးပွင့်ရတဲ့ကြာ
ခေတ်အဆက်ဆက် နုံးတင်ကျန်ရစ်ခဲ့မယ့် မြေနုလွင်ပြင်
ကမ်းမမြင် လမ်းမမြင် သမုဒ္ဒရာထဲက ကျွန်း
သင်ဟာ ..နေ၀င်မီးငြိမ်း ညအမှောင်ထဲက ကြယ်
လင်းလက်ဖို့ ကိုယ့်ကိုယ်ကို လောင်ကျွမ်းပြီးမှ တောက်ပရ
လေဒီ …သင့်ကိုစောင့်နေကြတယ်
စောင့်နေကြတယ်
ချွတ်ခြုံကျနေတဲ့စိတ်ဓာတ်တွေရဲ့အငုတ်အရင်းမှာ
တဘ၀စာ အလင်းနဲ့ ထွန်းညှိလိုက်တဲ့ အညွန့်အခက်တွေ
ခူးဆွတ်ယူမယ့် လက်တစုံကို စောင့်နေကြတယ်
အခု …
လွှတ်တင်မယ့် ဂြိုဟ်တုရဲ့အမည်နာမက
လေဒီ။
(နေစိမ့်)