ခက်သီ - ဂူပြန်တော်ရဲ့ပြန်စာ
(မိုးမခ) ဇွန် ၉၊ ၂၀၁၆
ငရဲကို လက်ပစ်ကူးရင်း မောပမ်းလာတဲ့အခါ
စပိဘုတ်ပေါ် တက်စီးမိတယ်
အချောင်ခိုလိုစိတ်ဟာ
ငရဲကို မြန်မြန်ပို့မယ်လို့ ကျွန်တော်မသိခဲ့ဘူး။
ပေါင်တချက်ပုတ်
ဖျတ်ခနဲ ထခုန်
မိုးကို ဒူးနဲ့တိုက်
ရေလည်မိုက်တဲ့ ငါပါလားလို့ ဘဝင်မြင့်ခဲ့တယ်
ဘဝင်စိတ်ဟာ
ဇတ်ပိုးကို ဦးကျိုးအောင် ရိုက်နိုင်တယ်ဆိုတာ ကျွန်တော် မသိခဲ့ဘူး ။
ကောင်းကင်ကြိုးတန်းပေါ်က
ကားယားကြီးပြုတ်အကျ
လက်ခုပ်တီးအားပေးနေတဲ့သူငယ်ချင်းတချို့ကို
ဆပ်ကပ်ပြနေတယ် ထင်ပြီး
ကျွန်တော်လည်း ဖလိုင်းကစ်တွေ ပေးခဲ့မိသေးတယ်
မိတ်ဆွေစစ်ဆိုတာ
ဒုက္ခနဲ့ကျင်ယူမှ ရတဲ့ရွှေစင်ရွှေသားလို့ ကျွန်တော်မသိခဲ့ဘူး။
အခုတော့
စိတ်ကျဆေးပြားတွေက
စိတ်ကျကို တကယ်မပျောက်ဘူးဆိုတာ ကျွန်တော်သိခဲ့ပြီ
ရင်ထဲမှာ မီးလောင်တဲ့အခါ
လောင်စာတွေဆီ သွေးရူးသွေးတန်းထွက်ပြေးနေလို့
မီးမငြိမ်းဘူးဆိုတာ ကျွန်တော် သိခဲ့ပြီ
ကိုယ့်အရိပ်နဲ့ ကိုယ် သူသေကိုယ်သေ ချတဲ့အခါ
အရိပ်ကိုမသတ်နိုင်ရင် ကိုယ်သေမယ်ဆိုတာ ကျွန်တော်သိခဲ့ပြီ။
အနက်ရှိုင်းဆုံးအထိ တူးဆွရင်း
ရင်ထဲကို ငုံ့ကြည့်တဲ့အခါ
မေတ္တာတရားသာမရှိရင် ပြာကျသွားတာကြာပြီလို့ သိလိုက်တယ်
ကမန်တော့်တကိုယ်လုံးလည်း အလျှံငြီးငြီးလောင်နေတုန်း ။
ဘယ်မှာလဲ
ဘယ်မှာလဲ လို့
ကိုယ့်ကိုယ်ကို ဟစ်ခေါ်
ကိုယ့်ဘဝရဲ့အဓိပ္ပာယ်ဟာ ကိုယ်ကိုယ်တိုင် ပြဋ္ဌာန်းဖို့ဖြစ်လာတဲ့အခါ
ကျင့်ဝတ်ဆိုတာ စာနာစိတ်ပဲလို့ ကျွန်တော်သိလာတယ် ။
ခဏလေးပါ
ဒဏ်ခံကြိုးက ခဏ ခဏ ပြတ်နေလို့ပါ
ခဏလေးပါ
ဒဏ်ခံကြိုးကို လဲနေတုန်းမို့ပါ ။
ပြန်လာမယ်
သူရဲကောင်းပီသစွာ ပြန်လာမယ်
မိုးကို ဒူးနဲ့တိုက်တဲ့သူရဲကောင်းတော့မဟုတ်တော့ဘူး
မြေကြီးကိုငုံ့နမ်းတဲ့သူရဲကောင်း
ပြန်ဆုံတဲ့အခါ
အရင်လို သရော်တော်တော် အပြုံးနဲ့
"မင်း အတင်းတွေ ငါတို့မပြောကြဘူးသိလား"လို့
မပျော်ချင်ယောင်ဆောင်ပြီး နှုတ်ဆက်ကြဦးမှာ မို့လား ။ ။
ခက်သီ
( ကိုသန်းထွန်း …သို့)