Stock photo. Credit: Jonathan Brady/PA Wire |
လောကပါလ - မစီရင်ဝံ့ တရားသူကြီး
(မိုးမခ) မေ ၈၊ ၂၀၁၆
မကြားဝံ့ရှေ့နေ မမြင်ဝံ့ဆေးသမား ဟူသော ဆိုစကားရှိ၏။ ဆေးသမား (ဆရာဝန်) သည် လုပ်ငန်းသဘာဝအရ ရှက်ကြောက်ဘွယ်ရာ အင်္ဂါကြီးငယ်အပါအဝင် လူနာ၏သုံးဆယ်နှစ်ကောဠာသတို့ကို မမြင်ချင်မှအဆုံး မမြင်ဝံ့၍ မရ။ ရှေ့နေသည် လောကီထုပ္ပတ်လူတို့ဇာတ်၌ ဖြစ်တတ်သမျှအမှုတွေအကြောင်း အူမချေးခါးအကုန်အစင် မကြားချင်မှအဆုံး မကြားချင်၍မရ။ အမှုသွားအမှုလာထင်ရှားစွာပေါ်ပေါက်စေရန် လိုအပ်လျှင်လိုအပ်သလို နားမချမ်းသာစရာတွေ ရုံးတော်မှာပြောရဆိုရ ပြန်လှန်မေးခွန်းထုတ်ရ၏။ နှစ်ဘက်ရှေ့နေတို့၏ လျှောက်လဲ ချက်အပေါ် တရားသူကြီးကဥပဒေနှင့်စီရင်ထုံးအကိုးအကားတို့အပြင် မိမိ၏ဆင်ခြင်တုံတရား တွေးခေါ်မြော်မြင် မှုများဖြင့် ရဲရဲရင့်ရင့် သမာသမတ်ကျစွာ ဆုံးဖြတ်ရ၏။ မျက်နှာလိုက်ခွင့်မရှိ။ ငို၍ရီ၍မရသောမျက်နှာဟု တရား ဥပဒေကို ရုပ်ရှင်မင်းသားကြီး မြတ်လေးက တင်စားခဲ့ဘူးသည်။
သို့သော် နစ်နာသူတို့၏ အတ္တသဘာဝအရ မျက်နှာမလိုက်တိုင်းမှန်ပြီလား သို့မဟုတ် အမှန်ဟုလက္ခံရမှာလား ဆိုသောအမေး ပေါ်ပေါက်စရာရှိ၏။ ထို့ကြောင့်ပင် အယူခံရုံးများ ခုံအဖွဲ့များ ရှိနေရခြင်းဖြစ်သည်။ တရား လွှတ်တော်ချုပ်များ ရှိနေရခြင်းဖြစ်သည်။ အမြင့်ဆုံးတရားရုံးများကို အတွေ့အကြုံပိုများသော အတွေးအခေါ် ပို ကောင်းသော ဆင်ခြင်တုံတရားပိုရှိသော တရားသူကြီးများဖြင့်ဖွဲ့စည်းလေ့ရှိကြ၏။ သူတို့က ရဲရဲတွေး ရဲရဲမြင်ကာ အောက်ရုံး အဆုံးအဖြတ်ကို ရဲရဲပင် စွက်ဖက်လေ့ရှိသည်။ တစ်ခါတစ်ရံ သူတို့၏ စီရင်ထုံးကြောင့် အမှန်ပင် ငို၍ရီ၍မရ ဖြစ်ကြရသည်လည်းမရှား။ ပညာလွန်သော် ဝီစိကိစ္ဆာဖြစ်တတ်မြဲ။
၁၉၉၉ ခုနှစ်အတွင်းက အီတလီနိုင်ငံတွင် ၁၈ နှစ်အရွယ် သင်တန်းသူတစ်ဦးကို အဓမ္မပြုကျင့်မှုအတွက် အပြစ် ရှိသည်ဟုဆုံးဖြတ်ကာ အောက်ရုံးမှ ထောင်ဒဏ် ၃၄ လ ချမှတ်ခြင်းခံရသော ယာဉ်မောင်းသင်တန်းဆရာ တစ်ဦးသည် တရားရုံးချုပ်သို့ အယူခံဝင်ခဲ့၏။ သူက အဆိုပါသင်တန်းသူနှင့်သူတို့ နှစ်ဦးသဘောတူ ကာမ နှီးနှောခဲ့ကြခြင်းသာဖြစ်ပြီး အဓမ္မမကျင့်ဟု ထုချေသည်။ သင်တန်းသူကမူ ထိုအချက်ကို ငြင်းဆို၏။ တရား ရုံးချုပ်က အခင်းဖြစ်ပွားချိန်တွင် ဂျင်းဘောင်းဘီဝတ်ထားပါသည်ဆိုသော တရားလိုသင်တန်းသူ၏ ထွက်ဆို ချက်ကိုထောက်ရှုလျက် သူမသာသဘောမတူလျှင် အဆိုပါဂျင်းဘောင်းဘီကို ချွတ်၍ရမည်မဟုတ်ဟု သုံးသပ် ပြီးနောက် ဤအမှုသည်အဓမ္မမှုမမြောက်ဟု အဆုံးအဖြတ်ပေးခဲ့၏။ စီရင်ချက်ကို အမျိုးသမီးအခွင့်အရေး အဖွဲ့အစည်းအပါအဝင် ကန့်ကွက်သူအများအပြားပေါ်ပေါက်လာပြီးနောက် ပြန်လည်ရုပ်သိမ်းပေးခဲ့လေသည်။
သို့လျှင် အမျိုးသမီးတို့၏ ဂုဏ်သိက္ခာကိုထိပါးစေသည်ဆိုသော ဆုံးဖြတ်ချက်မျိုးချမှတ်သည့် အီတလီနိုင်ငံ တရားရုံးချုပ်သည် ၂၀၀၅ ခုနှစ်တွင်မူ အိမ်ထောင်ရေးဖေါက်ပြန်ခဲ့သောအမျိုးသမီးတစ်ဦး၏ ရုံးတော်သို့ လိမ်လည်ထွက်ဆိုမှုကို တရားမျှတသည်ဟု ဆုံးဖြတ်ခဲ့ပြန်သည်။ “အိမ်ထောင်ရှင်မိန်းကလေးတစ်ယောက် ဖေါက်ပြန်တယ်ဆိုတာ မိသားစုအသိုင်းအဝန်းရဲ့ဂုဏ်သိက္ခာကို ရုပ်ပျက်ဆင်းပျက်ဖြစ်သွားစေနိုင်တဲ့ အနေ အထား တစ်ရပ်ပဲ ဒါကြောင့်သူဟာ ဒီကိစ္စအတွက် တရားရုံးအပါအဝင် ဘယ်သူ့ကိုမဆို လိမ်ပြောပိုင်ခွင့်ရှိတယ်” ဟု ဆိုသည်။ သည်တစ်ခါ အမျိုးသမီးထုကြီးက တေတေကနိတ် အသံဆိတ်နေကြ၏။ အငယ်အနှောင်းရှိသော ယောင်္ကျားများကတော့ ကျုပ်တို့ရောမပါဘူးလားဟု မေးချင်နေကြသည်ဟုဆိုသည်။ ကက်သလစ်ဘာသာ လွှမ်းမိုးသော အီတလီလို နိုင်ငံမျိုးတွင် ထိုသို့သော လိမ်လည်ခြင်းနှင့်အိမ်ထောင်ရေး ဖေါက်ပြားခြင်းတို့ကို ရှုတ်ချလိမ့်မည်ဟု မျှော်လင့်လျှင်သည်တစ်ချီလွဲပြီ။ တရားသူကြီးတို့က အစဉ်အလာကိုဆန့်ကျင်၍ ဆုံးဖြတ်ခဲ့ ကြခြင်းဖြစ်၏။
မနေ့တနေ့က သတင်းတစ်ပုဒ်၌ အဆိုပါတရားရုံးကပင် စူပါမာ့ကက်တစ်ခုမှ ဥရောပသုံးငွေ ၄.၀၇ ယူရို တန်ဘိုး ရှိသည့် ဒိန်ခဲနှင့်ဝက်အူချောင်းများကို အလစ်သုတ်မှုအတွက် ဒဏ်ငွေ ၁၀၀ ယူရိုနှင့် ထောင်ဒဏ် ၆ လ အပြစ်ပေးခြင်းခံရသော ယူကရိန်းလူမျိုး အခြေအနေမဲ့တစ်ဦး၏ အယူခံဝင်မှုအား “အာဟာရပြည့်ဝရေးအတွက် အရေးပေါ်နှင့်အရေးတစ်ကြီးလိုအပ်ချက်အရ အစားအသောက်များကို ယူငင်ခဲ့သည်ဖြစ်ခြင်းကြောင့် ရာဇဝတ်မှု မမည်ပေ” ဟု ဆုံးဖြတ်ကာ အမှုမှပလပ်ခဲ့လေသည်။ အမှုမှာ ၂၀၁၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဂျီနိုအာ တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်၏။ တရားခံက လျော့ပေါ့သောပြစ်ဒဏ် အတွက်သာ အယူခံခဲ့ခြင်း ဖြစ်သော်လည်း ထိုဆုံးဖြတ်ချက်ကြောင့် အမှုမှကွင်းလုံးကျွတ်လွတ်မြောက်သွားခဲ့၏။ စီရင်ချက်မှာ အီတလီ၏ ဥပဒေရေးရာ သဘောတရားတစ်ခု ဖြစ်သော “မဖြစ်နိုင်တဲ့အရာကို ဘယ်သူမှလုပ်လိမ့်မယ်လို့ မမျှော်လင့်နဲ့” ဟူသည့် အချက်အား မှီငြမ်းပုံရသည် ဟု တရားသူကြီးအဖွဲ့ဝင်ဟောင်းတစ်ဦးက သုံးသပ်သည်။
စီရင်ချက်အပြည့်အစုံကို မထုတ်ပြန်ရသေးခင်မှာပင် ထိုစီရင်ချက်အပေါ် တုန့်ပြန်မှုတွေကများပြားသည်။ သင့်မြတ်လျော်ကန်ပြီး လူသားဆန်သောအတွေးအခေါ်မှ ဆင်းသက်လာသည်ဟု မှတ်ချက်ပြုသူရှိသလို ပိုင်ဆိုင်ခွင့်ကို ရှင်သန်ခွင့်ကအနိုင်ရတဲ့ပွဲပါပဲ ယဉ်ကျေးတဲ့ နိုင်ငံတစ်နိုင်ငံမှာ အဆိုးဆုံးလူတောင်ထမင်းမငတ် စေသင့်ဘူးလို့ သတိပေးလိုက်တာပေါ့ ဟု ဆိုသူဆိုကြ၏။ တစ်ချို့ပုံသေကားကျသမားတွေက ဒါကိုကြည့်ပြီး ပစ္စည်းမဲ့တို့၏ ပိုင်ဆိုင်မှုသိမ်းယူခွင့်ကို တရားဝင်လုပ်ပေးဘို့ပြောကြဆိုကြတာတွေ ရှိလာနိုင်တယ်ဟု သုံးသပ်မှု များလည်းရှိကြသည်။ ၁၉၇၀ နှစ်များဆီက အီတလီအစွန်းရောက်လူငယ်တစ်စု ဈေးဆိုင်ကြီးများကိုဖျက်ဆီး ဝင်ရောက်ပြီး အလုပ်သမားလူတန်းစားကပေးသော အပြစ်ဒဏ်ဟုဆိုကာ ပစ္စည်းများယူငင်ခဲ့ကြသည်ကို ဆိုလို ခြင်းဖြစ်၏။ “အဲသည်တုံးက သူတို့တွေယူခဲ့ကြတာ ငါးဥနဲ့ရှန်ပိန်လို ဇိမ်ခံပစ္စည်းတွေလေ။ ဒီတစ်ခါကတော့ ဟာနေတဲ့ ဝမ်းကို ဖြည့်ဘို့ ယူ (ခိုး) တဲ့သဘောပါ ဘာဝါဒရေးရာရဲ့နောက်လိုက်မှမဟုတ်ပါဘူး။”
စင်စစ် အယူခံတရားရုံး (Court of Cassation) ဖြစ်သော အီတလီတရားရုံးချုပ်သည် အမှုသွားအမှုလာထက် ဥပဒေရေးရာ သုံးသပ်ချက်နှင့်အဓိပ္ပါယ်ဖွင့်ဆိုချက်တို့ကိုသာ စိတ်ဝင်စားပြီး ယင်း၏စီရင်ချက်တစ်ရပ်ရပ်အပေါ် ကျင့်ထုံးအဖြစ် အောက်ရုံးမှလိုက်နာရန်တာဝန်မရှိပေ။ သို့ရာတွင် ယ္ခုစီရင်ချက်ကိုမူ ဆင်းရဲနွမ်းပါးမှုအရ လိုအပ် သည်ဆိုသော အနေအထားတစ်ရပ်ပေါ်ပေါက်လာတိုင်း အသုံးချကြလိမ့်မည်ဟု မြင်သူလည်းရှိသည်။ ၅ ယူရို ဘိုးပင်မပြည့်သော ကုန်ပစ္စည်းခိုးမှုကိုလွှတ်မည့်အရေး (တရားရုံးပေါင်းစုံ) သုံးခါလောက် တိုင်ပတ်ရသည် ဆိုသောအချက်အား ထောက်ပြသူတွေလည်းရှိကြ၏။ မည်သို့ဆိုစေ လွတ်လပ်သောတရားစီရင်ရေးယန္တရား အတွင်း လွတ်လပ်သောတရားသူကြီးများက လွတ်လပ်စွာတွေးခေါ်မြော်မြင်ပြီး လွတ်လပ်စွာဆင်ခြင်သုံးသပ် ကာ လွတ်လွတ်လပ်လပ် စီရင်ဆုံးဖြတ်သည့်အလေ့မှာ တစ်မျိုးချစ်စရာကောင်း နေသည်။
ခြင်ထောင်သံမကင်းသည့် စီရင်ချက်တွေက ချစ်စရာကောင်းသည်မဟုတ်။ အရှိတရား (reality) ကို မပစ်ပယ် ဖုံးကွယ်ရန်မကြိုးစားဘဲ တရားမျှတစွာထိန်းညှိလိုသော ပညာနှင့်လုံ့လဥဿဟာကိုသာ နှစ်သက်လိုရင်းဖြစ်၏။ ရုံးရှေ့၌ရပ်ထားခဲ့သောဆိုက္ကားလေးပျောက်မှာစိုး၍ မကြာခဏထကြည့်နေသည့်တရားသူကြီးအဖွဲ့ဝင် အဘတို့ မျက်စောင်းအကြောင်းသုံးပါးမရွေးဘူးဆိုကာ ပါတာဖတ်လိုက်သောတရားသူကြီးစသူတို့နှင့် နှိုင်းယှဉ်အပ်သည်။ ပညာနှင့် ရဲရင့်မှ ပွဲတင့်ချေမည်။ မကြားဝံ့ရှေ့နေတွေ မမြင်ဝံ့ဆေးသမားတွေအပြင် မစီရင်ဝံ့တရားသူကြီးတွေ (ဒိန်ခဲခိုးမှုမှသည် ဂျင်းဘောင်းဘီကျွတ်/ချွတ် ပြဿနာအထိ စီရင်ရန်နောက်မတွန့်သည့် ဥပဒေဘက်တော်သား တွေ) အများကြီးလိုသည့်သဘောဟု ယူသော်ရမည်ထင်ပါသည်။
[ကိုးကား။ BBC News; The New York Times]