Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ထွန်းဝင်းငြိမ်း ● လူထုအမေရဲ့ နိုင်ငံရေးလောကဓံ

$
0
0

 ထွန်းဝင်းငြိမ်း ● လူထုအမေရဲ့ နိုင်ငံရေးလောကဓံ
(မိုးမခ/သစ်ခက်သံလွင်) မေ ၂၉၊ ၂၀၁၆


(တစ်)


“လူတယောက်ကို သတိရနေသမျှကာလပတ်လုံး ဒီလူဟာ မသေပါဘူး” ဆိုတဲ့ အာဖရိကစကားပုံ တခုရှိ ပါတယ်။ ဒါဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ပြည်သူတွေက ဘယ်တော့မှမ့ကြမှာ မဟုတ်ဘူးဆိုတဲ့ အကြောင်း အမေလူထု ဒေါ်အမာရေးသားတုန်းက သုံးနှုန်းတင်ပြသွားတဲ့ စကားပုံလည်း ဖြစ်ပါတယ်။ 
အမေရေးခဲ့သလိုပါပဲ။ လူထုအမေကို ပြည်သူတွေက မေ့နိုင်စရာမရှိတဲ့ အကြောင်းတွေထဲမှာ အမေ့ရဲ့လေး စားဖွယ် သမိုင်းဖြတ်သန်းမှုတွေ၊ ယုံကြည်ရာကို ရဲရဲရင့်ရင့်ကိုင်စွဲခဲ့တာတွေ၊ ဘ၀တသက်တာမှာ မယိမ်း ယိုင်တဲ့ရပ်တည်ချက်တွေ၊ တိုင်းချစ်ပြည်ချစ်စိတ် ဓာတ်တွေကိန်းအောင်းလာအောင် ညွှန်ပြရေးသားခဲ့ တာတွေကို တခုတ်တရ ပြောကြရမယ် ထင်ပါတယ်။


အမေလူထုဒေါ်အမာကိုမမေ့သမျှ အမေ့ရဲ့ယုံကြည်ချက် ရပ်တည်ချက်တွေဟာလည်း ပြည်သူနဲ့အတူ မပျောက်မကွယ် တည်မြဲနေမှာဖြစ်တယ်လို့ယုံကြည်ပါတယ်။ အမေ့ရဲ့တသက်တာလုံးပြောဆို၊ ရေး သား၊ ပြုမူဆောင်ရွက်ခဲ့တာတွေက အလွန်ကြီးမားတဲ့ တိုင်းပြည်ကိုချစ်တဲ့စိတ်၊ ပြည်သူကို ချစ်တဲ့စိတ် ရဲ့စေ့ဆော်ချက်တွေကြောင့်လို့ ပြောရမယ်ထင်ပါတယ်။ ဒါကြောင့်မို့လည်း အမေဟာ တိုင်းပြည် အတွက် ပြည်သူ့ဘက်ကရပ်တည်ရေးသားခဲ့ရာမှာ ဆရာကြီးသခင်ကိုယ် တော်မှိုင်းရဲ့ “ရွှေဒေါင်းတောင် ကလောင်တမျိုးရယ်နဲ့ ပြည်ကောင်းအောင် ဆောင်မကိုးရယ်လို့” ဆိုတဲ့ သြ၀ါဒကိုလက်ကိုင်ပြုခဲ့သူ လည်း ဖြစ်ပါတယ်။


အမေလူထုဒေါ်အမာရဲ့ဘ၀ဖြတ်သန်းမှုတလျှောက်လုံးမှာ ဒုတိယကျောင်းသားသပိတ်ကြီးရဲ့ သပိတ်မှောက် ကျောင်းသူ၊ စာရေးဆရာ၊ သတင်းစာဆရာ၊ အယ်ဒီတာကောင်းတဦးဆိုတဲ့ ဘ၀တွေအပြင် အိမ်ထောင်ရှင်မကောင်းတယောက်အနေနဲ့ လောကဓံကို ကြံ့ကြံ့ခံဖြတ်သန်းပြီး၊ သောကဒုက္ခမျိုးစုံ ကြုံတွေ့ရပေမယ့် တစက်ကလေးမှအလျှော့မပေး၊ အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်မျိုးဟာ တော်ရုံမိန်းမ သားတွေမှာ တွေ့ရလေ့ရှိတဲ့ စိတ်ထားမျိုးမဟုတ်တာတော့ သေချာ ပါတယ်။


အဲဒါတွေအပြင် တိုင်းပြည်ကိုချစ်တဲ့၊ ပြည်သူလူထုကိုချစ်တဲ့၊ ငြိမ်းချမ်းရေးကိုမြတ်နိုးတဲ့၊ ယဉ်ကျေးမှုကိုမွေ့ လျော်တဲ့၊ သမိုင်းကိုတန်ဖိုးထားတတ်တဲ့ အမေလူထုဒေါ်အမာရဲ့ဘ၀မှာ နိုင်ငံရေးလောကဓံ ရဲ့ဖိနှိပ်ရိုက် ပုတ်ကျီစယ်မှုတွေကို ထုနဲ့ထည်နဲ့ ကြုံတွေ့ခဲ့ရာမှာ ခင်ပွန်းဖြစ်သူရော သားသမီးတွေပါ မကျန် ခံစားခဲ့ကြ ရသလို သူကိုယ်တိုင်လည်း နိုင်ငံရေးအကျဉ်းသူဘ၀နဲ့ လေးဖက်နံရံတွေကြား မှာ ဖြတ်သန်းခဲ့ရသူ လည်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ ဒီစာစုမှာ အမေလူထုဒေါ်အမာ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးလောကဓံတွေအပေါ်မှာ အမေ ဘယ်လို ကြံ့ကြံ့ခံ ဖြတ်သန်းခဲ့ပါသလဲဆိုတဲ့အကြောင်းကို လက်လှမ်းမှီသရွေ့တင်ပြသွားမှာ ဖြစ်ပါတယ်။


(နှစ်)


စာရေးဆရာသတင်းစာဆရာကြီး အဂ္ဂါစနိုး ကွယ်လွန်ချိန်မှာ အမေလူထုဒေါ်အမာက ရှာမှရှားတဲ့ သတင်းစာဆရာဆိုတဲ့ခေါင်းစဉ်နဲ့ ရှုမ၀မဂ္ဂဇင်းမှာ ဆောင်းပါးရှည်ကြီးရေးပြီး အဂ္ဂါစနိုးရဲ့ဘ၀နဲ့ အလုပ်တွေကို ခြယ်မှုန်းရေးသား ဂုဏ်ပြုခဲ့ပါတယ်။
တကယ်တော့ ရှာမှရှားတဲ့ သတင်းစာဆရာဆိုတဲ့ ခေါင်းစဉ်ဟာ အမေလူထုဒေါ်အမာနဲ့ အလိုက် ဖက်ဆုံးလို့ မြင်မိပါတယ်။ အများက အသိအမှတ်ပြုကြရတာကလည်း အမေလူထု ဒေါ်အမာဟာ ဗမာပြည်ရဲ့ ရှာမှရှားတဲ့ သတင်းစာဆရာ စစ်စစ်ပါပဲ။ အမေ့ဘ၀နဲ့ အလုပ်တွေကို မှတ်မိသိမှီ သမျှ ပြန်စဉ်းစားကြည့်တိုင်း အမေဟာ ဘယ်နေရာက ရပ်တည်ခဲ့တယ်။ ဘယ်သူတွေဘက်က ရပ်တည်ခဲ့တယ်။ ဘာတွေတွေးပြီး ဘာတွေရေးခဲ့တယ်ဆိုတာ ထင်ထင်ရှားရှား တွေ့နေရပါတယ်။
အမေဟာ လူထုသတင်းစာကို ၁၉၄၆ ဧပြီ ၁၉ ကနေ ဇွန် ၇ ရက်နေ့က စတင် ထုတ်ဝေခဲ့ပါတယ်။ လူထုသတင်းစာမှာ အယ်ဒီတာအဖွဲ့ဝင်၊ ဖခင်အောင်နိုင်ကလောင်ခွဲနဲ့ နိုင်ငံရေးဆွေးနွေးခန်း ပင်တိုင်ဆောင်းပါးရှင်အဖြစ် ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။


ဆရာလူထုဦးလှနဲ့ အမေလူထုဒေါ်အမာတို့ ဇနီးမောင်နှံဟာ စာရေးဆရာ၊ သတင်းစာဆရာအနေနဲ့ စာပေ အကျိုး ပြည်သူလူထုအကျိုးကို သယ်ပိုးကြရာမှာ ၁၉၄၇ ခုနှစ်က လူထုသတင်းစာဆိုတာ တိုင်းပြည် လွတ် လပ်ရေးအတွက် ဦးဆောင်ကြိုးပမ်းနေတဲ့ ဖဆပလအဖွဲ့ချုပ်ကြီးရဲ့အာဘော်လို့ ဆိုရလောက်အောင် အရေးပါတဲ့ သတင်းစာ ဖြစ်ခဲ့ပါတယ်။
အဲဒီ ဖဆပလ အဖွဲ့ကြီးပါပဲ။ တိုင်းပြည်လွတ်လပ်ရေးရပြီး အာဏာရအစိုးရဖြစ်လာတော့ လူထုဦးလှ ကို နိုင်ငံရေးမသင်္ကာမှုပုဒ်မ ၅ နဲ့ထောင် ၃ ကြိမ် ချဖူးပါတယ်။ တိုက်ကို ချိတ်ပိတ်၊ လူကိုဖမ်းပြီး တရားစွဲ ဆိုတာတွေ လုပ်ခဲ့ပါတယ်။ သတင်းစာတိုက်ကို ဒိုင်းနမိုက်နဲ့ ခွဲတာမျိုးတွေအထိ လက်ရဲဇက်ရဲ ဖိနှိပ်ခဲ့ပါ တယ်။


ဆရာလူထုဦးလှတသက်မှာ အဖမ်းအဆီးခံရတာ ၅ ကြိမ် ရှိပါသတဲ့။ ၃ ကြိမ်က ဖဆပလခေတ်၊ ပထမဆုံး အကြိမ်က ဗြိတိသျှအစိုးရခေတ်မှာ၊ နောက် ၃ ကြိမ်က ဖဆပလခေတ်မှာ ဖြစ်ပါတယ်။ နောက်ဆုံး အကြိမ် မှာတော့ မဆလခေတ်မှာ လူထုဦးလှရယ် အမေလူထုဒေါ်အမာရယ် သားဘိုညို (ဆရာ ညီပုလေး) ရယ် သားအမိ သားအဖ သုံးယောက်စလုံး ဖမ်းဆီးခံရတာပါ။


ဆရာလူထုဦးလှ ပထမအကြိမဖမ်းဆီးခံရတုန်းက အမေလူထုဒေါ်အမာ ဂျပန်ခေတ်စစ်ရှောင်ရင်း မန္တလေးမြို့မြောက်ဘက်က ကပိုင်ရွာ တောင်ငူစုဘုန်းကြီးကျောင်းဝင်းထဲမှာနေကြတဲ့အချိန်ပါ။ အဲဒီခေတ်က ၀န်ကြီးသခင်သန်းထွန်း၊ ဗိုလ်မှူးဗထူးတို့ မကြာမကြာလာပြီး သူတို့ဘာတွေလုပ်ဖို့ လာတယ်ဆိုတာတော့ ဦးလှက အမေမာကို ပြောမပြပါဘူး။ ကွန်မြူနစ်ပါတီက ရဲဘော်မလေး ၃၊ ၄ ယောက် အမေတို့ဆီလာနေတော့ အမေက ချက်ပြုတ်ကျွေးနေတာပါပဲတဲ့။ အဲဒီအချိန်မှာ ဆရာ လူထုဦးလှကို ဗြိတိသျှတပ်တွေလာပြီးဖမ်းသွားပုံကို အမေမာက အခုလိုရေးထားပါတယ်။


“ကျွန်မတို့အညာမှာ ဗိုလ်မှူးဗထူးဦးဆောင်တဲ့တပ်တွေက ဖက်ဆစ်ဂျပန်ကို တော်လှန်ကြပြီး တိုက်ပွဲတွေ ဖြစ်နေပြီ။ ဂျပန်တွေအရေးမလှဘဲ စစ်တွေဆုတ်ပေးနေရပြီ။ မဟာမိတ်တပ်တွေက ၀င်လာပြီ။ ဒါကြောင့် ဂျပန်တွေလက်က မန္တလေးမြို့တောင်ကျသွားပြီဆိုတဲ့အချိန်မျိုးမှာ ဗြိတိသျှ စစ်ဗိုလ်တယောက် ဂျစ်ကားတစီးနဲ့ကျွန်မတို့နေတဲ့ ကပိုင်တောင်ငူစုကျောင်းထဲကိုဝင်လာပြီး ဦးလှကိုမေးတယ်။ တွေ့တယ်။ သူတို့ နှစ်ယောက်စကားပြောကြတယ်။ ဘာပြောမှန်း ကျွန်မမသိ လိုက်ဘူး။ နောက် ဦးလှက အိပ်ရာကို လိပ်ခိုင်းတယ်။ အ၀တ်အထည်ကလေး နည်းနည်းထည့် ခိုင်းတယ်။ စစ်ဗိုလ်လာခေါ်လို့ ငါလိုက်သွားဦး မယ်ပြောပြီး လိုက်သွားတာပဲ။”


စစ်ဦးဘီလူးမှာ ရှေ့တန်းစစ်မျက်နှာအတွက် ၀ါဒဖြန့်ဖို့ စကားပြန်လမ်းပြလုပ်ရတာလိုလို သတင်းကြားရပေ မယ့် ဆရာလူထုဦးလှကို ဘယ်ဆီခေါ်သွားမှန်း မသိရပါဘူး။ နောက်တော့ ဦးလှကိုခေါ်သွားတာဟာ ဖမ်းသွားတာ။ F.SS လို့ခေါ်တဲ့ Field Security Service စစ်မြေပြင် လုံခြုံရေးအဖွဲ့က လာဖမ်းတာလို့ သိရပါသတဲ့။

ဦးလှ လွတ်ရာလွတ်ကြောင်းအတွက် မျိုးချစ်ရဲဘော်တွေနဲ့တွဲပြီး ဂျပန်တော်လှန်ရေးလုပ်နေကြတဲ့ အမေရိကန်တပ်ရဲ့စစ်ထောက်လှမ်းရေးတပ်ဖြစ်တဲ့ Detachment 101 တပ်စခန်းချရာ ဗန်းမော်မြို့ ကိုလည်း မိဘတွေကိုခွင့်ပန်ပြီး အမ မမဦး(နဂါးဒေါ်ဦး) နဲ့အတူ ၅ လ ၆ လရှိ (ဦး) ဖိုးသံချောင်း ကိုယ်ဝန် ကြီး မပေါ့မပါးနဲ့ ကပိုင်လေယာဉ်ကွင်းကနေ စစ်လေယာဉ် ဒါကိုတာကြီးတစီးနဲ့ အမေ လူထုဒေါ်အမာဟာ စစ်ကြီးမပြီးတတ်သေးခင်မှာ လိုက်သွားခဲ့ဖူးသူပါ။


ဗန်းမော်ရောက်လို့ ကိုယ့်ရဲဘော်တွေနဲ့တွေ့လို့ အမေရိကန်တပ်ကို မေးကြည့်တော့မှ လူထုဦးလှ ပုဂံမှာ ဖမ်းထားတာလို့ သိရပါတယ်။ ဗြိတိသျှတပ်က စစ်တိုက်ရင်းဖမ်းချုပ်တဲ့ ပုံသဏ္ဌာန်နဲ့ ဖမ်းထားတာမို့ စစ်ပြီးတော့ ပြန်လွတ်လာပါသတဲ့။
ဒုတိယအကြိမ် လူထုဦးလှကိုဖမ်းတော့ ၁၉၄၉ ခုနှစ်မှာပါ။ မင်းမနိုင်အဓိကရုဏ်းမှာ ဘုန်းကြီးနှစ်ပါး ပျံလွန်တယ်လို့ လူထုသတင်းစာက သတင်းမှားရေးတယ်ဆိုပြီး ပုဒ်မ ၅ နဲ့ဖမ်းတာပါ။ အဲဒီပုဒ်မက အဲဒီအချိန်က အာမခံရနိုင်တဲ့ပုဒ်မပါ။ သတင်းမှားတာကလည်း ဦးလှရေးတာမဟုတ်ပါဘူး။ သတင်းအယ်ဒီတာဦးစံဝင်းရေးတဲ့သတင်း နောက်တနေ့မှာ အမှားပြင်ဆင်ချက်သတင်းစာမှာ ထည့်ပြီးဖြစ်လို့ အာမခံလျှောက်တဲ့အခါ အာမခံရပါသတဲ့။ သတင်းစာတိုက်ပိတ်တာလည်း ပြန်ဖွင့်ခွင့်ရတယ်။ ဦးလှလည်း ထောင်ထဲမှာ ၁၁ ရက်ပဲနေခဲ့ရပြီး ပြန်လွတ် လာပါတယ်။ အဲဒါဟာ အမြန်ဆုံးအကြိမ် ဖြစ်ကြောင်း အမေမာက ရေးပါတယ်။

(သုံး)


ဆရာလူထုဦးလှ တတိယအကြိမ်နဲ့ စတုတ္ထအကြိမ်အဖမ်းခံရတော့ အမေလူထုဒေါ်အမာက ဒိန်းမတ်ပြည် ကိုပင်ဟောင်မြို့တော်မှာကျင်းပတဲ့ ဒီမိုကရက်တစ် ကမ္ဘာ့အမျိုးသမီးညီလာခံကို မြန်မာသတင်းစာဆရာ အမျိုးသမီး ကိုယ်စားလှယ်တယောက်အနေနဲ့ တက်နေရချိန်ပါ။ ညီလာခံပြီးတော့ မြန်မာနိုင်ငံက လူငယ် ကိုယ်စားလှယ်အဖွဲ့က ကမ္ဘာ့လူငယ်ပွဲတော်ကို အချိန်မီ တက်ရောက်ဖို့မလာနိုင်လို့ တိုင်းပြည်ရဲ့ အပြင်ရောက်နေတဲ့အမေ့ကို တက်ခဲ့ပါဆိုတဲ့ ကိုယ်စားလှယ်လွှဲစာရလို့ ရူမေးနီးယားနိုင်ငံ ဘူခါရက်စ်မြို့တော်က လူငယ်ပွဲတော်ကို ကူးပြီး တက်နေတဲ့အချိန် ဖြစ်ပါတယ်။


အမေမာ ဘူခါရက်စ် လူငယ်ပွဲတော်တက်ပြီး ပြန်ခါနီးမှာ မန္တလေးလူထုတိုက်က အယ်ဒီတာတွေ ရိုက်လိုက် တဲ့ ကြေးနန်းသတင်းရပါတယ်။ ဦးလှ အဖမ်းခံရသည်။ သတင်းစာတိုက် ချိတ်ပိတ်ခံရသည်။ ၁၉၅၃ သြဂုတ် ၁၃ ရက် နေ့စွဲနဲ့ပါ။ အဲဒီတော့ အမေလူထုဒေါ်အမာလည်း ရှိရှိသမျှ အစီအစဉ်တွေဖျက်ပြီး အိမ်ပြန်ရပါတော့ တယ်။ ဘူခါရက်စ်ကနေ မော်စကိုရောက်တဲ့အခါ နောက်ထပ်ကြေးနန်းတစောင်ရပါတယ်။ အာမခံရပြီ၊ တိုက်ဖွင့်ပြီ၊ သတင်းစာပြန်ထွက်ပြီဆိုတဲ့ သတင်းပါ။ ဒါကို အမေမာဖတ်ရတော့ ၀မ်းသာလိုက်ပုံများ ထခုန်မိမတတ်လို့ဆိုပါတယ်။ ဆရာလူထုဦးလှက သူ့ဇနီး ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိပေမယ့် ခရီးလွန်နေသူ စိတ်ပူမှာစိုးလို့ စိတ်မပူအောင် ကြေးနန်းရိုက်ရှာတာပါ။


ဒါပေမဲ့ အမေလူထုဒေါ်အမာ ရန်ကုန်ပြန်ရောက်ပြီး နောက်နေ့ မန္တလေးပြန်ရောက်တဲ့အခါ မန္တလေးလေဆိပ်မှာလာကြိုတဲ့သူတွေထဲ လူထုဦးလှမပါလို့ မေးကြည့်တော့မှ အိမ်မှာမရှိဘူး လေယာဉ် မဆိုက်ခင် နာရီဝက်လောက်ကမှ လာဖမ်းသွားတယ်ဆိုတာ သိရပါတယ်။ နိုင်ငံရပ်ခြားကနေ ကိုယ့်အိမ်ကိုယ့်မိသားစုရှိရာ ပြန်ရောက်တာ ၀မ်းသာအယ်လဲ ကြည်နူးပျော်ရွှင်ရမယ့်အစား လေယာဉ်ကွင်း ကအိမ်ကို ရင်ထဲ ခိုးလုခုလုနဲ့ ပြန်ရောက်ရတယ် ဆိုတာ အမှန်တရားဘက်တော်သား သတင်းသမားတွေ အတွက် တရားမျှတမှုမရှိတဲ့ ခေတ်ဆိုး စနစ်ဆိုးတွေကပေးတဲ့ ဆုလာဒ်တွေထဲက တချို့တ၀က် လက်ဆောင်တွေဖြစ်မယ်ထင်ပါတယ်။
ဆရာလူထုဦးလှကို အာမခံရပြီးသား ပုဒ်မ ၅ နဲ့ဘဲ ပြန်ဖမ်းတာပါ။ မန္တလေးထောင်ကြီးမှာ ၃ လ ကျော် ချုပ်ထားပြီး ရန်ကုန်ထောင်ရွှေ့ပြီး အမှုစစ်ပါတယ်။ နိုင်ငံခြားက အခုမှပြန်လာတဲ့ဇနီးကို လင်ယောက်ျားဖြစ် သူနဲ့ တွေ့ခွင့်မရအောင် တွေ့ရက်ရွှေ့လိုက်ပြီး တွေ့ခွင့်ပေးတော့လည်း အစောင့် အရှောက်တွေက စိတ်အခန့်မသင့်စရာတွေ ဒီခေတ်စကားနဲ့ဆို လူ့အခွင့်အရေးကို ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံရတဲ့အနေ အထားမျိုးတွေကို အမေလူထုဒေါ်အမာက အခုလို တင်ပြပါတယ်။
“မန္တလေးမှာ ချုပ်ထားတုန်းကလည်း ထောင်ဝင်စာ ကျွန်မလာတွေ့တိုင်း စုံထောက်နှစ်ယောက်က လင်မယားကြားမှာ ငုတ်တုတ်ကြီးထိုင်နေရက်နဲ့ တွေ့ရတာပါ” တဲ့။
အဲဒီအမှုမှာ အမှုမစစ်၊ စီရင်ချက်မချဘဲ အချိန်တွေဆွဲပြီး စိတ်ပျက်သွားအောင် အစိုးရက နှိပ်စက်ပုံတွေကို လူထုဦးလှရဲ့ထောင်တွင်းကပေးစာများမှာ အခုလို ခပ်သောသောကလေး ရေးထားတာကို တွေ့ရပါတယ်။


“၀မ်းသာလိုက်တာကွာ။ ထောင်ကလေးကျရပါမည့်အကြောင်း သားတကွဲ မယားတကွဲ မန္တလေးက ရန်ကုန်ကိုလည်းလာနေရသေး၊ တရားသူကြီး ၃ ယောက် အစိုးရရှေ့နေ ၃ ယောက်ပြောင်းပြီး ၁ နှစ် ၇ လနဲ့ ၁၄ ရက်လည်းကြာအောင်စောင့်ရသေး။ အခုဖြင့် အမှုပြီးပြီ။ မွေးဖွားပြီးတဲ့ ကိုယ်ဝန်ဆောင် လိုပဲ ပေါ့ ပါးသွားပြီ” လို့ ရေးပါတယ်။


အဲဒီအမှုဖြစ်နေတဲ့ကာလအတွင်းမှာပဲ အမေလူထုဒေါ်အမာနဲ့ လူထုသတင်းစာအယ်ဒီတာချုပ် ဆရာကြီး ရွှေဥဒေါင်းတို့ကို ဖမ်းချုပ်မယ်လို့ သတင်းတွေမှာပါတော့ ဦးလှခမျာ ထောင်ထဲမှာ ဘယ်လောက် စိတ်သောက အမျိုးမျိုးရောက်ခဲ့မလဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။
ဆရာကြီးရွှေဥဒေါင်းကိုတော့ လွန်ခဲ့တဲ့ ၇ လလောက်က လူထုသတင်းစာမှာ ဖော်ပြခဲ့တဲ့ ပျူစောထီးတပ်ဖွဲ့ ကို ဝေဖန်တဲ့ ခေါင်းကြီးကြောင့် ဖမ်းပါတယ်။ အမေလူထုဒေါ်အမာကိုဖမ်းမယ်ဆိုရင် အတိုက်အခံဘက်က အရွေးခံကြမယ့် သူတွေက ဒီအစိုးရ ဟာ သတင်းစာတစောင်အပေါ် ဘယ်လိုအထိ ဖိနှိပ်သလဲ ဆိုတာ သိချင်ရင် ဟောဒီ ကလေး ၅ ယောက်ကိုသာပဲ ကြည့်ပါတော့ဆိုပြီး အဖေရော၊ အမေရော၊ ထောင်ထဲရောက်နေတဲ့ ကျွန်မတို့ ကလေးတွေကိုလက်ဆွဲပြီး မဲတောင်းကုန်ကြလိမ့်မယ်။ မလုပ်ပါနဲ့လို့ပြောတော့မှ အမေမာကို မဖမ်းတော့ဘူး ဖြစ်သွားတာပါ။


အဲဒီအခြေအနေကို လူထုဦးလှ ရန်ကုန်ထောင်ထဲကကြားတော့ သူ့ရဲ့ပေးစာမှာ ရေးထားတာက-
“သတင်းစာဂျာနယ် မဂ္ဂဇင်းတွေက ပြည်သူတွေဘက်ကရေးမယ်။

အစိုးရလုပ်ပုံတွေမကောင်းကြောင်း ရေးမယ် ဆိုရင် အဲဒီပုံနှိပ်တိုက်တော့ ဥပဒေနဲ့ လတ်တလော တွေ့တော့ တာပဲ။ နိုင်ငံရေးသမားတွေဆိုတာ အဖိနှိပ်ခံရသူတွေဖြစ်တော့ ငွေလည်းမပေါဘူး၊ အာမခံငွေလည်း မတင်နိုင်ကြဘူး။ ကြာတော့ သူတို့အာဘော်တွေကို ဘယ်ပုံနှိပ်တိုက်ကမှလည်း ရိုက်မပေးရဲကြဘူး။ အဲဒီလိုချုပ်ချယ်ဖိနှိပ်တဲ့ နယ်ချဲ့သမားတို့ရဲ့လက်သုံးတော်ဥပဒေမျိုးကို နိုင်ငံမှာ ထွန်းထွန်းကားကားဖြစ်နေ တာအံ့သြစရာ၊ ၀မ်းနည်းစရာကြီးပဲ။ ကဲ၊ ရဲမေ။ ပူပင်နေလို့ အလကားပဲ၊ ငြိမ်းချမ်းရေးမရှိရင် ဒီမိုကရေစီရေး ဆိုတာ ဒီလိုပဲနေမှာပဲ။ ဒါကြောင့် ငြိမ်းချမ်းရေးဟာဖြင့် ပြည်သူ တွေရဲ့အသက်ပါပဲ ”လို့ ရေးခဲ့ပါတယ်။
နောက်ထပ်ပေးစာတစောင်မှာတော့ ဆရာကြီးရွှေဥဒေါင်း မန္တလေးထောင်ကနေ ၅ လနီးပါးကြာမှ လွှတ်တဲ့အကြောင်း၊ ဒီတခါ တခုခုထပ်ဖြစ်ရင် မင်းအလှည့်ဖြစ်လိမ့်မယ်ဆိုပြီး လူထုဒေါ်အမာကို သတိပေးတဲ့အခါမှာ ဒုက္ခတွေ ပင်လယ်ဝေချိန်ဖြစ်ပေမယ့် နိုင်ငံရေးလောကဓံကိုအံတုရင်း သရော်ခဲ့ပုံက


“ကံအဆိုးအညံ့တွေ ကုန်ပြီထင်ပါရဲ့။ မင်းတို့လည်း ကြည့်ရေးကြပါ။ ပြည်သူတွေရဲ့အကျိုး အတွက် ဝေဖန်ရေးသားတာ ဘယ်သူ့ကိုမှ ပျက်စီးစေလိုလို့၊ မနာလိုမုန်းထားလို့မဟုတ်တဲ့ အကြောင်း ပေါ်လွင်ပါစေ။ ဒီတခါ တခုခုထပ်ဖြစ်ရင် မင်းအလှည့်ဖြစ်လိမ့်မယ်။
ထောင်ထဲမှာ ကိုယ်ရှိတယ်ဆိုပြီး သိပ်လုပ်မနေနဲ့ လူ့ပြည်နဲ့ နတ်ပြည်မှာသာ အတူတူနေရတာ။ ငရဲပြည်မှာ အတူတူနေရတာမဟုတ်ဘူး။ ဒါကြောင့် ထောင်ထဲလိုက်လာဖို့ စိတ်မကူးနဲ့။” လို့ လူထုဦးလှက ခပ်သောသောကလေး သတိပေးတာကိုတွေ့ရပါတယ်။


လူထုဦးလှထောင်ထဲမှာ ၃ နှစ်ကျော် နေခဲ့ရပြီး လွတ်လာတော့ သွားကြိုကြတဲ့အခါ အငယ်ဆုံး ၅ နှစ် ၆ နှစ်သားဘိုညိုက သူ့အဖေကို မမှတ်မိလို့ အို့တို့အန်းတန်းကြည့်နေပါသတဲ့။ အဲဒါကြောင့် အမေ့သား ဘိုညို(ဆရာညီပုလေး) ၁၉၉၀ ခုနှစ်မှာ ထောင် ၁၀ နှစ် အချခံရတော့ သူရှိတဲ့ သရက်ထောင်ကို သူ့ကလေး ၃ ယောက်စလုံး ခေါ်ခေါ်သွားပြီး သုံးလတခါ နှစ်လတခါ အမေမာက သွားတွေ့ခဲ့ပါသတဲ့။ ဒါမှ ဘိုညို ငယ်ငယ်တုန်းကလို အို့တို့အန်းတန်း မဖြစ်တော့မှာကိုး။ ခေတ်စနစ်ကြီးက အမွေပေးလိုက်တဲ့ အသိတွေလို့ ဆိုနိုင်မှာပေါ့။

နိဂုံး


အခုလို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလို့ဆိုနေတဲ့ခေတ်ကြီးမှာလည်း နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ထောင်ထဲ ရောက်နေရသူတွေ အမှုရင်ဆိုင်နေရသူတွေ၊ အဲဒီသူတွေရဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းတွေ မိတ်ဆွေ အပေါင်းအသင်းတွေဆိုတာ ရှိနေဆဲပါပဲ။ သူတို့တွေဟာလည်း အမေလူထုဒေါ်အမာတို့ ကြုံတွေ့ခံစားခဲ့ရသလို ကြုံတွေ့ခံစားနေရဆဲ ပါပဲ။


ပြည်သူလူထုတွေ အသက်ဆုံးရှုံးရ၊ မိသားစုဘ၀တွေပေးဆပ်ကြရတဲ့ ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေးကြီးမှာ အလံမလဲတဲ့စိတ်နဲ့ ရပ်ခံခဲ့နိုင် တယ်ဆိုတာ ပြည်သူလူထုခံစားမှု၊ လူထုရပ်ခံချက် မပျက်ခဲ့လို့ လို့ဆိုချင်ပါတယ်။
နိုင်ငံရေးလောကဓံကို ကြံကြံခံခဲ့တဲ့၊ အဖိနှိပ်ခံပြည်သူလူထုဘက်က ရပ်တည်ခဲ့တဲ့ အမေလူထု ဒေါ်အမာတို့ လို ပုဂ္ဂိုလ်မျိုးတွေအတွက် သူတို့ရဲ့ ကမ္ပည်းမော်ကွန်းဟာ ခေတ်အဆက်ဆက် ရှင်သန်နေမှာဖြစ်ပြီး ပြည်သူ လူထုကို ဖိနှိပ်ခဲ့တဲ့ သူတွေကိုတော့ ခေတ်အဆက်ဆက် ပြည်သူ လူထုရဲ့ရှုတ်ချခြင်းခံရမယ်ဆို တာ ရှောင်လွှဲလို့မရတဲ့ နိုင်ငံရေးလောကဓံဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ထွန်းဝင်းငြိမ်း

(၂၈၊ ၁၁၊ ၂၀၁၅)

ဗြူးတီးမဂ္ဂဇင်း မေ၊ ၂၀၁၆ တွင်ဖော်ပြသည်။
အမေလူထုဒေါ်အမာ နှစ် ၁၀၀ ပြည့်ပွဲ၊ ဓမ္မသာလာခန်းမ၊ မန္တလေးမြို့တွင် ဖတ်ကြားသောစာတမ်း။

ကိုးကား
၁။ လူထုဒေါ်အမာ၏ဆရာကြီးသခင်ကိုယ်တော်မှိုင်း။ ကြီးပွားရေးစာအုပ်တိုက်။ ၁၉၇၆ ခုနှစ်၊ စက်တင်ဘာ၊ ပထမအကြိမ်။
၂။ လူထုဒေါ်အမာ၏ ကျွန်မရေးတဲ့ သူ့ဘ၀၊ လူထုဦးလှ။ ကြီးပွားရေးစာအုပ်တိုက်။ ၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီ၊ ပထမအကြိမ်။
ဝန်ခံချက်။ ။ ထွန်းဝင်းငြိမ်းဖေ့စ်ဘွတ်စာမျက်နှာမှ ယူပါသည်။ 

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>