art - Than Htay Maung |
ခင်လွန်း - စစ်သတင်း
(မိုးမခ) မေ ၁၁၊ ၂၀၁၆
(ငြိမ်းချမ်းရေးကဗျာဆရာဒဂုန်တာရာကွယ်လွန်ခြင်း ၃ နှစ်မြောက်အမှတ်တရ)
သတင်းသမားက
စစ်ဘေးသင့်ကလေးကိုကင်မရာနဲ့ချိန်ထားရဲ့
ကလေးရဲ့နှုတ်ခမ်းတွေ မျက်လုံးတွေမှာ
အပြုံးအရယ်ကင်းမဲ့လျက်…
ကလေးရဲ့မျက်လုံးသေကြီးဟာ
ဘယ်အရာပေါ်မှာမှ မဆိုက်ကပ်နေသလို
ဘယ်အရာနဲ့မှ မချိတ်တွယ်ထားဘူး
မျက်လုံးဟာ ကမ္ဘာလောက အားလုံးနဲ့ကင်းလွတ်နေတယ်
အလွတ်သားမျက်လုံးဝိုင်းကြီးတွေနဲ့
ဖွင့်ထားတဲ့မျက်လုံးမှာ မြင်စရာ အရာဝတ္ထုမရှိသလို
သူ့ရှေ့တည့်တည့်က ကင်မရာကြီးလည်း မရှိသလို။
ဘာသာပြန်ပေးသူအဆိုအရတော့
လက်နက်ကိုင်တွေဝင်လာတယ်
ရွာကိုမီးရှို့တယ်
အဖေကိုအရင်သတ်တယ်
အမေကိုအဓမ္မကျင့်ပြီးတဲ့နောက်
သတ်ပစ်လိုက်တယ်
အငယ်ဆုံးမောင်လေးကိုလည်း
ချန်ပေး မထားခဲ့ဘူး
သူဟာ ခြုံပုတ်ထဲမှာပုန်းခိုရင်း
ဘီလူးသဘက်တွေလက်က လွတ်ကျန်ခဲ့လေသူ။
အဲ့ဒီကစ
သူဟာ
ငိုလည်းမငိုဘူး ရီလည်းမရီဘူး
စကားလည်းမပြောဘူး အစားလည်း မစားပါဘူး
ဘာကိုမှလည်း မကြည့်ပါဘူး…
ဘယ်သူ့ကိုမှလည်း မကြည့်တော့ပါဘူး …တဲ့
ဘာသာပြန်ပေးနေတဲ့ ရွာသားက
သူ့အသံဝဲ၀ဲနဲ့ ရှင်းပြ။
သတင်းသမားဟာ
သူ့အသံဖမ်းစက်ကိုသာ
ကလေးရှေ့ကို တွင်တွင်ထိုးပေးနေရင်း
မေးခွန်းတွေ မေးခွန်းတွေ
ဂျာနယ်လစ်အတတ်မာယာနဲ့ မေးခွန်းတွေ
ပေါက်ကွဲပြီးသား ယမ်းအိုးကြီးဆီက ယမ်းခိုးယမ်းငွေ့တွေကို
အငမ်းမရရှူသွင်းနေသလို
ကျုံးသွင်းအားထုတ်နေတဲ့မေးခွန်းတွေနဲ့။
ဘာသာပြန်ကလည်း မေးပေးပါရဲ့
ကြားဝင်ပါရဲ့
နေဦး
ဒီကလေးမှာ
စကားပြောစရာရော ရှိသေးလို့လား
သူ့ဘ၀မှာ
စကားပြောဖို့ကော လိုပါသေးရဲ့လား။
ခင်လွန်း
နံနက် ၉း ၂၀ နာရီ(တနင်္ဂနွေ)၊ မတ်လ၊ ၂၈ ရက်။ ၂၀၁၆(၁၉၉၈ နို့ဖိုးဒုက္ခသည်စခန်းကို သတိရမှုဖြင့်…)