ဂျော်ဒီး - မိုးမခရွာ..ထွေလီကာလီ ဈေးဂေဇက်
(မိုးမခ) မေ ၁၇၊ ၂၀၁၆
မိုးမခရွာဈေးတန်းလေးကား ..နေထန်းတဖျားမမြင့်ခင်မှာကို ဈေးကွဲနေချေပြီ..။
ဒေါ်ဆိတ်မတို့ဈေးသည်တသိုက်မှာ …ဈေးဦးမပေါက်သေးသော ဘ၀တူဈေးသည်အချင်းချင်း…
တယောက်ဈေးဗန်းတယောက်ကြည့်ရင်း သက်ပြင်းချရသည်..။ သို့သော်..စိတ်မညစ်တတ်သော မိုးမခရွာသူများပီပီ..သောကကို ဟာသလေးနဲ့စွက်ကာ ဖြေဖျောက်ကြတတ်စမြဲ..။
ဒေါ်ဆိတ်မ။ ။“ တို့လည်း ခေတ်မီတယ်ဟေ့..။ သူများတွေက ရောင်းသူမဲ့ ဈေးဆိုင်တွေတင် လုပ်နိုင်တာ…။
တို့က ၀ယ်သူမဲ့ဈေးဆိုင်တွေတောင်.ဖြစ်နေပြီဟေ့..။ ဘာလို့များ..ဈေးအရောင်းအ၀ယ် ဒီလောက်ပါးရ
ပါလိမ့်နော်”
ဒေါ်အာကျယ်။ ။လူတွေ ချက်ပြုတ်ဝယ်ချမ်းမစားကြဘဲ အာဟာရသိဒ္ဓိများ ပြီးနေကြသလားတော်..။
ထိုစဉ်…မိုးမခရွာတောင်ပိုင်းမှ ဂျီးဒေါ်တယောက် လက်ဆွဲခြင်းကြီးတလုံးကို မနိုင်မနင်းကိုင်ပြီး ခနော်နီခနော်နဲ့ လမ်းလျှောက်လာသည်ကို မြင်ရာ.. အဒေါ်မယ်ညိုက သူ့ဘော်ဒါ ဈေးသည်တွေကို တီးတိုးသတင်းပို့လေသည်.။
အဒေါ်မယ်ညို။ ။ ဂျီးဒေါ့် လက်ထဲမှာ ဆွဲခြင်းတောင်းအကြီးကြီးပဲဟဲ့..။ များများဝယ်မယ့် သဘောရှိတယ်..။
ဂျီးဒေါ်ကား လက်ဆွဲခြင်းကြီး ဘေးချကာ..လက်ဆွဲခြင်းထဲမှ သတင်းစာ၊ ဂျာနယ်တပွေ့တပိုက်ကြီးကို ထုတ်လိုက်ရင်း ...
ဂျီးဒေါ်။ ။ “ဈေးဝယ်ဖို့ လာတာတော့ ဟုတ်ပါတယ်..။ ဒါပေမဲ့ ဈေးဝယ်ဖို့ ဖွတ်ကလိဒင်္ဂါးက မရှိတော့.. ဘာတာစနစ်သုံးပြီး ဈေးဝယ်မလို့..။ သတင်းစာတွေ ဂျာနယ်တွေ ဈေးထုပ်ဖို့
မ၀ယ်ချင်ကြဘူးလား..။”
ဒေါ်ဆိတ်မ။ ။ အော်..ဈေးဝယ်သူလားအောင့်မေ့တယ်..။ သူကလည်း ရောင်းသူကိုး..။ ကျုပ်တို့တောင် ဈေးဦးမပေါက်သေးတာ.။ တော့်..သတင်းစာတွေ ဘယ်က ပိုက်ဆံနဲ့ ၀ယ်နိုင်မလဲတော့..။ ပြစမ်းပါဦး.. ဂျာနယ်တွေ ဘာသတင်းတွေပါသလဲ”
ပြောပြောဆိုဆို..ဈေးသည်တသိုက်မှာ ဂျီးဒေါ်၏ သတင်းစာ ဂျာနယ်များကို တယောက်တစောင်ဆွဲကာ.. အော်ဖတ်သူက အော်ဖတ်ရင်း .တယောက်တပေါက် ဆွေးနွေးကြလေသည်။
ဒေါ်ဆိတ်မ။ ။ အလုပ်ထုတ်ခံရလို့ ဆန္ဒပြလမ်းလျှောက်တဲ့အလုပ်သမားသပိတ်လည်း မပြီးသေးပါလား..။ အစိုးရမင်းများကလည်း ရွေးကောက်ပွဲမဲဆွယ်ပွဲတွေတုန်းကတော့ ပြည်သူ..ပြည်သူနဲ့.. မျက်နှာချိုသွေးကြ..။ အခု ဒီမျက်နှာမွဲ အလုပ်သမားတွေကိုကျတော့ ပြည်သူလို သဘောမထားကြဘူးလားအေ..။ ပြေလည်အောင် ညှိနှိုင်းမလိုလိုနဲ့ချွေးသိပ်..။ အခုတော့ ဆန္ဒပြအလုပ်သမားတွေ.. ကျန်းမာရေးတွေတောင် ထိခိုက်လာပြီတဲ့”
အဒေါ်မယ်ညို။ ။ ဟို..သူများသာသနာ့မြေ စေတီဝင်တည်တဲ့ဘုန်းကြီးက.သွားတွေ့တဲ့ အစိုးရအဖွဲ့ဝင်တွေကို အတွေ့တောင် မခံဆိုပါလား..။ အခုအစိုးရမင်းများ.. အရင်အစိုးရမင်းများ လောက် .. အာဏာစက်မရှိကြ.. မပြတ်သားကြဘူးနော်..။ အရင်အစိုးရမင်းတွေဆို ဘုန်းကြီး ကျောင်းတွေလည်း ညကြီးမင်းကြီး ၀င်စီးရဲတယ်..။ သင်္ကန်းဝတ်တွေလို့ နာမည်တပ်ပြီး သတင်းစာထဲ စာလုံးမဲကြီးနဲ့ ထည့်ရဲတယ်။ သင်္ကန်းတွေဆွဲချွတ်ပြီး ဘုန်းကြီးအစစ်တွေတောင် အမှုအမျိုးမျိုးဆင် ပုဒ်မအမျိုးမျိုးတပ်။ သာသနာညှိုးနွမ်းမှုဆိုပြီး ထောင်ထဲထည့်ပစ်ရဲတယ်…။ အခုကိစ္စကတော့ သာသနာညှိုးနွမ်းရုံမက… အငုတ်တောင် မချန်အောင် ခုတ်နေသလိုပဲအေ။ အမျိုးဘာသာသာသနာစောင့်တယ် ဆိုသူတွေ မရှက်ကြဘူးလားမသိ ...”
ဒေါ်အာကျယ်။ ။“ အရောင်းအ၀ယ်တွေ မကောင်းလို့ ၀ယ်သူပါးသလောက်.. ကုန်ဈေးနှုန်းတွေ ကတော့..ခေါင်ခိုက်လို့ပါလားအေ။ တနေ့ တနေ့ ကုန်ရင်းဖို့အရင်းပြန်ရအောင်တောင်
မနည်းရုန်းရတယ်.. အရေးထဲ လျှပ်စစ်မီးတွေလည်း ပြတ်.လိုက်တာ.. ။ နွေပူပူ..မီးကမှောင်မိုက်နဲ့ ..။ ပြောင်းလည်းချိန်တန်ပြီဆိုလို့ ကျုပ်တို့မှာ အားတွေရှိနေတာ..။ ခုတော့ ဒုံရင်း..ဒုံရင်းပါလား”
ဂျီးဒေါ်ကား..အစိုးရသစ်၏ အမာခံပရိသတ်ပီပီ အစိုးရသစ်ကိုထိလျှင် မချိအောင် ဆတ်ဆတ်ခါနာတတ်လှရာ..
ဂျီးဒေါ်။ ။ ဒါကတော့ ဒေါ်အာကျယ်တို့ရယ်..။ ကိုယ်တွေမဲပေးခဲ့တဲ့ အစိုးရသစ်တက်တာ..ရက်(၁၀၀)တောင် မပြည့်သေးတာ ..။ စောင့်လက်စနဲ့ စောင့်ပါဦး ..။ ရက်(၁၀၀)အတွင်း သိသာတဲ့ အပြောင်းအလည်းတွေလည်း ရှိပါတယ်တော့..”
ဈေးအသိမ်းပစ္စည်းများတင်ရန် ပါစင်ဂျာစောင့်ရင်း အိပ်ငိုက်နေသော ဆိုက်ကားမာစတာ ကိုစာကလေးကလည်း အိပ်ချင်မူးတူးနှင့် ၀င်ဆွေးနွေးသည်။
“ဟုတ်တယ်..။ မိုးမခရွာရဲ့ ရွာအစိုးရသစ်က ည(၁၁)နာရီကျော်ရင် မပြင်မထွက်ရ
အမိန့်ထုတ်တော့မယ်ဆိုလား ..။ ကေတီဗီတွေ မာဆတ်တွေ ပိတ်တော့မယ်ဆိုလား..။ ကျုပ်တို့ ခါတိုင်းလို ညဥ့်နက်သန်းခေါင် ပါစင်ဂျာ မစောင့်ရတော့ဘူးဗျ..။ အိပ်ရေးဝတော့မယ်..။ ဒုစရိုက်သမားတွေကိုလည်း နှိမ်နင်းတော့မယ်တဲ့..ဗျ။ ဒီအစိုးရသစ်ကို..မဲပေးရကျိုးနပ်ပြီဗျို့ ”
ကျူလီယာဆိုင်မှ ပေါက်ဖော်ကြီးရန်လိုကျွဲက ကိုစာကလေးကို ဘုကြည့် ကြည့်သည်။ သူ့အတွက်တော့ အစိုးရသစ်၏ ဒီခြေလှမ်းကို နည်းနည်းမှမကြိုက်။ ဖြစ်နိုင်လျှင် မဲပေးခဲ့သော လက်သန်းကလေးကိုတောင် ဖြတ်ပြစ်ချင်သည်။ သူတို့လို တနေကုန် အလုပ်ပင်ပန်းလာသူတွေအတွက် တခါတရံမှာ ဒီလို မိုးမခရွာ ညခင်းလေးတွေက စိတ်အပန်းဖြေလျော့ ရာဖြစ်သည်ကို နားမလည်တတ်သော.. ကိုယ်ချင်းမစာတတ်သော..ရွှေဉာဏ်တော်စူးသည့် ရွာအစိုးရမင်းများကို.. စိတ်နာသည်။ သို့သော်..ဒီကိစ္စအတွက် စိတ်နာကြောင်း ပြောမိလျှင် ညတိုင်း ကေတီဗီတို့ မာဆတ်တို့မှာ သွားပြီး ရွပိုးထိုးနေသူဟု..အထင်ခံရမှာလည်း စိုးလေရာ..
ရန်လိုကျွဲ။ ။ “ ဒုစရိုက်နှိမ်နင်းရေး တကယ်ထိထိရောက်ရောက်.. လုပ်စမ်းပါ..။ ဟို ..လက်ပတ်နီတို့ စွမ်းအားရှင်တို့ဆိုတဲ့ကောင်တွေကို နလံမထူအောင်နှိမ်နင်းစမ်းပါ..။ မဆီမဆိုင် သူများစီးပွားရေးတွေ သွားမပိတ်သင့်ပါဘူး.။ ဒါ ..ရက် ၁၀၀ စတန့်ထွင်ခြင်းသက်သက်ပဲဗျ..။ သင်္ကြန်တုန်းက မဏ္ဍပ်ကိစ္စနဲ့ နာမည်ကြီးသွားတော့ စတန့်ထွင်ရတာ တော်တော်အရသာတွေ့နေပုံရတယ်..”
ဒေါ်အာကျယ်။ ။ စောင့်ပါတယ်တော်..။ အနှစ် ၆၀ ကျော်စောင့်လာတာ..။ တိုင်းပြည်ကြီး ကောင်းနိုးကောင်းနိုးနဲ့..။ ဒါနဲ့ ဒီမှာကျုပ်တို့ရောင်းတဲ့ ငါးတွေ ငါးပိငါးခြောက်တွေ ဈေးတက်တာ…ရခိုင်စုမှာ တိုက်ပွဲတွေဖြစ်နေလို့ဆိုလား...”
ဆံသဆရာသာဂိက..အကွက်ဝင်လာသည်နှင့် သူသိသမျှ ၀င်ဖောလေသည်။
သာဂိ။ ။ ဒါပြောတာပေါ့…ဒေါ်အာကျယ်ရ။ ရွာတွင်းငြိမ်းချမ်းရေး အရေးကြီးတယ်ဆိုတာ..။ အိမ်ရှေ့ ပူ
အိမ်နောက်မချမ်းသာဆိုသလိုပဲ..။ တနေရာမှာ မငြိမ်းချမ်းရင် စစ်ဘေးခံနေရရင်..ငါတို့နဲ့အဝေးကြီး အနေသာကြီးမထင်နဲ့..။ ဆက်နွယ်ရိုက်ခတ်လာပဲဗျ..။ ရွာတွင်းတနေရာရာမှာ ဆူညံပူညံ
စစ်ဖြစ်နေ လို့ လူတွေဒုက္ခတွေ့နေရင်..သူတို့စီးပွား သူတို့ဖြောင့်ဖြောင့်မလုပ် နိုင်ရင်..သူတို့နဲ့ဆက်စပ်တဲ့ တရွာလုံးကလူတွေလည်း ထိခိုက်တာပဲ..”
ဒေါ်ဆိတ်မက သတင်းစာဂျာနယ်အပုံကြီးထဲမှ အစိုးရပိုင်သတင်းစာတစောင်ကို ဆွဲယူဖတ်ရင်း…
ဒေါ်ဆိတ်မ။ ။ ဟဲ့..ဒီမှာ သတင်းကောင်းဟေ့။ ရွာ့တပ်မတော်ကာချုပ်ကြီးက ၅ နှစ်အတွင်း “ထာဝရငြိမ်းချမ်းရအောင် ”လုပ်ကြတော့မယ်တဲ့။ ငြိမ်းချမ်းရေး ရပြီး အေးအေးဆေးဆေးဖြစ်ချိန်မှာ ရွာလွှတ်တော်တွေထဲက ဟို..ဟို..အစိတ်သားကြီးတွေ ထွက်ပေးတော့မယ်ဆိုလား။ တို့ပြည်သူတွေ လိုချင်တာဒါပဲ။ မောင်မင်းကြီးသား ရွာ့ တပ်မတော်ကာချုပ်ကြီးကျန်းမာပါစေ..။ ချမ်းသာပါစေတော်”
သာဂိ။ ။ “ မေတ္တာပို့မစောနဲ့ဦး ဒေါ်ဆိတ်မရေ.။ သူတို့ပြောတာတွေထဲမှာ နှစ်ဘက်ခွတွေ မရေမရာတာတွေ တိတိကျကျ အဓိပ္ပာယ်သတ်မှတ်ချက်ချလို့ မရတာတွေပါတယ်..။ ဒါမျိုးလိုသလိုဆွဲလို့ရအောင် ပြောနေကျ..။
ငြိမ်းချမ်းရေးရပြီး အေးအေးဆေးဆေးဖြစ်ချိန်ဆိုတာ… ၅ နှစ်လား.. ၁၀ နှစ်လား.. အနှစ် ၁၀၀ လား.. ကမ္ဘာတစ်သိန်းလား အချိန်ကန့်သတ်ချက်မရှိဘူးနော်.။”
ဒေါ်အာကျယ်။ ။ ဘာပဲဖြစ်ဖြစ်ဟယ်..။ ရွာတွင်းငြိမ်းချမ်းရေး တကယ်ရစေချင်ပါပြီ..။ တဖက်နဲ့တဖက်
ကိုယ့်တရွာထဲသားတွေပဲဟာ..။ လျှော့ကြရောပေါ့..။ အခုတော့ ကြားထဲက ရွာလူထုမှာ မြေဇာပင်ဖြစ်..။ စစ်ပြေးဒုက္ခသည်ဖြစ်ရနဲ့”
သာဂိ။ ။ စစ်ပွဲတွေမဖြစ်အောင် လျှော့ဖို့ဆိုတာ ဘက်နှစ်ဘက်စလုံးကလျှော့မှ ညှိနှိုင်းမှပေါ့ဗျ..။ ခုတော့ ငါ့ဘက်ကတော့ မလျှော့နိုင်ဘူး..။ နင်တို့ဘက်ကပဲလျှော့ ..။ ငါတို့ကတော့ လက်နက် မချဘူး..။ နင်တို့ဘက်ကတော့ လက်နက်ချရမယ်ဆိုတဲ့ အထက်စီး အနိုင်ကျင့်တဲ့မူကို အသေကိုင်ထားကတည်းက ဘယ်လိုလုပ်ရွာတွင်းငြိမ်းချမ်းရေးတည်ဆောက်လို့ ရမလဲ.။”
ဂျီးဒေါ်။ ။ “လက်နက်မချခိုင်းပါဘူးဟဲ့.။ လက်နက်စွန့်ခိုင်းတာပါတဲ့..။ ကဲ ဘယ်လောက် စကားလုံး ရွေးချယ်မှုသိမ်မွေ့လာသလဲ..။ မောင်မင်းကြီးသားလေးတွေ ယဉ်ကျေးလိမ္မာသင်တန်း တက်ထားပြီ ထင်တယ်..။ ဟိုးအရင်က စစ်ဗိုလ်တွေလိုမမောက်မာတော့ပါဘူးဟဲ့..။ တချို့နိုင်ငံရေးပါတီကြီးတွေက စစ်ဗိုလ်အဟောင်းအနွမ်းကြီးတွေကမှ မောက်မာသေးတယ် “
သာဂိ။ ။ ဒီမှာ ဖတ်ကြည့်ပါဦးဗျာ..။ ရွာတပ်မတော် ကာချုပ်က ၅ နှစ်အတွင်း ထာဝရငြိမ်းချမ်းရေး
ရအောင်လုပ်မယ်ပြောနေတဲ့အချိန်မှာပဲ တပ်မတော်က ရွာစပ်ဒေသတွေမှာ ထိုးစစ်တွေ ဆင်နေ တယ်တဲ့..။
ကိုယ့်ဘာသာ လက်နဲ့ရေးပြီး ခြေနဲ့ဖျက်နေသလိုပါပဲ။
ဂျီးဒေါ်။ ။ ဟဲ့..ငြိမ်းချမ်းရေးဆိုတာ ငြိမ်းချမ်းနေချိန်မှာ ဘယ်သူမှတန်ဖိုးမထားကြဘူး..။ ဒါ့ကြောင့် ငြိမ်းချမ်းရေးရဲ့ တန်ဖိုးကို အမြဲတန်ဖိုးထားတတ်ဖို့ စွန့်လွှတ်စွန့်စားပြီး..စစ်ပွဲတွေ ဖန်တီးပေးထားရတာ
နေမှာပေါ့..။ စစ်ပွဲတွေရှိနေလေ..ငြိမ်းချမ်းရေးရဲ့ တန်ဖိုးကို ပိုနားလည်လေမဟုတ်လား.။ ငြိမ်းချမ်းရေးဆိုတာ ဟင်းရွက်ကန်စွန်းရောင်းသလို လွယ်တာမှတ်လို့..။ ခမျာလေးမှာ ပင်စင်ယူချိန်ပြည့်နေတာတောင် မယူနိုင်ရှာဘူး..။ သေတဲ့အထိ ငြိမ်းချမ်းရေး တန်ဖိုးသိအောင် စစ်တိုက်နေဦးမှာတဲ့..”
ဒေါ်ဆိတ်မ။ ။ ဟဲ့..ဟဲ့..ငြိမ်းချမ်းရေးဆိုတာကြီးမရရင် နေပါစေအေ..။ တန်ဖိုးမတက်ရင် နေပါစေအေ..။ စစ်ပွဲတွေမရှိမှ.. ကျုပ်တို့ရွာသူ ရွာသားတွေ ကောင်းရောင်း ကောင်းဝယ်ကို စိတ်အေးလက်အေးလုပ်နိုင်မှာမဟုတ်လား ..။ ဒီတော့..စစ်ပွဲတွေမရှိအောင်..စစ်လိုလားသူတွေ မှန်သမျှ.. မြန်မြန်ကာလနာ တိုက်ပါစေ လို့ပဲဆုတောင်းရမယ်ဟေ့”
ထိုသို့ဖြင့် ၀ယ်သူမျှော်ရင်း လည်ပင်းရှည်နေသော ဈေးသည်တစုသည်.. စစ်ပွဲများမရှိသော ငြိမ်းချမ်းရေးအစစ်အမှန်ကို လည်ပင်း ဘယ်လောက်ရှည်အောင် မျှော်ရလေမလဲ ဟု.. တွေးပူရင်း ဈေးဆိုင်များကို သိမ်းကာ ထိုနေ့အတွက်.. မိုးမခရွာဈေးဂေဇက်
တခန်းရပ်လေသည်..။ ။