ဆောင်းယွန်းလ ● ငယ်သူငယ်ချင်းများ (၂)
(မိုးမခ) ဇွန် ၁၊ ၂၀၁၆
ငယ်ငယ်တုန်းက
လက်ထဲမှာ ငွေစက္ကူတကျပ်ပါရင်
တနေ့ငှားဖတ်လို့ရတဲ့ စာအုပ်ထူထူတအုပ်နဲ့
အဲဒီ တနေ့တာကို
တယောက်တခြမ်း ဖြတ်သန်းခဲ့ကြဖူးရဲ့
ကိုယ့်အိတ်ကပ်ထဲက
လက်ဖက်ရည်တခွက်ဖိုးဟာ
သူ့လက်ထဲ မှင်ခမ်းသွားတဲ့ ဘောလ်ပင်တချောင်းပဲ
ကိုယ့်လက်ချောင်းတွေအောက်
ပြတ်တောက်သွားတဲ့ ဂီတာကြိုးတချောင်းဟာ
သူ့အိတ်ကပ်ထဲက ငါးကျပ်တန်အဟောင်းလေးတရွက်ပဲ
တယောက် နာဖျားလို့ ကျောင်းမတက်နိုင်လည်း
သူ့မှတ်စုစာအုပ်ထဲ စာမရှိမှာကို ပူပင်စရာမလိုဘူး…
ငယ်ငယ်တုန်းက
အမှောင်ဆုံးကာလ ညတွေမှာ
အပေါင်ဆုံးသွားတဲ့ အနာဂတ်ကို ပြန်ရှာရွေးဖို့
တယောက်ရေးတဲ့ ကဗျာနဲ့ တယောက်ကို လက်တို့နှိုး
ငြိမ်းချမ်းရေးမိုးကိုလည်း မြတ်မြတ်နိုးနိုး မွတ်သိပ်ခဲ့ကြဖူးရဲ့…
ငယ်ငယ်တုန်းကထက် ပိုပြီးငယ်တဲ့
ငါတို့ ငယ်ငယ်တုန်းက
အိမ်ကပါလာတဲ့ မုန်ဖိုးတွေကို အညီအမျှခွဲပြီး
ကော်ဘောလုံး သားရေဘောလုံး
လုံးပြီး ကန်လို့ရရင်ပြီးတဲ့ ဘောလုံးကို ၀ယ်လို့
မုန့်စားကျောင်းဆင်းချိန် ခေါင်းလောင်းသံကို မျှော်ရင်း
ဘောလုံးကွင်းထဲ ပြေးဆင်းခဲ့ကြဖူးတဲ့ ငယ်သူငယ်ချင်းများ
သူခိုး ပုလိပ်တမ်း ကစားရင်
သူခိုးလုပ်သူက ပြေးရတဲ့ဘက်ကမို့
သူခိုးဖြစ်ချင်လွန်းခဲ့တဲ့ ငယ်သူငယ်ချင်းများ
အခု…ဘယ်ကွင်းမှာ ဘာကစားနေကြမလဲ….
လက်ထဲ မီလျံဒေါ်လာတွေရှိလည်း
ပြန်ရှာလို့ မတွေ့နိုင်တဲ့ ငယ်ငယ်တုန်းက သူငယ်ချင်းများ
ဒီကဗျာကို ပြန်ရှာဖတ်ရင်း
မီလျံဒေါ်လာမကတဲ့ ကြည်နူးခြင်းများနဲ့အတူ
ပျော်စေ ရွှင်စေ…ပျော်ရွှင်ပါစေ…။
ဆောင်းယွန်းလ (မေလ၂၄ရက်၊ ၂၀၁၆)