Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

စံလှကြီး - တိုင်းရင်းသား အားလုံး ရင်ကြားစေ့ဖို့ အာဃာတတွေ ပယ်ဖျောက်စို့

$
0
0
Refugee Camp in civil-war torn area, Burma

စံလှကြီး - တိုင်းရင်းသား အားလုံး ရင်ကြားစေ့ဖို့ အာဃာတတွေ ပယ်ဖျောက်စို့
(ဒီလှိုင်းဂျာနယ်) မိုးမခ၊ မေ ၂၅၊ ၂၀၁၆
မြို့ကလေးကား အလွန်ပင် သာတောင့်သာယာ ရှိသည်။ တောင်ကုန်း တောင်တန်းတို့ဖြင့် ခြံရံထားပြီး သဘောင်္ဆိပ်လည်း ရှိ၍ စည်ကားလှသည်။ မြို့လူထု၏ စီးပွားရေးမှာလည်း ယွန်းထည် ကြေးထည် အလှအပ ကုန်ပစ္စည်းလုပ်ငန်းများကြောင့် ချောင်ချောင်လည်လည် ရှိသည်။ အထူးခြားဆုံးကား ကမ္ဘာမီးလောင် သားကောင်ချနင်း ဟူ၍ ဆိုရမည့် ခေတ်ကာလကြီးတွင် အေးချမ်းစွာ တည်နေခြင်းမျိုး ဖြစ်သည်။ အခြားနေရာများတွင် အမြဲမပြတ် ကြားနေရသည့် ဗုံးသံ သေနတ်သံများကို ဤမြို့ကလေးတွင် သိပ်မကြားရပေ။ သို့သော် မြို့သူ မြို့သားတို့ကား သူတို့အတွက် ကမ္ဘာပျက်ချိန် နီးကပ်လာပြီ ဆိုသည်ကို သတိမထားမိကြပေ။

ထို့နေ့က ရာသီဥတု ကြည်လင်ချိန်တွင် ကြားနေကြ မဟုတ်သည့် ဥသြဆွဲသံကို ကြားကြရသည်။ ရန်သူ လေယာဉ်ပျံများ လာနေပြီ ဖြစ်ကြောင်း အချက်ပေးသော ဥသြသံပင်။ မြို့သူမြို့သားများကား အဆင်သင့် ပြင်ဆင်ထားသော ပုန်းခိုကျင်းများထဲသို့ အမြန်ဝင်ရောက်ကြသည်။ ဝင်ရောက်ပြီး မကြာမီမှာပင် အန္တရာယ်ကင်းပြီ ဖြစ်ကြောင်း အချက်ပေးသော ဥသြသံကို ကြားရသဖြင့် ကျင်းအပေါ်သို့ ပြန်တက်ကြရင်း တစ်ဦးနှင့် တစ်ဦး မေးမြန်းကြသည်။ တစ်ဦးကမူ ရန်သူ လေယာဉ်ပျံက တစ်စင်းတည်းပါဗျာ ဗုံးကြဲဖို့ လာတာ မဟုတ်နိုင်ပါဘူး။ ကင်းထောက်လေယာဉ် ဖြစ်မှာပါဟု ဆိုလိုက်သည်။ သူ့စကား မဆုံးမီမှာပင် သိမ့်ကနဲ့ တုန်သွားသည်ကို ခံစားလိုက်ရပြီး ဝင်းကနဲ လက်သွားသော အလင်းရောင်ကြီးကိုလည်း မြင်လိုက်ကြရသည်။ နောက်ပိုင်း ဘာဆက်ဖြစ်သည်ကို ဤမြို့သား အများစု မသိနိုင်ကြတော့ပေ။ ဝင်းကနဲ လက်သွားသော အလင်းရောင်ကြီးကို မြင်လိုက်ရသည်နှင့် သူတို့ ခန္ဓာကိုယ်များ အမှုန့်ဖြစ်သွားသောကြောင့်ပင်။

အဆိုပါ မြင်ကွင်းကား ဂျပန်နိုင်ငံ ဟီရိုရှီးမား မြို့ကလေး အနုမြူဗုံးဒဏ် ခံလိုက်ရသည့် မြင်ကွင်း စာပန်းချီပင် ဖြစ်သည်။

အများသိကြသည့် အတိုင်းပင် ဂျပန်တို့ကား ဒုတိယ ကမ္ဘာစစ်ကြီးတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ ဝင်ရိုးတန်းသုံးနိုင်ငံ ခေါ် ရောမ၊ဘာလင် နှင့် တိုကျို ဝင်ရိုးတန်း မဟာမိတ်အဖွဲ့ ကို ဖွဲ့စည်းပြီး ဗြိတိသျှ၊ အမေရိကန်၊ ရုရှစသော မဟာမိတ်အဖွဲ့နှင့် ယှဉ်ပြိုင်ခဲ့သည်။ ပွဲဦးထွက်တွင် နေမျိုးနွယ်တို့ အောင်ပွဲ အလီလီ ရခဲ့သော်လည်း နောက်ပိုင်းတွင်ကား တစ်ပွဲပြီး တစ်ပွဲ အရှုံးနှင့် ရင်ဆိုင်ရတော့သည်။ ဥရောပတွင် ဂျာမနီ အီတလီလို့ လက်နက်ချသွားကြသော်လည်း အာရှတွင် နေမျိုးနွယ် ဂျပန်တို့ကား မာန်တင်းဆဲပင်။ ဒုတိယ ကမ္ဘာစစ်ကြီး၏ အဆုံးသတ် တိုက်ပွဲများကား အမေရိကန် ဦးဆောင်သော မဟာမိတ်တို့၏ ကြီးမားသော စစ်အင်အားနှင့် ဂျပန်စစ်သည်တို့၏ အညံ့မခံလိုသော စိတ်ဓာတ်တို့ ရင်ဆိုင်ကြသဖြင့် နှစ်ဘက် အကျအဆုံး အလွန်များပြားခဲ့ပေသည်။

နောက်ဆုံးတွင် အမေရိကန်လေတပ်က ဂျပန်နိုင်ငံ ဟီရိုရှီးမား မြို့ပေါ်သို့ အနုမြူဗုံး တစ်လုံး ကြဲချလိုက်သည်။ နောက်သုံးရက် အကြာ နဂါဆာကီ မြို့ပေါ်သို့လည်း အနုမြူဗုံး တစ်လုံး ကြဲချလိုက်ပြန်သည်။ ဤတွင် နေမျိုးနွယ်တို့ မာန်မတင်း နိုင်တော့ပြီ။ ချွင်းချက်မရှိ လက်နက်ချရတော့သည်။ အနုမြူဗုံးမှာ ပြင်းထန်လှသဖြင့် ဟီရိုရှီးမားမြို့၏ သုံးပုံ နှစ်ပုံမှာ ပြာအတိ ဖြစ်သွားခဲ့သည်။ ဗုံးကျသည့် နေရာ၏ တစ်မိုင်ပတ်လည်ရှိ အရာဝတ္ထု အဆောက်အအုံတို့ အမှုန့်ဖြစ်သွားခဲ့သည်။ လူဦးရေ ၆၆၀၀၀ ခန့်မှာ ချက်ချင်း သေဆုံးခဲ့ပြီး နောက်ထပ် လူပေါင်းများစွာ အနုမြူဗုံးမှ ရသော ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့သည်။

ဂျပန်တွေဘက်က စဉ်းစားလျှင် တကယ့်ကို ရင်နာစရာဟု ဆိုနိုင်သည်။ သို့သော် ဟီရိုရှီးမားမြို့ရှိ အနုမြူဗုံးကြောင့် သေဆုံးခဲ့သူများ အတွက် ရည်ရွယ် ဆောက်လုပ်ထားသည့် လွမ်းသူ့ဗိမာန်တွင် အတုယူဖွယ် စာတန်းလေး တစ်ခု ရေးထိုးထားခဲ့သည်။ အင်္ဂလိပ်လိုရော ဂျပန်လိုပါ ရေးထားပြီး စာသားမှာ "Let all the souls here rest in peace for we shall not repeat the evil"ဟူ၍ ဖြစ်သည်။ မြန်မာလို "ငြင်သာငြိမ်သက် လျောင်း၍စက်တော့ နောက်ထပ်အမှား ဒို့များတစ်ဖန် မကျူးလွန်တော့"ဟူ၍ စာရေးဆရာ တစ်ဦးက ဘာသာပြန်ဆိုခဲ့ဖူးသည်။ (ထိုစာသားကို အလွန် နှစ်သက်ခဲ့သဖြင့် အလွတ် ရနေခဲ့သော်လည်း ဘာသာပြန်သူ နှင့် စာအုပ်၏ အမည်ကို စဉ်းစား၍ မရသဖြင့် မဖော်ပြနိုင်ခြင်း အတွက် တောင်းပန်အပ်ပါသည်။)

ဂျပန်တွေ ရေးထားသည့် စာတန်း ကဗျာလေးသည် အဓိပ္ပါယ် လေးနက် ကျယ်ဝန်းလှသည်။ သင်ခန်းစာယူသော သံဝေဂ တရား ပါသည်။ အမုန်းပွားသော အာဃာတ စကားသံ မပါ။ နောင် အနာဂတ်တွင် အလားတူ အဖြစ်ဆိုးမျိုး မဖြစ်အောင် ကြိုးစားမည် ဟူသော စိတ်ကောင်းစိတ်မြတ် လွှမ်းမိုးနေသည်။ လက်စားချေရမည် ဟူသော အကုသိုလ် ဒေါသသံမျိုး မကြားရပေ။ အမှန်တော့ စစ်နိုင်သူ အမေရိကန်သည် ဂျပန်ကို အာရှတွင် စီးပွားရေးအရ အလယ်အလတ်တန်းစား နိုင်ငံ အဖြစ်သာ ထားမည် ဟူသော ရည်ရွယ်ချက်ဖြင့် လာခဲ့သူ ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် ထိန်းချုပ်မှုများကို လျော့ပေးရုံ သာမက ဂျပန်၏ စက်မှုလုပ်ငန်းကိုပါ ဖွံ့ဖြိုးအောင် ကူညီခဲ့သည်။ ယနေ့တွင်တော့ ဂျပန်သည် ထိပ်တန်း နိုင်ငံ အဆင့် ရောက်ရုံမက အမေရိကန်နှင့်လည်း ခိုင်မြဲသော မဟာမိတ်များပင် ဖြစ်နေပေပြီ။ ဂျပန်တွေ ကိုယ့်စေတနာက ကိုယ့်ကို ပြန်အကျိုးပေးခဲ့သည်ဟု ဆိုရမည်။

ဂျပန်နှင့် အမေရိကန် တို့တွင် ဂျပန်ဘက်က စဉ်းစားလျှင် အမေရိကန်တွေ အတော် ရက်စက်သည်ဟု ဆိုနိုင်သည်။ အနုမြူဗုံးက မတော်တဆ ပေါက်ကွဲသွားတာမျိုး မဟုတ်။ ကိုလံဘီယာ တက္ကသိုလ်တွင် အီတလီ ရူပဗေဒ ပညာရှင် ဖားမီး(Fermi) နှင့် မက်ဟင်တန် ပရောဂျက်(Manhattan project) ဆိုပြီး စီမံကိန်းနှင့် စမ်းသပ်ခဲ့တာ ဖြစ်သည်။ နောက်ပြီး ဗုံးကြဲဖို့ အတွက် အလှပဆုံး အစည်ကားဆုံး ဂျပန်မြို့ကြီးများကို ဆန်ကာတင် ရွေးချယ်ထားသည်။ ထိုမြို့များကို သမားရိုးကျ လေကြောင်း စစ်ဆင်မှုများ လုံးဝမလုပ်။ အလှပဆုံး အခြေအနေမှာ ရှိနေစေသည်။ ဒါမှလည်း အနုမြူဗုံး၏ ပြင်းထန်ပုံကို လက်တွေ့သိနိုင်မည်ကိုး။ နောက်ပြီး လူအစည်ကားဆုံး မြို့လယ်ခေါင်ကို သေချာစွာ မြင်မှ ကြဲချရမည် ဟူ၍ လေယာဉ်မှူးကို အမိန့်ပေးထားခဲ့သည်။ ဟီရိုရှီးမားကို ဗုံးကြဲပြီးတော့ နောက်ထပ် အလှည့်ကျသည့် မြို့က နာဂါဆာကီ မဟုတ်။ ကော့ကူးရာမြို့ ဖြစ်သည်ဟု ဆိုသည်။ သို့သော် ဗုံးကြဲဖို့ မြို့ပေါ် အရောက်တွင် မြို့က တိမ်တွေ ဖုံးနေခဲ့သည်။ မှန်း၍ ပစ်ချရင် ရနိုင်လောက်သော်လည်း အမိန့်က သေချာစွာ မြင်ရမှ ကြဲရမည် ဆိုသဖြင့် ဒုတိယ ပစ်မှတ် ဖြစ်သော နာဂါဆာကီမြို့ ကံဆိုးခဲ့ရခြင်း ဖြစ်သည်။ ကဲ ဒီထက်ပိုပြီး သွေးအေးအေးနဲ့ ရက်စက်တာ ရှိပါဦးမလားဟု ဆိုနိုင်သည်။

တခါ အမေရိကန်ဘက်က စဉ်းစားပြန်တော့ ဂျပန်က ပုလဲဆိပ်ကမ်းကို စစ်မကြေညာပဲ ဗုံးကြဲတုန်းကရော မရက်စက်ဘူးလားဟု ဆိုလိမ့်မည်။ ဒီဇင်ဘာ ၇ ရက်နေ့တွင် ဂျပန်က အမေရိကန်ပိုင် ပုလဲဆိပ်ကမ်းကို စစ်မကြေညာပဲ အငိုက်ဖမ်း တိုက်ခိုက်ခဲ့ရာ အမေရိကန် စစ်သည်တွေ ခမျာ ထိုင်အသေခံရသလို ဖြစ်သွားခဲ့သည်။ ရှိသမျှ သဘောင်္တွေ အားလုံးနီးပါး ပျက်စီးပြီး လေယာဉ်အစင်း ၁၇၇ စင်းလုံး ပျက်စီးသွားခဲ့သည်။ အမေရိကန် စစ်သည် ၃၀၀၀ ကျော်ခန့် ကျဆုံး ဒဏ်ရာရခဲ့ကြသည်။ ရုပ်ရှင်တွေထဲတွင် ပို၍ပင် ပီပြင်သေးသည်။ အားလပ်ရက်မို့ အမေရိကန် စစ်သည်တွေ ငါးမျှားသူမျှား၊ အိပ်သူအိပ်၊ အပြင်ထွက်သူထွက် ဖြစ်နေချိန်တွင် လေယာဉ်အုပ်ကြီး ရောက်လာပြီး ဗုံးတွေ သွန်ချသည် ဖြစ်ရာ အကျအဆုံးများသည်မှာ မဆန်းပေ။ သဘောင်္နစ်သွားလို့ ရေပြင်ပေါ်မှာ ကူးနေတဲ့ အမေရိကန် စစ်သည်တွေကို အဲဒီခေတ်တုန်းက ခေတ်အမီဆုံးလို့ ဆိုနိုင်သော ဂျပန် ဇီးရိုး တိုက်လေယာဉ်တွေက နိမ့်နိမ့်လေး ရှပ်ပျံပြီး စက်သေနတ်တွေနဲ့ စိမ်ပြေနပြေ ပစ်ခဲ့ကြသည်။ ဒီဇင်ဘာ ၇ ရက် နှင့် ၈ ရက်နေ့ မနက်ပိုင်းများတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ကြီးရှိ တယ်လီဖုန်းတွေမှာ မအားမလပ်လောက်အောင် အလုပ်များနေခဲ့သည်။ ဂျပန်လူမျိုးတိုင်းလိုလိုသည် ဂျပန်ဘုရင့် လေတပ်မတော်ကြီးက အမေရိကန်ပိုင် ပုလဲဆိပ်ကမ်းကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းကို မိတ်ဆွေအချင်းချင်း ဖုန်းဆက် သတင်းပေးနေကြသောကြောင့် ဖြစ်သည်။ သူတို့တွေ အဲဒီလို ဂျပန်ဘုရင့် လေတပ်မတော်ကြီး၏ အစွမ်းကို ချီးကျူးကာ "ဒို့ဘုရင်ရွှေဘုန်း နေတနှုန်းသာပ"ဆိုပြီး ဝင့်ကြွားနေချိန်တွင် သားသေ လင်ဆုံး ဖြစ်ရရှာသော အမေရိကန် အမျိုးသမီးတွေ၏ မျက်ရည်တွေသည် ချောင်းစီးနေပေလိမ့်မည်။

အမေရိကန်-ဂျပန် နိုင်ငံသား မဟုတ်သူ တစ်ယောက် အနေနှင့် ဆိုသော် ဘယ်သူ ပိုလွန်တယ်လို့ ပြောလို့ မရတော့ပြီ။ ဒီအဖြစ်ကို ကြည့်ပြီး သမိုင်းတွင် မည်သူမျှ အမှားမကင်း ဆိုသော သင်ခန်းစာကိုပါ ရလိုက်သည်။ ဒီတော့ "ငြင်သာငြိမ်သက် လျောင်း၍စက်တော့ နောက်ထပ်အမှား ဒို့များတစ်ဖန် မကျူးလွန်တော့"ဆိုတဲ့ စာသားလေးရဲ့ အဓိပ္ပါယ်က ပိုပေါ်လာသည်။ ဂျပန်မှားတယ် အမေရိကန်မှားတယ် သူတို့တွေ မငြင်းတော့ပြီ။ ငြင်းလို့လည်း အဖြေ မထွက်နိုင်တော့ပြီ။ ဒီတော့ ခွင့်လွှတ်ပြီး ရှေ့ဆက်သွားဖို့ ဆုံးဖြတ်လိုက်ကြသည်။ တကယ်လည်း ရှေ့ကို ပြန်ရောက်သွားတာပါပဲ။

သမ္မာကျမ်းစာထဲမှ အဖြစ်အပျက် ကလေး တစ်ခုကို သတိရမိသည်။ တစ်ခါက ယေရှု ခရစ်တော်ထံသို့ ပြည့်တန်ဆာမ တစ်ဦးကို ခေါ်ဆောင်လာသည်။ ထို ပြည့်တန်ဆာမတွင် အပြစ်တွေရှိလို့ ခဲနဲ့ ပေါက်သတ်မယ်လို့ လူတွေက ပြောတော့ ခရစ်တော်က သင်တို့ထဲမှာ အပြစ်လုံးဝ မရှိသူတွေ ဒီမိန်းမကို ခဲနဲ့ ပေါက်နိုင်တယ်ဟု မိန့်ကြားသည်။ လူအားလုံး တွေသွားပြီး လူတစ်ယောက်က ခဲလုံးကို အောက်သို့ ပစ်ချလိုက်သည်။ သူကိုယ်တိုင်လည်း အပြစ်မကင်း ဆိုတာ စဉ်းစားမိသောကြောင့်ပင်။ နောက်တော့ လူတိုင်း ခဲလုံးတွေ ပစ်ချသွားကြပြီး ဘယ်သူမှ ခဲနဲ့ မပေါက်နိုင်တော့ဟု ဆိုသည်။ လူတိုင်း အမှားမကင်း ဆိုသော သင်ခန်းစာပင်။ ငယ်စဉ်က ဖတ်ဖူးရာ နှစ်သက်သဖြင့် မှတ်မိနေခြင်း ဖြစ်ပါသည်။ ခရစ်ယာန် ဘာသာဝင်များကတော့ ပို၍ သိမှတ်နေပါလိမ့်မည်။

ယနေ့ အမိ မြန်မာနိုင်ငံတော်တွင်လည်း အမျိုးသား ရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေးကို ပြန်လည် ဖော်ဆောင်မည်ဟု တာဝန်ရှိသူများက ဆုံးဖြတ်ထားသည်။ ရင်ကြားစေ့ရေးကို ပြောရသည် ဆိုကတည်းက မုန်းတီးမှုတွေ နာကျည်းမှုတွေ အာဃာတတွေ ရှိနေကြလို့ပဲ ဖြစ်သည်။ ဘယ်လောက်ပင် နာကျည်းစရာတွေ ရှိရှိ အနုမြူဗုံးကြီး အကြဲခံခဲ့ရသော ဂျပန်လောက်တော့ အဖြစ် မဆိုးနိုင်ပြီ။ ဂျပန်နှင့် အမေရိကန်တို့ပင် ကျေအေး နိုင်သေးသည် ဆိုပါက တစ်နိုင်ငံတည်းသားချင်း ပို၍ပင် ကျေအေးရန် ဖြစ်နိုင်ရပါမည်။

တိုင်းရင်းသား လူမျိုးချင်း နာကျည်းမှုတွေ ရှိသည် ဆိုလျှင်လည်း ဖြစ်ရခြင်း အကြောင်းကို ရှာသော် အနီး အကြောင်းရင်း နှင့် အဝေး အကြောင်းရင်း ဟူ၍ နှစ်မျိုးသာ ဖြစ်နိုင်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ အတွင်းမှာ ဖြစ်ခဲ့သည် ဆိုသော အနီး အကြောင်းရင်းများကို ကြည့်လျှင် လူမျိုး တစ်မျိုးနှင့် တစ်မျိုး နှိပ်စက်တယ် ဆိုတာ မဖြစ်နိုင်ပေ။ တစ်နိုင်ငံလုံး စစ်အာဏာရှင် စနစ်အောက်တွင် နေကြရသည် ဖြစ်ရာ မည်သည့် လူမျိုးဖြစ်စေ ဤစနစ်ကို ဆန့်ကျင်ပါက ဒုက္ခတွေ့မည်သာ ဖြစ်သည်။ ပြီးတော့ ထိုအစိုးရ အားလုံးတို့သည် ဘယ်သူကမျှ မဲဆန္ဒဖြင့် လုပ်ပိုင်ခွင့် ပေးထားသည့် အစိုးရများမဟုတ် ဆိုတာ လူတိုင်းအသိ ဖြစ်နေသည်။

ရှေးပဝေသဏီက ရာဇဝင်တွင် ဖြစ်ခဲ့သော အဝေး အကြောင်းရင်းများကို အခြေခံ၍ မုန်းတီးကြသည် ဆိုလျှင် ပို၍ပင် မသင့်လျော်။ သမ္မာကျမ်းစာပါ ယေရှု ခရစ်တော် မိန့်ကြားခဲ့သည် ဆိုသော မည်သူ အမှားကင်းသလဲ ဆိုသည့် ဖြစ်ရပ်လိုပင် မည်သူမျှ အမှားမကင်းသောကြောင့် ဖြစ်သည်။ ပြည်နဲ့ တောင်ငူလည်း ဗုဒ္ဓဘာသာ မြန်မာချင်းပေမယ့် တိုက်ခိုက်ခဲ့တာတွေ ရှိသည်။ ပို၍ သိသာရန် သမိုင်းဖြစ်ရပ် အချို့ကို ပြန်ကြည့်နိုင်သည်။ ကုန်းဘောင်ခေတ်တွင် ဘိုးတော်ဘုရားသည် ရခိုင်ပြည် မြောက်ဦးမြို့ကို တိုက်ခိုက်ခဲ့ပြီး မြောက်ဦးနန်းတော်ကို မီးတင်ရှို့ခဲ့သည်။ ဒါကတော့ ရှေးဘုရင်စနစ်၏ ထုံးစံအတိုင်းသာ ဖြစ်သည်။ ကိုယ်က အင်အားကြီးလျှင် တိုက်ခိုက်မည်။ သူက အင်အားကြီးလျှင်လည်း သူက လာတိုက်မည်။ ထို့ကြောင့်ပင် ရခိုင်ဘုရင် မင်းရာဇာကြီးသည် ခရစ် သက္ကရာဇ် ၁၆၀၀ ဘုရင့်နောင် နတ်ရွာစံ၍ နိုင်ငံပြိုကွဲချိန်တွင် ဟံသာဝတီ ပဲခူးသို့ ချီတက်လာပြီး နန်းတော်ကြီးနှင့် တကွ ပဲခူးမြို့ကြီးကိုပါ မီးတင်ရှို့ခဲ့သည်။ ပဲခူး ရွှေမော်ဓော စေတီတော်ကြီးပါ မီးခိုးများ စွဲပြီး အိုးမည်းသုတ်ထားသကဲ့သို့ ဖြစ်သွားခဲ့သည်ဟု ဆိုသည်။ နှောင်းခေတ်လူများ မည်သူက မည်သူ့ကို အပြစ်တင်ကြပါမည်နည်း။ ဟံသာဝတီ နန်းတော်ကြီး မီးလောင်သွားတာက ၁၆၀၀ ပြည့်နှစ် မြောက်ဦးနန်းတော် မီးလောင်တာက ၁၇၈၄ ခုနှစ် ဖြစ်သည်။ သမိုင်းတွင် မည်သူမျှ အမှားမကင်း ကိုယ်က သူ့ကို လက်ညှိုးထိုးရင် သူကလည်း ပြန်၍ လက်ညှိုးထိုးစရာ ရှိနေသည်သာ ဖြစ်သည်။ သမိုင်းကို ဖတ်ကြည့်လျှင် သင်ခန်းစာ ယူစရာ နှင့် အတုယူစရာ အဖြစ်သာ မြင်ရလေသည်။ ရန်ငြိုးထားစရာ အဖြစ် မြင်လျှင် ကိုယ်တိုင်ရော အပြစ်ကင်းပြီလား ဟူသော အမေးသို့ ပြန်ရောက်လာသည်။

ယနေ့လို တာဝန်ရှိသူများက ၂၁ ရာစု ပင်လုံညီလာခံ လုပ်မည်ဟု စိုင်းပြင်းနေချိန်တွင် အတိတ်က ဖြစ်ရပ်တွေကို ခွင့်လွှတ်တတ်ဖို့ လိုသည်။ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ဆွေးနွေးရတာတွေ ရှိလာလိမ့်မည်။ ထိုအခါ တစ်ဖက်ဖက်မှ ဖြစ်စေ နှစ်ဖက်စလုံးမှ ဖြစ်စေ အတိတ်က ကိုယ်ခံခဲ့ရတယ်လို့ ထင်တာတွေကို စိတ်ထဲ ထည့်ထားရင် ဆွေးနွေး အဖြေရှာရေး အောင်မြင်ဖို့ ခက်လိမ့်မည်။ ဒီတော့ အမိ မြန်မာနိုင်ငံမှ တိုင်းရင်းသားလူမျိုး အသီးသီးတို့ အနေဖြင့် ယေရှု ခရစ်တော်၏ ဆုံးမစကားကို မှတ်သားကာ ဂျပန်တွေ ရေးထိုးခဲ့သော စာသားအတိုင်း နောက်ထပ်အမှား ဒို့များ တစ်ဖန် မကျူးလွန်တော့ ဟူသော စိတ်ထားကို မွေးမြူကြပြီး အမျိုးသား ရင်ကြားစေ့ရေး အတွက် အမျက် ဒေါသ အာဃာတတွေ ပယ်ဖျောက်လျှက် အပြန်အလှန် ခွင့်လွှတ်နိုင်သော မေတ္တာစိတ်ထားဖို့ တိုက်တွန်းလိုက်ရပါကြောင်း။

မှီငြမ်း

ပညာရဲ့သဘော(တက္ကသိုလ်ဘုန်းနိုင်)

မြန်မာ့စွယ်စုံကျမ်း

(မေ ၂၃ ရက်နေ့ ၂၀၁၆ ထုတ် ဒီလှိုင်းဂျာနယ် အတွဲ (၅) အမှတ် (၁၉) မှာ ပုံနှိပ် ဖော်ပြခဲ့သော ဆောင်းပါး ဖြစ်ပါသည်။)

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>