ဇာနည်သွေး (ပလိပ်) ● နာဖျားနေတဲ့ မြို့
(မိုးမခ) မေ ၄၊ ၂၀၁၆
တချို့လိပ်စာတွေက
နေရာမှန်မဟုတ်တဲ့အခါ
အရာရာ သတိထားသွားနေရတယ်
ဘယ်သူ့မှ မယုံရလို့
ကိုယ့်လမ်းကိုယ် ထမ်းထားတာပါ
ရင်ဘတ်မှာ
လမ်းဟာ လမ်းထက်ပိုလေးနေပေါ့
ဟော…
တွေးရင်း ဆွေးရင်း
အိပ်မက်တွေ ရေနစ်သွားတယ်
သဲလွန်စမရတဲ့ ခြေရာတွေနဲ့
အလစ်သုတ်ခံလိုက်ရတဲ့ အတိတ်ဟာ
ဘယ်သတင်းစာမှာမှ
ကြော်ငြာပါမလာခဲ့ဘူး
ကားအနက်ကြီးပေါ်ကစွန့်ပစ်လိုက်တဲ့
ရေသန့်ဗူးအခွံလေးလို
ဘယ်သူတွေများ
ငါ့ရင်ခုန်သံကို အရေးတယူရှိကြမလဲ
အထင်ကရဆိုလို့
ပြာကျသွားတဲ့ ဆန္ဒတွေနဲ့
သေသေသပ်သပ် အသတ်ခံနေရတဲ့
ခပ်နွမ်းနွမ်းမနက်ခင်းတွေ
တခုပဲ
ကျွန်တော့်အမည်ကို အခါခါအော်ပြီး
အလုအယက်ပြေးဝင်လာတဲ့
ကားစပါယ်ယာကြီးများအား
အထူးကျေးဇူးတင်ကြောင်းရေးရင်း
ဤကဗျာကို
ဤမှာပဲ ခေတ္တခဏရပ်နားခွင့်ပြုပါ……။ ။
ဇာနည်သွေး (ပလိပ်)
5.4.2016