ငြိမ်းချမ်းအေး ● ဘီလူးတပိုင်းများ သိစေရန်
(The Ladies News / မိုးမခ) ဇွန် ၁၁၊ ၂၀၁၆
“Storm in a teacup” ဆိုတာ ဗြိတိသျှအင်္ဂလိပ်အသုံး၊ အရေးမကြီးတာကို ဇာချဲ့ ပြောခြင်း၊ ပူပန်ခြင်း၊ ဒေါသထွက်ခြင်း၊ အမေရိကန်အင်္ဂလိပ်မှာ ဆိုရင် “Tempest in a teapot” လို့သုံးကြတယ်။ အင်္ဂလိပ်လို အလွယ်စကားလုံးနဲ့ paraphrase ပြန်ရှင်းရင် “A lot of unnecessary anger and worry about a matter that is not important. (Cambridge Dictionary)” လို့ ရတယ်။
FT, Telegraph တို့မှာ စင်ကာပူဝန်ကြီးချုပ် ဗမာပြည်ခရီးစဉ်ရဲ့ နိုင်ငံတော်အဆင့်ညစာစားပွဲမှာ လစ်ပတန် လက်ဖက်ရည် တိုက်မှုကို ဝေဖန်တဲ့ အကြောင်း ရေးကြတဲ့ သူနှစ်ယောက်လုံးက ဖြစ်စဉ်နဲ့ ဆက်စပ်တဲ့ စကားလုံးတွေလည်း ပါတဲ့ အင်္ဂလိပ်အသုံးတခုကို လှလှပပ သုံးကြပေမယ့် ဒါကို လုံးကောက် “လက်ဖက်ရည်ပန်းကန်ထဲက မုန်တိုင်း” လို့တော့ ဘာသာပြန်ချင်လို့ မရပါဘူး။ ဖြစ်စဉ်နဲ့ ဆက်စပ်လို့ ဘာသာပြန်ချင်ရင်လည်း စကားလုံးရဲ့ အဓိပ္ပာယ်ကို ပြန်ချင်သူက အမှန် ရှင်းပြရမယ့် တာဝန် ရှိပါတယ်။
မူရင်းရေးသူတွေရဲ့ ဆိုလိုချင်တာက အာဏာရှင်ဟောင်းမြေးက အလုပ်မရှိ ကြောင်ရေချိုးတဲ့ သဘောကို ဆိုချင်တယ်။ အရင် စစ်ဗိုလ်ချုပ်ကြီးများ ပြည်သူ့ဘဏ္ဍာ တွေကို ထင်တိုင်းကြဲ ရှန်ပိန်ချောင်းစီးကြတဲ့ စားပွဲကြီးတွေနဲ့ ကွာတာကို ပြချင်တယ်။ အစိုးရသစ်ရဲ့ ရိုးရှင်းမှု ပကာသန တွေလျှော့ချနေမှုကို ပုံဖော်ချင်တယ်။ ခြိုးခြံ ချွေတာမှု ဆိုတာထက် လူတစု သြဇာ၊ အာဏာ၊ ဓန အင်အားကို ထုတ်ပြပြီး လူအထင်ကြီးခံချင်တဲ့ လူယောင်ဆောင်သော ကျတ်တစ္ဆေများ ပြေးပြီး မြို့တည်ရာ ကျတ်ပြေး အရပ်မှာ ဗိုက်ဟောင်းလောင်းနဲ့ တိုင်းပြည်ကို စော်ကားချင်တိုင်း စော်ကားခဲ့တဲ့ ရေပေါ်ဆီ လူ့မလိုင် သွေးစုပ်ကောင် လူ့ကပ်ပါးကောင်တွေရဲ့ ဖြုန်းတီးမှု ဓလေ့ဆိုးကို အစိုးရသစ်ဟာ တလွှာချင်း ခွာချနေတာကို အသားပေးမြင်စေချင်တာပါ။
တယ်လီဂရဖ်က ပေါ့ပ်ပိုဆန်တော့ မရေရာ မသေချာတဲ့ သတင်းရင်းမြစ် တခု အစိုးရအတွင်းလူ တယောက် ပြောတယ်ဆိုပြီး “ညစာစားပွဲမှာ လက်ဖက်ရည်ကိစ္စ အပြစ်တင်တယ်တော့ မကြားမိဘူး၊ အရက်မပါတော့တာတော့ လူတွေ ပြောနေကြတယ် ဆိုပဲ” လို့ ပေါ့ပေါ့ပါးပါးရေးတဲ့ဟန် လုပ် နိဂုံးချုပ်ခဲ့တယ်။
တိုင်းပြည်ဟာ လူကိုသတ်မယ့် မြေစာပုံကြားမှာ သက်စွန့်ဆံဖျား ရေမဆေးကျောက် ရှာရသလို ကုန်းကောက်စရာ မရှိမွဲနေတယ်။ တိုင်းပြည်က အမျိုးသမီးငယ်တွေ အိမ်နီးချင်းတိုင်းပြည်တွေမှာ ရောင်းစားခံနေရတယ်။ လိုလိုချင်ချင် ကျွန်သွားခံရတယ်။ နှမငယ်လေးများ ပြည့်ရဲ့ တန်ဆာ ပြယုဂ်အဖြစ် ထိုင်းမှာ အနှိပ်ခန်းမှာ ပျော်တော်ဆက်ရတယ်။
စစ်ပွဲဒဏ်ကြောင့် တိုင်းရင်းသား လူနည်းစုတွေ တောထဲ တောင်ထဲမှာ ပြေးနေ ပုန်းနေရတယ်။ လူအများစု ငတ်နေတယ်။ ထမင်းနပ်မမှန် မှန်တဲ့ သူက အာဟာရပြည့်မီတဲ့ ဟင်း မစားနိုင် ဖြစ်နေတယ်။ စစ်ပွဲကြားက ကလေးတွေ အပါအဝင် တိုင်းပြည်မှာ ကလေးအများအပြား “ပညာရေး ဝေးသည် - မရှိ” ဖြစ်နေတယ်။ ကလေးနဲ့ မိခင်တွေ သေနှုန်းမြင့်နေတယ်။ စတဲ့ .. စတဲ့ အနိဋ္ဌာရုံတွေ အပြည့်နဲ့ တိုင်းပြည်မှာ အာဏာရှင်ဟောင်းရဲ့မြေးက ဘာကြောင့် လက်ဖက်ရည်ခွက်ကို မုန်တိုင်းအသွင်ဆင်ချင်ပါသလဲ။
အဖြေကတော့ ရှင်းပါတယ်။ ဒီလို လူမျိုးတွေ ပေါက်ဖွားလာခဲ့ရာက သန္ဓေမမှန်ခဲ့လို့ပါပဲ။ ဘာ သန္ဓေ မမှန်သလဲဆို၊ လူ သန္ဓေ မမှန်ခဲ့တာပါ။ ဒီလို လူတန်းစားက လူလို မတွေးပါဘူး၊ လူလို မခံစားနိုင်ပါဘူး။ လူလိုလည်း မသိပါဘူး၊ လူလိုလည်း မကျင့်ကြံတတ်ပါဘူး။ ဒီလိုလူတွေမှာ လူရယ်လို့ ဖြစ်လာရင် တည်ရှိရမယ့် လူပီသမှုတရားတွေ တသက်လုံး ကင်းကွာခဲ့ပါတယ်၊ နောင်လည်း ကင်းကွာနေဦးမှာပါပဲ။ သူတို့ဟာ ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်၊ မတ်မတ်ရပ် လမ်းလျှောက်နေပေမယ့် လူစစ်စစ်လို့တော့ မပြောနိုင်ပါဘူး။ လူတပိုင်း ဘီလူးတပိုင်း သဘက်တပိုင်း တိုင်းပြည်ရဲ့ ရတနာ ရင်သွေးတွေကို သတ်စားတတ်တဲ့ Half-ogre တွေပါပဲ။
သူတို့ လူ လုပ်ရမယ့် အလုပ်တွေကို ဘဝမှာ တခါမှ မလုပ်ဖူးခဲ့ပါဘူး။ သူတို့မှာ သန့်ရှင်းပြီး ကိုယ်ပိုင် အားထုတ် လုပ်ရတဲ့ အလုပ် တခုခုကို လုပ်ကာ တသက်မှာ တနာရီပြည့်အောင် ဝင်ငွေ မရှာဖူးပါဘူး။ ဒါကြောင့်လည်း အလုပ်သမားများ ထောင်ကျခံ၊ ခေါင်းကွဲခံ တောင်းဆိုခဲ့တဲ့ အနိမ့်ဆုံးလုပ်ခ တနာရီ လုပ်အားခ ရဲ့ သုံးလေးဆ တန်တဲ့ လက်ဖက်ရည်ကို ချီးပေါသေးပေါ အရည်မရ အဖတ်မရပြောပြီး မုန်တိုင်းအသွင် ဖန်တီးချင်တာပါပဲ။
ဒီလို လူမဟုတ်တဲ့ ဘီလူတပိုင်းလူတွေ ‘ဓား’ မိုး၊ ‘အား’ ကိုး အုပ်ချုပ်တဲ့ စနစ်ကို တွန်းလှန်ဖို့ရာ ၁၉၈၈ ခုနှစ်မှာ “သွေးမုန်တိုင်း -- Tempest of Blood” နဲ့အတူ ဟောင်းနွမ်းတဲ့ အဆောက်အအုံတွေ ဖြိုဖျက်ပစ်မယ်၊ ဖောက်ပြန်တဲ့ လူတန်းစားတွေ တိုက်စားပစ်မယ် ဆိုကာ လူထုဟာ အုံကြွခဲ့ကြတယ်။ ဒါပေမယ့် မှန်ကန်ခြင်းက အနိုင်မရ အားကြီးသူသာ အောင်နိုင်ရာတဲ့ “တိရစ္ဆာန်ဝါဒ” သာ “တောတွင်းဥပဒေသ” လက်နက်နဲ့အတူ မြို့ပေါ်မှာ ရှင်သန်ဆဲဖြစ်တာမို့ သွေးမုန်တိုင်းဟာ ပြောင်းပြန်တိုက်ခတ် လမ်းမတွေပေါ် သွေးချောင်းစီးခဲ့ရတယ်။ အခု ရှစ်လေးလုံး ‘ဒီ’ ခရီးကြမ်းကို ဆက်လျှောက်ရင်း လူထုဟာ “ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ တရားမျှတခြင်းနဲ့ညီမျှခြင်း” ပန်းတိုင်ကို မျှော်လင့်နေကြပါတယ်။
မြန်မာတွေဟာ ဘာသာတရားအဆုံးအမနဲ့ အင်မတန် ခန္တီစတရားကြီးကြပါတယ်။ သက်ဦးဆံပိုင် ပဒေသရာဇ်မင်းဆိုးနဲ့ စစ်အာဏာရှင်စနစ်ဆိုးတွေမှာ လက်နက်ကို မနိုင်လို့ သည်းခံခြင်းမျိုး ဖြစ်ရတာ ရှိပေမယ့် လက်နက်ကို “ပြည်သူ့အင်အား” က နိုင်ချိန်မှာလည်း နိုင်လိုမင်းထက် မပြုလို ခွင့်လွှတ်လွယ် မေ့ပျောက်လွယ်ကြပါတယ်။ ဒါကြောင့် ဘီလူးတပိုင်းများနဲ့မျိုးဆက်သွေးများလည်း လွတ်လမ်းသာနေပါတယ်။
ဒါပေမယ့် ဒီ ဓလေ့ကောင်းကိုတော့ ကျန်ရစ်သူ ဘီလူးတပိုင်း မျိုးဆက်တွေ မစော်ကားမိဖို့ လိုပါတယ်။ စော်ကားရင်တော့ ပြည်သူရဲ့ “ဒေါသမုန်တိုင်း - Tempest of Anger” ဒဏ်သင့်ပါမယ်။ ဒါဟာ “Storm in a teacup” လို အရေးမကြီးတာကို အရာလုပ်ခြင်းမျိုးမဟုတ်ဘဲ၊ တရားမျှတမှုကို ဖော်ဆောင်ကာ တိုင်းပြည်ကို လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ အရာရာ ခွက်ဆွဲ စေခဲ့သူ လက်သည်တရားခံများအားလုံး၊ လူသတ်တရားခံများအားလုံးကို တရားဥပဒေ ရှေ့မှောက် အရောက်ခေါ်ဆောင်ရုံမှအပါ အခြားမရှိပါကြောင်း ဘီလူးတပိုင်းများအား သိစေအပ်ကြောင်းပါ ခင်ဗျား။
ငြိမ်းချမ်းအေး
(ဆောင်းပါးပါအာဘော်ကို ပြန်လည် ဝေဖန်ရန် - nyeinchanaye81@gmail.com)
ရည်ညွှန်း ဆောင်းပါးများ
Storm in a teacup stirred up over Myanmar banquet brew by Michael Peel, Bangkok Regional Correspondent, The Financial Times (FT)
http://www.ft.com/cms/s/0/feca03d8-2d68-11e6-9398-152a09ac4c4d.html#axzz4B8VzPSNO
Storm in a teacup as Aung San Suu Kyi serves Lipton at state banquet by David Doyle, Rangoon, The Telegraph
http://www.telegraph.co.uk/news/2016/06/08/tea-row-brewing-in-burma-between-aung-san-suu-kyi-and-dictators/
The Ladies News Journal တွင် မူလ ဖော်ပြခဲ့သည်။
http://theladiesnewsjournal.com/articles/fri-2016-06-10-1242/2520
https://web.facebook.com/News.TheLadies/photos/a.179109772264000.1073741828.178829095625401/578030992371874/?type=3