သုအိုင်စံ - စောဒေါန၊ အသက် ၃၄၊ လွင့်နေသေးတယ်
(မိုးမခ) မေ ၂၅၊ ၂၀၁၆
(အိပ်မက် (၁))
အလယ်တန်းကျောင်းဘော်လုံးပွဲမှာ အလယ်တန်းက ကစားပေမဲ့
ကျနော်က အနိုင်ဂိုးကို အကောင်းဆုံး သွင်းခဲ့တဲ့ကျောင်းသားတဲ့
တကျောင်းလုံးရဲ့ လက်ခုပ်သံ အများဆုံးရခဲ့ (အိပ်မက်ထဲမှာ)
(အိပ်မက် (၂))
မြို့နယ်ပေါင်းစုံ လူရည်ချွန် စာမေးပွဲပြိုင်ပွဲမှာ
အားကစားနဲ့ ကျောင်းစာမှာ ကျနော် အထူးအောင်မြင်ခဲ့ပေမဲ့
အထွေထွေဗဟုသတနဲ့ လူမှုနိုင်ငံရေးမှာ ကျခဲ့တယ် (အိပ်မက်ထဲမှာ)
(အိပ်မက် (၃))
အိမ်ရှေ့က ပိတောက်ပင်ပျိုဟာ ဒီမနက်မှာ စ ပွင့်လာတယ်
ကျနော် အပင်ပေါ်ကို တက်၊ ပိတောက်လေး ငါးခက်ကို ခူးပြီး
အိပ်ချင်မူးတူးသူမရဲ့ အိပ်ရာပေါ်ကို သွားပစ်ချခဲ့တယ် (အိပ်မက်ထဲမှာ)
( အိပ်မက် (၄))
ကျနော်တို့ ၈ တန်းကျောင်းသားတွေ ကျောင်းပြေးပြီး
ကျိုက်ထီးရိုးဘုရားသွားဖို့ ဘော်ဒါတွေ လာခေါ်နေတယ်
ဟေ့ရောင်..ဒေါန..ထတော့ ထတော့ စောစောသွားကြမယ်
(အပြင်မှာ )
မနက်၎ နာရီကြီး ကျနော် အိပ်ခန်းထဲမှာ အိပ်ပျော်နေတုန်း
ထတော့ ထတော့... ညီလေး အကိုတို့နဲ့ ခဏ လိုက်ခဲ့လို့ ခေါ်နေတယ်
ကြည့်လိုက်တော့ သူတို့ဟာ သေနတ်ကိုင် ပြောက်ကျားစစ်သားတွေ
၁၄ နှစ်အရွယ် ၈တန်း ကျေးလက်ကျောင်းသားငယ်လေး ကျနော်ဟာ
သွားနေတဲ့ သူတို့ စစ်ကြောင်းအလယ်မှာ ယာယီအကျဉ်းသား ဖြစ်ခဲ့တယ်
တပတ်လောက် လျှောက်တော့ မာနယ်ပလောဆိုတဲ့နေရာ ရောက်တယ်
၆ လလောက် စစ်သင်တန်းတက်ပြီးနောက် ကျနော် စစ်သားဖြစ်သွားတယ်
ရိုးရိုးစစ်သားမဟုတ်ဘူးဗျ
ကရင့်လူမျိုးလွတ်မြောက်ရေးတော်လှန်ရေးသမားတိုက်ခိုက်ရေးစစ်သား
လွမ်းတယ်ဗျာ
အိပ်မက် ၄ ခု မက်ခဲ့တဲ့ ညက ကျနော့်ဘဝ စခဲ့တာလား
အိပ်မက် ၄ ခု မက်ခဲ့တဲ့ ညက ကျနော့်ဘဝ ဆုံးခဲ့တာလား
အခုချိန်ထိ အိမ်ပြန်မရောက်သေးတဲ့ ချစ်သောအမိုးရဲ့ ဖိုးခွား
နှစ် ၂၀ ကျော် ကြာတဲ့အခါ ဂျိုင်းထောက်နဲ့သွားနေရတဲ့ စစ်သား
သွားနေလျက်ပါ
ကရင့်ရဲ့ကံကြမ္မာ ကရင့်ရဲ့အနာဂတ်လွတ်မြောက်ရေးဆီလား
အိပ်မက်တို့ရှိခဲ့ဖူးရာ အမိုးရဲ့အိမ် တံစက်မြိတ်အောက်ဆီလား
ခရီးကဝေး ဂျိုးထောက်ကလေးတော့ အခုချိန်ထိ ဝေးနှင့်ဦးပေါ့
ခု-- ကျနော့် အသက် ၃၄၊ လွင့်နေသေးတယ် …ထော့နဲ့ …ထောနဲ့။ ။
သုအိုင်စံ
၁၁-၀၄-၂၀၁၆