လင်းထင် ● လူမှန်ရင် တရားဝင်တယ်
(မိုးမခ) မေ ၂၄၊ ၂၀၁၆
(Kein mensch ist illegal
No one is illegal)
ဒါဂျာမဏီမှာစတဲ့ လူမျိုးရေး ခွဲခြားမှု ဆန့်ကျင်ရေး၊ ဒုက္ခသည်နဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ဝဲနိုင်ငံရေး လှုပ်ရှားမှု။
ကိုရီးယား ဂျပန် မလေးရှားအပါအ၀င် ကမ္ဘာတလွှားမှာ အိုဘားမားတွေ အပုံအပင်။
အိုဘားမားဆိုတာ ဘားမားကလာတဲ့ အိုဗာစတေးတွေ ၀လုံးတွေ။ လ၀ကအဖမ်း ဘယ်တော့ခံရမလဲဆိုပြီး ကျီးလန့်စာစား အသက်မွေးရတာပဲ။ ယိုးဒယားမှာလည်း ထိုနည်းတူပဲ၊ ဗမာပြည်က နိုင်ငံရေးနဲ့ စစ်ဘေး ဒုက္ခသည်ဆိုတာ အသာထားဦး၊ အစားတလုပ်အတွက် ရွှေ့ပြောင်းလာကြတဲ့ ဦးရေတွေဟာ သိန်းသန်းချီမယ် ထင်တယ်။
ဒုက္ခသည်ဆိုင်ရာ ဂျနီဗာ ပဋိညာဉ်ရဲ့ အဓိပ္ပာယ် သတ်မှတ်မှုအရ ဒုက္ခသည်ဖြစ်ဖို့ရာ ဘာသာရေး နိုင်ငံရေးအပါအ၀င် အခြေခံငါးချက် တချက်မဟုတ် တချက်အပေါ် အခြေခံအကြောင်း ခံရတယ်။
ဒီလိုအခြေခံအကြောင်း မရှိသူတွေဟာ စီးပွားရေးအလို့ငှာ ရွှေ့ပြောင်းကြသူတွေ ဖြစ်သမို့ အကာအကွယ်ပြု တာဝန်ယူမှု ပေးစရာမလို၊ မူရင်းနိုင်ငံကို ပြန်ပို့ဆိုပြီး ဒုက္ခသည်ဆိုင်ရာ ဂျနီဗာ ပဋိညာဉ်ခံ အနောက်နိုင်ငံတွေရဲ့ အထူးသဖြင့် လက်ျာဂိုဏ်းတွေ အစိုးရဖြစ်ချိန်မှာ သဘောထား တင်းမာကြသမို့ “လူမှန်ရင် တရားမ၀င်တဲ့သူ မရှိ” ဆိုတဲ့ လှုပ်ရှားမှုတွေ ထွက်ပေါ်လာတာ။
လူမှန်ရင် တရားဝင်တယ်ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ လူမှန်ရင် ပညာသင်ခွင့်ရှိရမယ်၊ ဆေးကုသခွင့်ရှိရမယ်၊ အသက်မွေး ၀မ်းကျောင်းခွင့် ရှိရမယ်၊ မိသားစုဘ၀ တည်ဆောက်ခွင့် ရှိရမယ်၊ အခြေချထားတဲ့ဘ၀ အခြေချထားတဲ့နေရာမှာ လုံခြုံခွင့် ရှိရမယ်။
တရားဝင်မှု မ၀င်မှုကို ဥပဒေပြုဆုံးဖြတ်တဲ့ အလေ့အကျင့်အပေါ် တခုတည်းသော အလုပ်ဖြစ်မယ့် စံနစ်အဖြစ် ရှူ့မြင်ကြသူတွေ များဦးမယ်ထင်တယ်။ ဒါဟာ တိုးတက်တဲ့အမြင် မဟုတ်ပါဘူး။ တရားမျှတခြင်းရဲ့ အနှစ်သာရဟာ လွှတ်တော် ရုံးတော်တွင်း ဥပဒေများမှ သီးခြားကင်းပြီး လူ့အသိုင်းအ၀ိုင်းထဲမှာ မဖြစ်ထွန်းရင်၊ လူ့အသိုင်းအ၀ိုင်းထဲက လူသားတွေ တဦးကိုတဦး တာဝန်ခံမှု မပေးရင်၊ ဥပဒေစိုးမိုးမှုရဲ့ အနက်အဓိပ္ပာယ်ဟာ လူ့ဖြစ်တည်မှုကို ဖိနှိပ်ချူပ်ကိုင်ခြင်းနဲ့ သံတူကြောင်းကွဲသက်သက် ဖြစ်တော့မယ်။
ဒီမို လူ့အခွင့်ရေး ဥပဒေစိုးမိုး ကြားဖူးနားဝများကို တိုးတက်သော နိုင်ငံရေးဘက် ဖိတ်ခေါ်ပါတယ်။
လင်းထင်