ခက်သီ ● နေရောင်ဟာ ဆတ်ပိုင်းကျိုးကျ ငါတေးသီနေတုန်း
(မိုးမခ) မေ ၁၉၊ ၂၀၁၆
(မိုးမခ) မေ ၁၉၊ ၂၀၁၆
အိမ်တခုလုံး ကြွက်တွင်းတွေဖွာရာကျဲလို့
ကြွက်တွင်းတွေမှာ ကယ်ပေါက်ရှိတယ်
ငါ့ဘ၀မှာ ကယ်ပေါက်မရှိတော့
ငါလည်း အိမ်ပြန်ရောက်ရတယ်။
ပြေးနေတဲ့ရထားပေါ်က ခုန်ချလုလု
ခြောက်ထပ်တိုက်အမြင့်ကြီးရဲ့စိန်ခေါ်မှု
လက်ကောက်ဝတ်ကို ငေးနေတဲ့
ကြက်သွန်လှီးဓားကိုအဝေးကြီး လွှင့်ပစ်ဖူးတယ်။
သတ္တိမရှိတော့လို့
မိုက်ရူးရဲစိတ်ကို အရက်နဲ့မြည်း
အဝေးကြီးကို ပြေးထွက်သွားခဲ့ဖူးတယ်။
လိုတာမရတဲ့ဘဝကို မကျေနပ်ဘူး
အလိုမတူဘဲရလာတဲ့ဘ၀ကိုလည်း မကျေနပ်
ဆာလောင်ငတ်မွတ်နေတာ
အစာရေစာလောက်သာ မဟုတ်ဘူး။
ငါဟာ ထွက်ပြေးနေရုံနဲ့
လိုရာမရောက်ဘူးလို့သိတဲ့အချိန်
အိမ်ပြန်ရောက်လာခဲ့တယ်။
၈၄ နှစ် ဖခင်အိုရဲ့တောင်ဝှေးတဒေါက်ဒေါက်ကို
နားစွင့်ရင်း
မျက်စိအကြိမ်ကြိမ်ခွဲခဲ့ရ
ဒုက္ခိတ မိခင်ရဲ့
မီးဖိုချောင်ပန်းကန်ဆေးရင်း
ငါဟာ တေးသီနေလေရဲ့။
ရုတ်တရက်
နေရောင်ဟာ
ဖျောက်ခနဲ
ကျိုးကျလာပြီး
ပြိုးခနဲပြက်ခနဲ ငါနဲ့အတူတူ
တေးကိုလိုက်ပြီး သီဆိုလေရဲ့
“စမ်းချောင်းလေးဟာ စီးဆင်းမြဲကွယ်
မနက်ဖြန်တိုင်းဟာလည်း စီးဆင်းရမယ်”
နေရောင်ဟာ လက်တွေဝှေ့ရမ်းပြီး
ငါ့ထက် တကြောင်းပို ဆိုသွားတယ်
“မနက်ဖြန်တိုင်းဟာ ငါဖြစ်ရမယ်”။ ။
ခက်သီ