မောင်မောင်စိုး - တိုင်းရင်းသားအရေးနှင့် မြန်မာပြည်၏လက်တွေ့အခြေအနေ
(မိုးမခ) ဇွန် ၈၊ ၂၀၁၆
ဘဝအစိတ်အပိုင်း
မိမိအနေနှင့် တိုင်းရင်းသားအရေးနှင့်ပတ်သက်၍ အလေးထား၍ ရေးသားခဲ့သည်မှာ တနှစ်ခွဲရှိပြီဟု ဆိုရပါမည်။ လက်ရှိတိုင်းပြည်၏ နိုင်ငံရေးအခြေအနေအရ နှစ်ပေါင်း ၆၀ ကျော် တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော ပြည်တွင်းစစ်အတွင်း ၂၀၁၁ မှစ၍ ငြိမ်းချမ်းရေးလမ်းစများ ပွင့်လာသကဲ့သို့ တိုက်ပွဲများကလည်း မပြတ်ဖြစ်ပွားနေသည့်အချိန်အခါတွင် မိမိနှင့် မိမိမိတ်ဆွေ များ ထိတွေ့ ဖြတ်သန်းခဲ့ရသည့် တိုင်းရင်းသားဒေသ ပြည်နယ်များ၏ အခြေအနေများ တိုင်းရင်းသားတို့၏အခြေအနေနှင့်စိတ်ခံစားမှုများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အခြေအနေများကို လက်လှမ်းမှီသမျှ တင်ပြခြင်းဖြစ်ပါသည်။
ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်၏ ခေါင်လွန်းလှသော ဆက်သွယ်ရေးခက်ခဲလှသော တောကြို အုံကြားဟု ဆိုနိုင်သောဒေသများတွင်၎င်း ထိုဒေသများရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကြားတွင် မိမိအနေနှင့် နှစ် ပေါင်း ၂၀ နီးပါးဖြတ်သန်းလာခဲ့ရသည်။ ထိုကာလများအတွင်း တိုင်းရင်းသားများတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အတူနေ အတူစား၍ အတူတကွ ဖြတ်သန်းခဲ့ကြသည်။ သူတို့၏ခံစားချက် သူတို့၏ စဉ်စားချက် သူတို့၏မျှော်လင့်ချက်ကို ထိတွေ့ခံစားခဲ့ရသည်။ အဆိုး အကောင်း အကျိုးအကြောင်းများစွာ ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့်လည်း ဤအချိန်ကာလတို့သည် မိမိ၏ဘဝအစိတ်အပိုင်း ဖြစ်ခဲ့တော့သည်။ ထို့ပြင် မိမိ၏အိမ်ထောင်ဖက်မှာ တိုင်းရင်းသူတဦးဖြစ်ပေရာ ပို၍ နီးကပ်ခဲ့သည်ဟုဆိုရပါမည်။
ဤသို့ အနှစ် ၂၀ ခန့် မိမိကိုယ်တိုင်ဖြတ်သန်းလာခဲ့ရသည့်ပြင် မိမိအိမ်ထောင်ဖက်၏ ဆွေမျိုးများမှ တဆင့်၎င်း၊ မိတ်ဆွေဟောင်းများမှ တဆင့်၎င်း၊ တိုင်းရင်းသားတို့၏ အခြေအနေနှင့် ပတ်သက်၍ မိမိသည် များစွာမကင်းကွာဘဲ ကြားသိနေရပေရာ ထိုအခြေအနေ အချက်အလက်များကို ပြန်လည်မျှဝေရန် အခွင့်လမ်းသင့်သည်ဟုဆိုရပေမည်။ သို့နှင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ စိတ်ဝင်စားသူများ လက်တွေ့ဆောင်ရွက်နေသူများ အကိုးအကား အထောက်အပံ့ ဖြစ်စေရန် မိမိ၏ဘဝအစိတ်ပိုင်းဖြစ်နေသော အချက်အလက်များကို မျှဝေခြင်းဖြစ်သည်။
မတူသောလူမျိုးနှင့် မတူသည်များ
လက်တွေ့အားဖြင့်ဆိုလျှင် မြန်မာပြည်ရှိတိုင်းရင်းသားအားလုံးသည် တမြေထဲနေ တရေထဲ သောက် ဆိုသည်နှင့် ပြဿနာပြေလည်သွားသည်မဟုတ်ပေ။ မတူသောလူမျိုးများသည် မတူသောဘာစကား မတူသော ယဉ်ကျေးမှုမတူသော အစဉ်အလာယုံကြည်မှု မတူသော ကိုးကွယ်မှုများ ရှိကြသည်။ မတူသော အသက်မွေးဝမ်းကြောင်းမှုများ ရှိကြသည်။ မတူသော အစဉ်အလာစည်းမျဉ်းစည်းကမ်းများ ထုံးတမ်းစဉ်လာများရှိကြသည်။သမိုင်းအရ မတူသော ဖြတ်သန်းမှုများရှိကြသည်။ ဤသို့မတူသည့်အချက်များကြောင့်လည်း စဉ်းစားတွေးတော ခံစားပုံလည်း ကွဲပြားကြသည် ဖြစ်သည်။
တိုင်းရင်းသားပြဿနာကို မှန်ကန်စွာကြည့်မြင် ဖြေရှင်းလိုလျှင် ဤအချက်များကို လက်တွေ့ကျကျ သိမြင်ထားဖို့လိုပေလိမ့်မည်။ လူတိုင်းလူတိုင်း၏ တွေးတောသုံးသပ်ချက်များများသည် သူ၏ သင်ယူလေ့လာမှုများထဲမှသာမက သူလက်တွေ့ဖြတ်သန်းလာသော ဘဝထဲမှ လက်တွေ့ကျကျ ကောက်နှုတ်လာခြင်းဖြစ်သည်။ ဗမာတယောက်၏ အတွေးနှင့် တိုင်းရင်းသားတယောက်၏ အတွေး မတူသည်မှာ အံ့သြစရာမရှိပေ။
မြို့ပြတွင်ကြီးပြင်းလာသော မြို့ပြအုပ်ချုပ်ရေးနှင့် အသားကျကြီးပြင်းလာသူ တယောက်နှင့် မိမိဒေသ မိမိလူမျိုး၏ ရိုးရာဓလေ့ထုံးတမ်းစဉ်လာလိုက်နာမှုများကြားတွင် ကြီးပြင်းလာသည့် တိုင်းရင်းသားတယောက်၏အတွေးကားမတူနိုင်ပေ။ ထို့အတူ မိမိအိုးအိမ်တွင် လုံခြုံစိတ်ချစွာ နေထိုင်၍ အချိန်တန်ကျောင်းတက်နေသော ကလေးငယ်တယောက်နှင့်စစ်ဘေးဒုက္ခသည် စခန်းများမှ အနာဂတ်မရေရာသော ကလေးငယ်တယောက်၏စိတ်ခံစားချက်အတွေးသည် လွန်စွာခြားနားကွဲပြားပေလိမ့်မည်။
ဤသို့သောအခြေအနေအောက်တွင် တိုင်းရင်းသားတို့၏မတူကွဲပြားသော အမြင်မဆိုထားနှင့် ကွဲပြားသောတိုင်းရင်းသားလူမျိုးများ မြန်မာပြည်တွင်ရှိနေသည်ကို မသိသည့်သူများပင် ရှိနေ သေးသည်။ မကွေးဆေးတက္ကသိုလ်တွင် တက်ရောက်သင်ကြားနေသော ဝ လူမျိုးကျောင်းသား တဦး၏ရေးသားချက် ဖတ်ရှုကြည့်စေလိုပါသည်။
"သုည"
နေရာကား မကွေး ဆေးတက္ကသိုလ် ပထမနှစ် စာသင်ဆောင်...
အချိန်ကား ၂၀၁၂ ခုနှစ်၏ နေ့လယ်ခင်းတခု...
ပထမနှစ်အတန်းများ၏ စာတွေ့သင်ခန်းစာအချိန် ပြီးဆုံး၍ လက်တွေ့ချိန် ရောက်လာသည်။ သို့ဖြစ်၍ ကျောင်းသူ ကျောင်းသားများသည် ဂျူတီကုတ် ကိုယ်စီဝတ်ဆင်၍ သက်ဆိုင်ရာ ဘာသာရပ် လက်တွေ့ခန်းများသို့ ချီတက်လာခဲ့ကြသည်။
ရူပဗေဒ ဘာသာရပ် လက်တွေ့လုပ်ဆောင်ရမည့် ကျောင်းသူ ကျောင်းသားများသည်လည်း ဂျူတီကုတ်ဖားဖားကို ဝတ်ဆင်လျက် ရူပဗေဒ လက်တွေ့ခန်းသို့ ဒုန်းစိုင်း ချီတက် လာခဲ့လေသည်။
လက်တွေ့ခန်းထဲသို့ ရောက်သော် ဆရာမက ကျောင်းသူကျောင်းသားများအား ကျောင်းသားကဒ် များ ဖြည့်ခိုင်းလေသည်။ အမည်၊ နေရပ်လိပ်စာ စသည်ဖြင့်...
ကျောင်းသူ ကျောင်းသားများကလည်း လိုအပ်သောအချက်အလက်များကို ဖြည့်စွက်၊ ဆရာမဆီ အပ်ပြီး လက်တွေ့သင်ခန်းစာကို အားကြိုးမာန်တက် လုပ်ဆောင်နေ ကြလေသည်။ ထိုစဉ်...
"ဟေ့ ဘယ်သူလဲကွ လူမျိုးဆိုတဲ့နေရာမှာ လူမျိုးနာမည် ဖြည့်ခိုင်းတာကို သုည "ဝ"လို့ လာဖြည့် ထားတယ်။ အံမယ် ရိုးရိုးသုညတောင် မဟုတ်ဘူး။ အကွန့်လေးတွေတောင် ပါလိုက်သေး။ ဘယ်သူလဲ"ဟု ဆရာမက ပြောလိုက်သည်။
ကျောင်းသူကျောင်းသားများ အားလုံး၏ အကြည့်က ဆရာမဆီ ရောက်သွားသည်။ "ဘယ်သူလဲ မှန်းစမ်း ဆန်ခွင်းနတ်ဆိုပါလား။ အဲဒါ ဘယ်သူလဲ"။
ထိုစဉ် ခပ်ခန့်ခန့် ကျောင်းသားတယောက် လက်တွေ့လုပ်နေရာမှ ထလာပြီး သူသည် ဆမ်ခွန်းနပ် ဖြစ်ကြောင်း၊ လူမျိုးနာမည်မှာ သုညမဟုတ်ကြောင်း၊ "ဝ"လူမျိုးဖြစ်ကြောင်း၊ အကွန့်ထည့်ရခြင်းမှာ လူမျိုးနာမည်မှာ အက္ခရာ တလုံးတည်း ဖြစ်သောကြောင့် သိသာစေရန် ဖြစ်ကြောင်း ပြောပြလေ သည်။
"သားရေ "ဝ"ဆိုတာ တရုတ်ပြည်က လူမျိုးစုမဟုတ်ဘူးလား"ဟု ဆရာမက ထပ်၍ မေးလေရာ ထိုကျောင်းသားက "ဝ"လူမျိုးများမှာ တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ပြန့်နှံ့ နေထိုင်ကြကြောင်း ပြောပြပါသည်။
ထိုအချိန်တွင်မှ ဆရာမက "သြော် အေးအေး ဟုတ်ပြီ ဟုတ်ပြီ ဆက်လုပ် ဆက်လုပ်"ဟု ပြောလေ ရာ ထိုခပ်ခန့်ခန့်ကျောင်းသားလေးသည်လည်း သူ၏ လက်တွေ့သင်ခန်းစာကို ပြန်လည် လုပ်ဆောင်နေ လေတော့သည်။ ပြီး၏ :) :) :) ။
ဝန်ခံချက်။ ။ စာရေးသူကိုယ်တိုင် အမှန်တကယ် ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ဖြစ်ပါသည်။ "
ရေးသားသူ Sam Khun Kawn Vax ဖြစ်ပါသည်။
ဤအဖြစ်အပျက် အဆိုပါ ဆရာမကိုလည်း အပြစ်မတင်လိုပါ။ မိမိနှင့်အလှမ်းဝေး၍ မသိသူများ အများအပြားရှိ နိုင်ပါသည်။ သို့သော် တိုင်းရင်းသားအရေးနှင့်ပတ်သက်၍ စိတ်ဝင်စားသူ နီးစပ်သူ ပါဝင်ပတ်သက်သူများကတော့ ကောင်းစွာလေ့လာရန် လိုအပ်ပါသည်။ သို့တိုင် လက်လှမ်းမမီကြ၍လားတော့ ယခုတိုင်လွဲချော်မှု ကတော့ ရှိနေဆဲဖြစ်သည်။
တိုင်းရင်းသားအရေးများကို လေ့လာရေးသားသူတဦးပင် သူ၏ဆောင်းပါး၌ UWSA ဝ ခေါင်း ဆောင် တဦး ဖြစ်သူ ရှောက်မြီလျံအား ပီကင်း ( ဘေကျင်း ) ပညာတတ်ဟုဆိုထားသည်။ တကယ်တော့ လက်ရှိ UWSA ခေါင်းဆောင်ပိုင်းတွင်တာဝန်ယူနေသော ရှောက်မြီလျံ နှင့်ကျောက်ကျုံးတန်းတို့မှာ မြန်မာပိုင် ဝ နယ် နှင့်ကပ်ရက် တရုတ်ပိုင် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဖြစ် သော ချွမ်းရယ်( ချန်ရင်) တွင် ကြီးပြင်းခဲ့သူများဖြစ်ပြီး ထို ချွမ်းရယ် ( ချန်ရင်) ဒေသတွင် စာသင်ခဲ့ ကြသူများဖြစ်သည်။ ပီကင်း ပညာတတ်အဖြစ် ကားချဲ့ခြင်းက မလိုအပ်သော ကောက်ချက်များကို ဖြစ်စေ သည်။ နယ်စပ်ရှိ ဝ အပါ တိုင်းရင်းသားလူမျိုးတိုင်းသည် တိုင်းပြည်နယ်နိမိတ်မည်သို့ပင် ခွဲခြားထားသည်ဖြစ်စေ လုမျိုးတူ ဘာသာစကားတူ ယဉ်ကျေးမှုတူဖြစ်ရာ သွားလာကူးလူး ဆက်ဆံမှုကို သဘောပေါက်ရန် လိုအပ်ပေသည်။
မကွေးဆေးတက္ကသိုလ်က ဆရာမ မဆိုထားနှင့် အဆိုပါတိုင်းရင်းသားအရေး လေ့လာရေးသားသူ ဆောင်းပါးရှင်ပင် လက်ရှိ UWSA တွင် စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍၎င်း၊ ကျိုင်းတုံ တောင် ဖက် ၁၇၁ စစ်ဒေသနှင့်ပတ်သက်၍၎င်း၊ နံမည်ထွက်သည့် ဝေရှောက်ကမ်း ဝေရှောက်လုံ ဝေရှောက်ရင် ညီအကို ၃ ယောက်အား တရုတ်နွယ်ဖွားများ ဆိုခဲ့သည်။ တကယ်တော့ ထိုညီအကို ၃ ယောက်သည် တရုတ်နွယ်ဖွားများလုံးဝမဟုတ်ချေ။ မြန်မာပြည်ပေါက် "ဝ "လူမျိုးများဖြစ်ကြသည်။ "ဝ"ဒေသ ခွင်းမားမြို့နယ် မန်ဒရူးကျေးရွာမှ ဖြစ်သည်။ တရုတ်မျိုးရိုးနံမည်များယူထား၍ တရုတ်နွယ်ဖွားဟုထင်ကြပုံရသည်။
၎င်းညီအကိုများသည် ကူမင်တန် တရုတ်ဖြူ များ မြန်မာပြည်သို့ဝင်ရောက်လာစဉ်က ကူမင်တန်က သိမ်းသွင်းခြင်းကိုခံခဲ့ရသည့် ဝ လူမျိုးအုပ်စုများမှဖြစ်ပြီး ကူမင်တန်တို့အရေးနိမ့်သောအခါ ကူမင်တန်တို့နှင့်အတူ ထိုင်း နယ်စပ်သို့ပါသွားကြသည့် ဝ လူမျိုးများဖြစ်ကြသည်။
၁၉၈၉ CPB ပြိုကွဲပြီးနောက် UWSA နှင့်ပြန်ပေါင်းလိုက်ကြသူများဖြစ်သည်။ ယေဘုယျအားဖြင့် "ဝ"လူမျိုးမျိုး နွယ်စု အုပ်စု ၃၄ စုရှိပြီး ၂၇ စုမှာ CPB ၏သိမ်းသွင်းခြင်းခံခဲ့ရသည်။ ၄ အုပ်စုမှာ ပန်လုံ ဟိုပန် တန့်ယန်း စသည့် အစိုးရအုပ်ချုပ်သည့်နယ်မြေထဲတွင်ကျန်ခဲ့ပြီး ၃ အုပ်စုကတော့ ကူမင်တန်နှင့် ပူးပေါင်းသွားခဲ့သည်ဟု လေ့လာရရှိထားပါသည်။
ဆိုလိုသည်မှာ သာမန်ပြည်သူများ မသိသည်ကတော့ ပြဿနာကြီးဟုဆိုနိုင်သေးသော်လည်း တိုင်းရင်းသားအရေး၌ စိတ်ပါဝင်စားသူများ ပါဝင်ပတ်သက်နေသူများအဖို့ တိုင်းရင်းသားတို့၏ တကယ့်လက်တွေ့ဘဝကို မှန်မှန်ကန်ကန်သိမြင်မှသာ မှန်ကန်သော ကောက်ချက်ကို ချမှတ် နိုင်ပေလိမ့်မည်။
စစ်ဘေးနှင့် တိုင်းရင်းသားပြည်နယ်များ
ချင်းပြည်နယ်မှ တိုင်းရင်းသားပြည်နယ်အားလုံးလိုလိုသည် စစ်ဘေးစစ်ဒဏ်ကို နှစ်ရှည်ပြင်းထန်စွာ ခံစားခဲ့ရသည်။ လူ့အခွင့်အရေးအစီရင်ခံစာများအရ အဓမ္မပြုကျင့်ခံရမှုစစ်ပွဲအတွင်း အရပ်သားများ သေဆုံးမှုအဓမ္မပေါ်တာခေါ် အထမ်းသမားအဆွဲခံရမှု စစ်ပွဲအတွင်း ကျေးရွာများမီးလောင်ပျက်စီး ဆုံးရှုံးရမှုကျေးရွာများအဓမ္မပြောင်းရွှေ့ခံရမှု စစ်ဘေးဒုက္ခသည်သိန်းချီ၍ နှစ်ရှည်လများ ဒုက္ခသည် စခန်းများသို့ ရောက်နေမှု အားလုံးသည် တိုင်းရင်းသားပြည်နယ်များရှိ တိုင်းရင်းသားများ လက်တွေ့ခံစားနေရသည့်ပြဿနာများဖြစ်ကြသည်။
ကရင်ပြည်နယ် မွန်ပြည်နယ် ကယားပြည်နယ်မှသိန်းချီသော စစ်ဘေးဒုက္ခသည်များ ယနေ့တိုင် နယ်စပ်ဒေသရှိဒုက္ခသည်စခန်းများ၌ရှိနေသေးသည်။ ကချင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည် စခန်းများ၌ လူဦးရေ တစ်သိန်းကျော်ရောက်ရှိနေသည်မှာလည်း ၅ နှစ်ပြည့်တော့မည်ဖြစ်သည်။ ထို့အပြင် လက်ရှိအချိန်၌ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင်လည်း စစ်ဘေးဒုက္ခသည် ထောင်အချို့ရှိနေပြီး ယနေ့တိုင်မိမိရပ်ရွာအိုးအိမ်သို့မပြန်နိုင်ကြသေးပေ။
စစ်ဘေးဒုက္ခသည်အဖြစ်ကျရောက်နေသော တိုင်းရင်းသားများ၏ စိတ်ခံစားချက်ဒဏ်ရာသည် သာမန်ပုံမှန်အနေအထားတွင် ရှိလိမ့်မည်မဟုတ်ချေ။ နားကျည်းချက် ကြေကွဲမှုနှင့်စိတ်အနာတရရှိမည်မှာ ဧကန်ပင်ဖြစ်သည်။

ထို့ပြင် အဆိုပါတိုင်းရင်းသားတို့၏ စိတ်အနာများ ခံစားချက်များသည် သူတို့အားကိုယ်စားပြုသည့် လူမှုရေးအဖွဲ့အစည်းများ နိုင်ငံရေးပါတီများ လက်နက်ကိုင်အဖွဲ့အစည်းများကို ကူးစက်စေသည် သာဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားပြဿနာဖြေရှင်းရာတွင် တိုင်းရင်းသားများ၏ စိတ်ခံစား ချက်ကို ထည့်သွင်းစဉ်းစားကြရန်လိုပေသည်။ အဆိုပါစိတ်ခံစားချက်များမှ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်အသစ်များ မွေးဖွားပေးနေသည်ကို လေးနက်ရန်လိုပါသည်။
သီအိုရီနှင့်လက်တွေ့
တိုင်းရင်းသားအရေးနှင့် ဖက်ဒရယ်အရေးနှင့်ပတ်သက်၍ နိုင်ငံရပ်ခြားမှအတွေ့အကြုံများ လက်တွေ့ ကျင့်သုံးပုံများ ယင်းအတွေ့အကြုံများမှထုတ်နှုတ်ထားသည့် သီအိုရီများစွာရှိပေသည်။ ထုတ်ဝေထားသောစာအုပ်များစွာ ရှိသည်။ စာအုပ်တိုင်းလေ့လာနိုင်က ကောင်းသည်။ သို့သော် နိုင်ငံခြားအတွေ့အကြုံအတိုင်း စာအုပ်ကြီးအတိုင်း သီအိုရီအတိုင်း အတိအကျလုပ်ရန် မဖြစ်နိုင်ပေ။ အဆိုပါသီအိုရီသဘောတရားများ နိုင်ငံရပ်ခြားအတွေ့အကြုံ များကိုပုံတူကူးချ၍ မရနိုင်ပေ။
CPB ၁၉၇၅ ဗဟိုကျဆုံးပြီး အသစ်တက်လာသော ဗဟိုကော်မတီသည် ပါတီလမ်းစဉ်ချမှတ်ရန် ၁၉၇၉ တွင် ပါတီဗဟိုကော်မတီအစည်းအဝေးထိုင်ရာ တနှစ်နီးပါးခန့်ကြာခဲ့သည်။ အဆိုပါ အစည်း အဝေးမှ ၁၉၇၉ လမ်းစဉ်ဟုဆိုရမည့် လမ်းစဉ်တရပ်ထွက်လာသည်။ ထိုလမ်းစဉ်အား အတော် များများ စိတ်ပျက်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် မော်စီတုန်း၏ တရုတ်ပြည်ကွန်မြူနစ် ပါတီနှင့် တရုတ်ပြည်တော်လှန်ရေးအား ပုံတူကူးချထား၍ ဖြစ်သည်။ တရုတ်ပြည်ဆိုသည့်နေရာတွင် ဗမာပြည်ဆိုသည့်ကို ပြောင်းထည့်ထားပြီး ပုံတူကူးချ၍ ဖြစ်သည်။ မြန်မာပြည်၏ထူးခြားချက်များ မပါ၍ဖြစ်သည်။ မော်စီတုန်း တရုတ်ပြည်၌ အောင်မြင်တိုင်း ပုံတူး ကူးချရန် မဖြစ်နိုင်ပေ။ မြန်မာပြည်၏ ထူးခြားချက် သာလွန်ချက်များကို ထည့်သွင်းစဉ်းစား
၍ ဆုံးဖြတ်လုပ်ကိုင်နိုင်ခြင်းမရှိသောကြောင့် အဆုံးသတ်မလှခဲ့ချေ။
အထူးသတိပြုရန်မှာ သီအိုရီ သဘောတရားများ၏ လှပခန့်ညားသောစကားလုံးဝေါဟာရများတွင် နစ်မြော မိန်းမောမနေကြဖို့ဖြစ်သည်။ သဘောတရားများ သီအိုရီများ၏ စကားလုံးများ၏ ဖမ်းစားခြင်းခံရ၍၎င်း၊ နိုင်ငံခြားရပ်ခြား၏ အတွေ့အကြုံများကို ပုံတူကူးချ၍၎င်း စိတ်ပျက်စရာကောင်းသည့် ရလဒ်များ မြန်မာပြည်တွင် ထွက်ပေါ်လာခဲ့သည်မှာ မနည်းလှပေ။
နိုင်ငံခြားမှ လှပတန်ဖိုးကြီးသောဖိနပ်တရန်အား မက်မောပြီး မိမိခြေ ထောက်နှင့်မတော်၍ ဖနောင့်မလှီးမိကြဖို့ လိုပါသည်။ မိမိဖိနပ်နှင့်တော်သော ဖိနပ်အသစ်တရန် ချုပ်လုပ်ကြရန် လိုပါသည်။
လက်ရှိကာလတွင် နိုင်ငံခြားတိုင်းပြည်များမှ မိမိနိုင်ငံပြည်တွင်းစစ်ပြဿနာဖြေရှင်းရန် ငွေရေး ကြေးရေးမှစ၍ ကူညီလျက် ရှိကြသည်။ သူတို့ တိုင်းပြည်အတွေ့အကြုံများကို ဝေငှလျက် ရှိသည်။ ကြိုဆိုရမည့်ကိစ္စဖြစ်သကဲ့သို့ ဂရုပြုရမည့်ကိစ္စလည်း ဖြစ်သည်။ အဘယ်ကြောင့် ဂရုပြု သင့်သည်ဟုဆိုရခြင်းမှာ ၎င်းနိုင်ငံခြားသားများအနေနှင့် သူတို့တိုင်းပြည်အတွေ့အကြုံနှင့် သီအိုရီများတတ်ကျွမ်းကြသော်လည်း မိမိတို့တိုင်းပြည်၏ ပကတိဘဝအခြေအနေကို နက်နက်ရှိုင်းရှို င်းသဘောပေါက်နားလည်ခြင်းမရှိကြ၍ ဖြစ်သည်။
၂၀၁၆ မေလအတွင် ဥရောပသမဂ္ဂမှ သံအမတ်ကြီးများ ရှမ်းပြည်အတွင်း သွားရောက် လှည့်လည် ကြည့်ရှုပြီးနောက် သံအမတ်ကြီးတဦးက ရှမ်းပြည်အတွင်းမှ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ မကြာမီ လက်နက်စွန့်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီသို့ လာလိမ့်မည်ဟုဆိုခဲ့သောအခါ ဝေဖန်သံများ စီခနဲညံသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာပြည်လက်တွေ့ အခြေအနေနှင့် မကိုက်ညီ၍ဖြစ်သည်။ မြန်မာပြည်လက်တွေ့အခြေအနေကို ကောင်းစွာသဘောမပေါက်ဘဲ အလွယ်ဆုံးဖြစ်စေချင်သည့်လမ်းကြောင်းကို ပြောနေ၍ဖြစ်သည်။
တိုင်းပြည်သေးငယ်သော်လည်း လူမျိုးများသည့်နိုင်ငံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ ကျော်ရှိပြီး နှစ် ၆၀ ကျော် ပြည်တွင်းစစ်ဖြစ်နေသည့်နိုင်ငံ အာဃာတများ မယုံကြည်မှုနှင့် သံသယများ တိုင်းရင်းသားလူမျိုးတမျိုးနှင့်တမျိုးကြား နှစ်ကာလရှည်ကြာသည့်နိုင်ငံ ပသစ အမည်ခံလက်နက်ကိုင်အဖွဲ့ပေါင်း ရာနှင့်ချီရှိသောနိုင်ငံ စစ်အာဏာရှင်စနစ် နှစ် ၅၀ ခန့် ကျင့်သုံးခဲ့သည့်နိုင်ငံ ၂၀၁၀ မှစ၍ ဒီမိုကရေစီစနစ်ကျင့်သုံးခဲ့သည်ဆိုသော်လည်း စစ်ဖက်၏ အခန်းကဏ္ဍအလွန်ကြီးမားသည့်ဖွဲ့စည်းပုံအခြေခံဥပဒေရှိသည့်နိုင်ငံ ကမ္ဘာ့အဆင်းရဲဆုံး ဖွံ့ဖြိုး တိုးတက်မှုအနိမ့်ဆုံးစာရင်းဝင်နိုင်ငံ၊ ထိုကဲ့သို့သော ထူးခြားချက်နှင့်ဖြတ်သန်းမှုများရှိသည့် နိုင်ငံတနိုင်ငံဖြစ်သော မြန်မာပြည်တိုင်းရင်းသားအရေးဖြေရှင်းရာတွင် မိမိတိုင်းပြည်၏ထူးခြား
ချက်များကို အလေးထားဂရုပြုရန် အထူးလိုအပ်သည်။
စင်ကာပူနိုင်ငံမည်သို့တိုးတက်သည်ဆိုပါစေ မြန်မာပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် စင်ကာပူအား ပုံတူကူးချ၍ မရနိုင်သကဲ့သို့ မြန်မာပြည်တိုင်းရင်းသားအရေးဖြေရှင်းရန် မြန်မာပြည်တိုင်းရင်းသား ပြဿနာထူးခြားချက်များကို အလေးထားဂရုပြု လ့လာသုံးသပ်ရန် လိုအပ်ပေသည်။
Mg Mg Soe ( မောင်မောင်စိုး )