ဂျော်ဒီး - မိုးမခရွာ ဈေးဂေဇက် - ၂
(မိုးမခ) မေ ၂၇၊ ၂၀၁၆
မိုးက တစိမ့် စိမ့်..ရွာမစဲ။ တခါတရံ လေပြင်းပြင်းကလေး ခပ်သဲသဲဝှေ့လိုက်လျှင်.. မိုးမခရွာဈေးတန်းကလေး၏ အမိုးလေးတွေမှာ တဂျမ်းဂျမ်းမြည်သံပေးကာ.. လေနှင့်အတူ လွင့်တော့မယောင်ယောင်.။ အာကာဘောင်တခွင်လုံး မှိုင်းညိုမှောင်လို့..။ မိုးမခရွာဈေးသူဈေးသားများခမျာ အလိုလိုမှ အရောင်းအ၀ယ်ပါးရတဲ့အထဲ ..ခုလို မုန်တိုင်း မိုးစွေသော ကာလများတွင် ဘယ်သကောင့်သား သကောင့်သမီးတကောင်တမြီးမှ ဈေးဝယ်မလာသဖြင့် မိုးနှင့်အတူ ပြိုရမလို ငိုရမလို ..။
ဒေါ်ဆိတ်မ။ ။ အရောင်းအ၀ယ်ပါးရတဲ့ ကြား..မိုးကလည်း မတိတ်နိုင်ဘူးတော်..
သာဂိ။ ။ အဲဒါ ရွန်းနုကြောင့်ဗျ..
ဒေါ်အာကျယ်။ ။ ဘယ်က ရွန်းနုလဲ..။ ရွာတောင်ပိုင်းက မာမူကြီး သမီးလေးလားဟဲ့.. သူက ဘာလုပ်လို့ မိုးမတိတ်ရတာလဲ..။
ဒေါ်ဆိတ်မ။ ။ ခက်လိုက်တာ..ဒေါ်အာကျယ်ရာ..။ ရွန်းနုဆိုတာ မုန်တိုင်းနာမည်တော့
အဲဒါပြောတာပေါ့.. သတင်းတွေနားထောင်ပါ.. ဂျာနယ်တွေဖတ်ပါလို့.. ရွန်းနုမုန်တိုင်းနဲ့ အတူ မုတ်သုန်ပါ ပါလာမယ်…မိုးလေ၀သသတင်းတွေ နားမထောင်ဘူးလား”
ဒေါ်ဆိတ်မရဲ့ ဆရာမကြီးလေသံကြောင့် ဒေါ်အာကျယ် အတော်တင်းသွားသည်။ အာကျယ်ကို
ဒီလိုလာကျယ်လို့ ဘယ်ရမလဲလို့ တွေးရင်း ပိုက်ဆံအိတ်ထဲမှ စမတ်ဖုန်းကို ခပ်ကြွားကြွားလေး ထုတ်လိုက်ပြီး….
ဒေါ်အာကျယ်။ ။ “ဟဲ့..ငါက ညည်းလို သူများဆီက ဂျာနယ်အဟောင်းတွေ လိုက်တောင်း ဖတ်စရာမလိုဘူးဟဲ့ … ဒီမှာ ဦးဘစိန်သမီးအငယ်မဆိုတဲ့ နာမည်နဲ့ ဖစေ့ဘွတ်အကောင့် ဖွင့်ထားတယ်..။ ဖစေ့ဘွတ်က အတင်း… အဲ..သတင်းတွေပဲဖတ်တယ်..အဟင်းဟင်း။ ညည်းတို့က မိုးလေသ၀ဆို ဦးထွန်းလွင်တို့လောက် သိတာ..၊ ကျုပ်တို့ဖစိဘွတ်မှာတော့ မိုးလေ၀သ ပညာရှင်တွေ အများကြီးအေ့..။ တယောက်တမျိုး မှန်းဆနေလိုက်ကြတာ.. ဘယ်သူ့ စကား ယုံရမှန်းတောင်မသိဘူး..”
သာဂိ။ ။ “ဖစေ့ဘွတ်က ဆဲနည်းတွေရန်ဖြစ်နည်းတွေရော မတတ်ဖူးလား ဒေါ်အာကျယ်ရဲ့ ..”
ဒေါ်ဆိတ်မကလည်း အားကျမခံ သူ့တက်ဘလက်ကလေးကို ထုတ်ပြီး လက်ညှိုး ကလေးနဲ့ ရွှပ်ခနဲ ရွှပ်ခနဲပွတ်လိုက်ကာ..
ဒေါ်ဆိတ်မ။ ။“ဟာ…ရွန်းနုမုန်တိုင်းမိုးကြောင့် မိုးမခရွာလယ်လမ်းများ ရေလျှံ၊ ရွာနီးချုပ်စပ် များ တောင်ပြိုမြေပြို..လမ်းများပျက် ဆိုပါလား..၊ ရှယ်ပြီး ..ဖီးလင်း..ဆက်..တို့ ဘာတို့လုပ်ဦးမှ..အဟမ်း”
သာဂိ။ ။ ဖုန်းပွတ်ပြီး သူများကို သွားဝမ်းနည်းမနေနဲ့…၊ ကိုယ့်ဈေးဆိုင် အောက်လည်း ကိုယ် ကြည့်ဦး.. ရေတွေလျှံလာပြီ.. အဲဒါ ခင်ဗျားတို့မှာ တာဝန်ရှိတယ်.. ရေမြောင်းတွေ ပိတ်ဆို့နေရင် ဖော်ရမှာပေါ့..။
ဒေါ်အာကျယ်။ ။ ရေမြောင်းတွေပိတ်တာ..ကျုပ်တို့က ဖော်ရမယ်..ဟုတ်စ။ မောင်မင်းကြီးသား စည်ပင်တွေကိုပေးထားရတဲ့ဈေးခွန်၊ အိမ်ခွန်၊ ခြံခွန် ၊မိလ္လာခွန်၊ ဒါတွေတင်မက.. လမ်းဘေး ကွမ်ယာဆိုင် ပိစိကွေးကအစ..တရားဝင်လားမ၀င်လားမသိတဲ့ စည်ပင်ခွန်တွေ ကောက်ထား တာလေ.။ သူတို့က အခွန်တော့ယူပြီး မြောင်းလေးမှဖော်မပေး..အမှိုက်ကလေးမှလာသိမ်း မပေးဘူးတဲ့လား..၊ ပြောင်းလည်းချိန် တန်ပြီလေ..၊ ကျုပ်တို့မဲပေးခဲ့တဲ့ အစိုးရသစ်ကြီးရဲ့  ရက်(၁၀၀)စီမံကိန်းတွေထဲမှာ ဒါတွေမပါဘူးတဲ့လား..။
သာဂိ။ ။ စိတ်လေတယ်ဗျာ..၊ နွေဆိုလည်း သေအောင်ပူ..၊ မိုးဆိုလည်း မိုးမှ မကျသေးဘူး.. ရေကြီးတာ ရေလျှံတာတွေ မြေပြိုတာတွေ ဖြစ်လာပြီ..။ အရင်က အဲဒီလို မဟုတ်ပါဘူးဗျာ။ တကယ်တော့ ဒါ..သစ်တောတွေ ပြုန်းတီးလို့..၊ အရင်အစိုးရလက်ထက်တလျှောက်လုံး ခရိုနီတစုနဲ့ အဘတို့ပေါင်းပြီး တောတွေပြုန်းအောင် ခုတ်သွားလို့ ဗျ”
ဒေါ်အာကျယ်။ ။ ဟယ်..ဒီသတင်းထဲမှာတော့...သစ်တောတွေပြုန်းတီးတာ ငါတို့တွေ ထင်းသုံး လို့ဆို။ တသက်လုံး ထင်းသုံးလာမိတာ..အခုမှပဲကျေးဇူးရှင်သစ်တောညွှန်ချုပ်ကြီး အလင်းပြမှု ကြောင့်ငါတို့ဟာ ..သစ်တောပြုန်းတီးအောင်လုပ်မိတဲ့ တရားခံစစ်စစ်ဖြစ်မှန်း သိတော့တယ်၊ စိတ်မကောင်းလိုက်တာ..။ နောင်တရပါပြီလေ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ အနေနဲ့.. ထင်းအစား ဂက်စ်မီးဖို သုံးရကောင်မလားလို့.. တွေးနေတာ။ အခု တို့ဆီမှာ သဘာဝဓာတ်ငွေ့တွေကလည်း အလျှံအပယ်ထွက်နေတာမဟုတ်လား”
သာဂိ။ ။ မအပ်မရာ..ဒေါ်အာကျယ်ရယ်..၊ သဘာဝဓာတ်ငွေ့ဆိုတာ ကိုယ့်ဆီကထွက်တိုင်း ကိုယ်အလျှံအပယ်သုံးရမယ်ထင်လို့လားဗျ..၊ သူများဆီကိုရောင်းစားဖို့ဗျရောင်းစားဖို့..”
ဒေါ်ဆိတ်မကလည်း သူ့ဖစိဘုတ်အတွင်း..နယူးဖိလာသောသတင်းခေါင်းစဉ်များကို အော်ကြီး ဟစ်ကျယ်ဖတ်နေလေသည်။
ဒေါ်ဆိတ်မ။ ။ ဟာ…ကလေးငယ်တဦးလမ်းဖြတ်ကူးရင်း ရေအိုင်ထဲမှာ ပြတ်ကျနေတဲ့ ဓာတ်ကြိုးကနေ ဓာတ်လိုက်သေဆုံးသွားတယ်တဲ့..၊ ဖားကန့်မှာလည်း မြေစာပုံ ပြိုကျပြီး လူတွေသေပြန်ပြီ..ဟာ၊ တို့လူထုရဲ့ အသက်အိုးအိမ်တွေကို ဘယ်သူစောင့်ရှောက်ပေးမှာလဲ။ ကျုပ်တို့အစိုးရကြီး ရက်(၁၀၀)ပြည့်တော့မယ်…၊ အရင်အစိုးရက မကြည့်တာထား၊ ကိုယ်မဲပေး ထားတဲ့အစိုးရကတော့ ကိုယ့်ကို ကြည့်စေချင်တာပေါ့။
ဒေါ်အာကျယ်။ ။ တော်စမ်းပါ ..ဒေါ်ဆိတ်မရယ်..၊ နင့်ဖစိဘုတ်သတင်းတွေက
အမင်္ဂလာတွေချည်းပဲ။ ထစ်ခနဲရှိ အစိုးရပဲ အဆိုးမြင်ဝါဒီလုပ်မနေနဲ့..။ အရင်အစိုးရဟောင်းရဲ့  ယိုသမျှချေး..ဒီပုစွန်ဆိတ်ကလေးအပေါ်ချည်းစုရောက်နေတာလေးလည်း နားလည်ပေးဦးမှပေါ့..။
ဒီမှာ..ကျုပ်တို့ အစိုးရသစ်ရဲ့  ရက်(၁၀၀)အတွင်းသိသာတဲ့ဆောင်ရွက်မှု။
ကျူးကျော်တွေကို ရွာတော်ဝန်က နေစရာတွေ ပေးတော့မယ်တဲ့..။
ကျူးကျော်တော့ စစ်မစစ်တော့ စစ်ရမယ်တဲ့..။ ရွှေလက်ကောက်ကြီး တစ်တောင်လောက်ဝတ် ထားပြီး ကျူးကျော်လာလုပ်လို့တော့မရဘူးတဲ့..၊ ပြတ်သားလိုက်တာ..။ ဒါမှတို့အစိုးရသစ်.. လက်သန်း မှင်ပေရကျိုးနပ်တယ်ဟေ့။
သာဂိ။ ။ ကျူးကျော်စစ်မစစ် ဘယ်လိုစစ်မလဲတော့မသိဘူးနော်…၊ ဟို.လက်ပံတောင်းလို တနိုင်ငံ လုံးက လယ်တွေယာတွေလိုက်ကျူးကျော်.သိမ်း။သင်္ချိုင်းမြေပါမချန်လိုက်ကျူးကျော်သိမ်းနေတဲ့ ကျူးကျော်အဘတို့လောက် ကျူးကျော်စစ်တာ ရှိဦးမလားဗျာ။ သူတို့လည်း နေစရာရမယ်ဆိုရင် ၀င်လျှောက်မှာ သေချာတယ်..။ တန်ဖိုးနည်းတိုက်ခန်းတွေတုန်းကတောင် ပင်စင်ယူ ပြီး နေစရာ မရှိလို့ မြေညီထပ်ကလေး ပေးပါ…ဘာညာလျှောက်သေးတာ..၊ သနားစရာပါဗျာ..။
ဒေါ်ဆိတ်မ။ ။ ဟဲ့..ဟဲ့..၊ လက်ပံတောင်းတို့ ဘာတို့သိပ်မပြောကြနဲ့၊ လက်ပံတောင်းကိုတယောက် တည်း လမ်းလျှောက်ရုံနဲ့ လူငယ်လေးတယောက်ကို တနေ့က ရဲတွေဖမ်းနေတဲ့ သတင်းတပုဒ်ဖတ်
လိုက်ရတယ်..။ ငါထင်တာတော့ ရဲတွေက လူတွေလမ်းလျှောက်တာ မကြိုက်ဖူးထင်တယ်။ လမ်းလျှောက်ရင် ဖမ်းတော့တာပဲ..။
သာဂိ။ ။ ခင်ဗျားလည်း စကားပြောဆင်ခြင်ပါဗျာ..။ အခု ရဲတွေကဖမ်းတယ်လို့ မပြောရတော့ဘူး၊ ၀န်ဆောင်မှုပေးတယ်လို့ပြောရတယ်ဗျ..။ တရားရုံးတို့ထောင်တို့ကို ဖြောင့် ဖြောင့်တန်းတန်းရောက်
အောင် ၀န်ဆောင်မှုပေးနေတာ..။ ကျုပ်တို့အစိုးရသစ်ရဲ့ ရက်(၁၀၀)အတွင်း သိသာတဲ့ပြောင်းလဲမှု တွေထဲမှာ ဒါလည်း ပါတယ်ဗျ..။
ဒေါ်အာကျယ်။ ။ ဟယ်.. ဒီသတင်းမှာက လယ်သမားတွေက ငွေတိုးချေး..၊လွယ်လွယ်သုံးပြီး ကိုယ့်လယ်မြေကိုတော့တိုးတက်အောင်ဆောင်ရွက်ချင်စိတ်မရှိဘူးလို့ ရွာထောင်စု လယ်ဆည် ၀န်ကြီးက ပြောသတဲ့..၊ အံ့ပတော်..၊ လယ်သမားတွေစိုက်ပေးတဲ့ စပါးကဖြစ်တဲ့ ဆန်စားကြီးတဲ့ သူမှဟုတ်ပါလေစ။
သာဂိ။ ။ ဒါလည်း…ရက်(၁၀၀) အတွင်း သိသာတဲ့ စကားလေးပေါ့ဗျာ..။ မယ်မယ်ဒီက သူ့ဝန်ကြီးတွေ မလိမ္မာရင် ဆုံးမမယ်ပြောထားတာပဲဗျာ..။ သူ..ဆုံးမပါလိမ့်မယ်..ဟဲဟဲ။
ထိုစဉ်..မိုးသည်းသည်းထဲမှ မိုးမခရွာဈေးထဲသို့ ဂျီးဒေါ်တယောက် ရွှင်လန်းတက်ကြွစွာ ၀င်
လာလေသည်။
ဂျီးဒေါ်။ ။ ဟေး..ကိုယ့်လူတို့..၊ ဈေးရောင်းမကောင်းလို့ မှိုင်မနေနဲ့..၊ ထိုင်မနေနဲ့..၊ လှံထမ်းလာတာ သာ မြင်ရမယ်..၊ ကံထမ်းလာတာ မမြင်နိုင်ဘူးနော်..၊ ဟောဒီမှာ..အစိုးရသစ်ရဲ့ အခွန်ဝန်ကြီး ဌာန က (၅၀၀)ကျပ်တန် ထီလက်မှတ်တွေ အသစ်ထုတ်တော့မယ်တဲ့၊ သိန်းပေါင်း (၁၀,၀၀၀) ချမ်းသာတဲ့
သူဌေးကြီးတွေ သူဌေးမကြီးတွေဘ၀ ချက်ချင်း ရောက်သွားနိုင်တယ်..။ ပြောင်းလည်းချိန်တန်ပြီဆို တဲ့ ကြွေးကြော်သံအတိုင်း အစိုးရသစ်လက်ထက်မှာ သိန်း(၁၀,၀၀၀) ကြွယ်ဝတဲ့ သူဌေးမကြီး ဂျီးဒေါ်မဖြစ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ..။
ဂျီးဒေါ်၏ အားတက်သရော ၀မ်းမြောက်အူမြူးစွာ ပြောနေပုံကြောင့် ဒေါ်ဆိတ်မတို့ ဈေးသည်တသိုက်လည်း ကျဆင်းနေသော စိတ်ဓာတ်များ ရုတ်တရက်မိုးအာကာထက်သို့ တရှိန်တိုးထိုးတက်သွားကြကာ…
“ ဟေး..ဒါမှ တို့ အစိုးရသစ်ကွ..။ ရက်(၁၀၀)အတွင်း တို့ဘ၀တွေကို ပြောင်းလဲချိန်တန်အောင် စွမ်းဆောင်တော့မယ်ကွ” ဟု ကြွေးကြော်လိုက်ကြလေသည်။
သာဂိကား…ကံယုံပြီး ဆူးပုံနင်းမည့်သူများအား ငေးမောကြည့်ရင်း တိုးတိုးလေး ငြီးငြူ လိုက်လေသည်။
“ပြောင်းလဲတဲ့အထဲမှာ အစိုးရသတ်မှတ်ဈေး (၅၀၀) ကျပ်တန် ထီလက်မှတ်ကလေး လည်း.မှောင်ခိုဈေးပြောင်း။ ခင်ဗျားတို့ မုန့်ဝယ်စားလိုက်ရင် ၀မ်းဝမယ့် ပိုက်ဆံကလေး လည်း နိုင်ငံတော်ဘဏ္ဍာအဖြစ်ပြောင်းသွားမှာ မြင်ယောင်ပါသေးရဲ့ ဗျာ။ ကုသိုလ်ရတာပေါ့ဗျာ”