မောင်တူး - မောင်သော်က ကွယ်လွန်ခြင်း ၂၅ နှစ် ရှစ်စက္ကန့်ငြိမ် ကဗျာများ
(မိုးမခ) ဇွန် ၁၂၊ ၂၀၁၆
ဆရာ မောင်သော်က ကျဆုံးခဲ့တာ အခု ၂၀၁၆ ခုနှစ် ဇွန်လ ၁၁ ရက်မှာ ၂၅ နှစ် ပြည့်ပြီ။
ဒီစာကို ဖတ်နေရင်း သူ့ကွယ်လွန်ခြင်း ၂၅ နှစ်အတွက် ၈ စက္ကန့်ငြိမ်ပြီး ဂုဏ်ပြုပေးလိုက်ပါ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လိုလားသူဆိုရင်ပေါ့။ ဒါမှမဟုတ် သူ့စာတွေ ဖတ်ဖူးသူဆိုရင် ပြည်သူ့စာရေးဆရာကြီးတဦး အပေါ် လေးစား သတိရလိုက်ပါ။ သူက သရော်စာတွေ ရေးခဲ့သူမို့ သူ့သရော်စာတွေ ပြန်စဉ်းစားပြီး ပြုံးမိရင်လည်း ပြုံးစိစိလုပ်ကြပေါ့ဗျာ။ ဒါပေမဲ့ သူ့လုပ်ရပ်တွေနဲ့ သူ့ရဲ့သံမဏိ စိတ်ဓာတ်နဲ့ သူ့ရဲ့နောက်ဆုံးနေ့ ပုံရိပ်တွေကတော့ ကမ္ဘာမကျေ စရာတွေ သက်သက်ပါ။
နေမင်းကြီးကား
အနောက်ဖက်တောင်စွယ်အောက်
ကွယ်ပျောက်ခဲ့ကြာချေပြီ။
သူ့ရောင်ခြည်တွေကတော့
ထင်ဟပ်ပေါ်ထွန်း ထိန်ထိန်တောက်နေဆဲ
အမှောင်ခွင်း အလင်းဆောင်နေဆဲ။ ။
ဗိုလ်မှူးဘသော် (ခေါ်) စာရေးဆရာ၊ ကဗျာဆရာ မောင်သော်ကဟာ တပ်မတော်သားဘ၀၊ စာရေးဆရာဘ၀နဲ့၊ ၈၈၈၈ အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှာ ဗဟိုအမှုဆောင် ဖြစ်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် အောက်တိုဘာလ မှာ တပ်တွင်း ပုန်ကန်မှုဖြစ်အောင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ခုံရုံးက ထောင်အနှစ် ၂၀ ချ လိုက်တယ်။ ၁၉၉၁ ဇွန်လ ၁၁ ရက် ရန်ကုန်ဆေးရုံကြီး အချုပ်ခန်းထဲ ကျဆုံးခဲ့တာပေါ့။ အခုကတော့ မောင်သော်က ရေးခဲ့တဲ့ ရွတ်ခဲ့တဲ့ ကဗျာတွေအကြောင်းပဲ ပြောမှာပါ။ ပထမကဗျာက သူ့ကိုထောင် အနှစ် ၂၀ ချတာကို သရော်တဲ့ “ မီးခြစ်တဆံ ”။
“ မီးခြစ်တဆံ ”
(၁)
အနှစ်၂၀ ဆိုပါလားဟေ့ . . . ။
အမြင်ကပ်လောက်အောင်
ကိုယ့်ကိုယ်ကိုယ် တပ်မက်စိတ်ရှိသူများက
ကြောင်သူတော်သောကနဲ့လေ…
အနှစ်၂၀ ဆိုပါလားဟေ့ . . . ။
ကောက်ကျစ်သော အမြင်တိုသော
ကိုယ်ကျိုးငဲ့ရန်လိုစိတ်နဲ့ 
လူလားမြောက်လာတဲ့ အာဏာပါးကွက်သားတို့က
ကိုယ့်ကိုယ်ကိုယ် လေးစားခြင်းငှာ မတတ်စွမ်းနိုင်တဲ့
ကောက်ရိုးမျှင် ဥပဒေနဲ့လေ…။
အနှစ်၂၀ ဆိုပါလားဟေ့ . . . ။
အကောင်းအဆိုးအပေါ်မှာ
ရှက်ဖွယ်လိလိ ဥပေက္ခာပြုနိုင်သူများက
ယုတ်ညံ့သိမ်ဖျင်းမှုနဲ့ 
မသန့်စင်သောအရာ မှန်သမျှ မုသားပုဒ်မနဲ့လေ…။
အနှစ်၂၀ ဆိုပါလားဟေ့ . . . ။
ရုပ်မှာအာဏာနဲ့ကျည်ဆန်
နာမ်မှာ ဖက်ဆစ်
မအောင်မြင်တဲ့ သူရဲကောင်းများရဲ့ 
အာဃာတထက် အဆိပ်အတောက်ပြင်းတဲ့ ခုံရုံး အမိန့်နဲ့လေ…။
(၂)
“ မီးပွားကလေးကနေပြီး မီးတောက်ကြီးဖြစ်လာတဲ့ အခါမှာ
ကမ္ဘာမြေပေါ်မှာရှိတဲ့ အညစ်အကြေး ဟူသမျှနဲ့ 
လူလေလူလွင့် ဂျပိုးတေလေ တွေကို လောင်စားသွားလိမ့်မယ်…“ (ဂေါ်ကီ)
မောင်သော်ကရဲ့“မီးခြစ်တစ်ဆံ“ ဟာ
နောင်အနှစ် ၂၀ ကြာတဲ့အခါမှာ
လောင်စာများရဲ့ ပြာနဲ့ထုဆစ်
သမိုင်းဝင်ကျောက်တိုင် ဖြစ်လာလိမ့်မယ် ။ ။
မောင်သော်က (အင်းစိန်ထောင်မှာ မကွယ်လွန်ခင်ရေးခဲ့)
သူကိုယ်တိုင် ကဗျာရွတ်နေတာကိုတော့ ဒီဗွီဘီက လွှင့်တဲ့ မောင်သော်ကအကြောင်း မှတ်တမ်း ရုပ်ရှင်မှာ ဒီလိုတွေ့ပါတယ်။
“ငါ့တွင်ဒဏ်ရာ၊ ရခဲ့ပါ၏
သို့ငြားသော်လည်း ငါမသေ။
ငါ့ဒဏ်ရာလျှင်၊ သွေးစိမ်းရှင်ထွက်
တသက်မသေ၊ ငါမကျေ။
လဲလျောင်းခဏ၊ မနက်ဖြန်ထလို့
ငါတို့တိုက်ပွဲ ဆက်ဆင်နွှဲ။ ။”
ဒီကဗျာကို ၈၈ အရေးတော်ပုံကာလ ၁၉၈၈ ခုနှစ် သြဂုတ် ၂၈ ရက်နေ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ညီလာခံမှာ လက်နှစ်ဖက်ကို ဆန့်တန်းပြီး သူရွတ်ဆိုသွားခဲ့တာ ဖြစ်ပါတယ်။ အဲသည်တုန်းက မြန်မာနိုင်ငံ စာပေနဲ့ အနုပညာရှင်တွေကိုယ်စား သူစကားပြောခဲ့ တာပါ။ သူဟာ ၈၈၈၈ ကာလ စာနယ်ဇင်းသမဂ္ဂဥက္ကဋ္ဌ ဖြစ်တယ်။
စာရေးဆရာ၊ ကဗျာဆရာ မောင်သော်က (ဗိုလ်မှူးဘသော်) ၁၉၂၈ – ၁၉၉၁
မောင်သော်ကကို ၁၉၂၈ ခုနှစ် ဧပြီလ ၆ ရက်၊ သောကြာနေ့မှာ အဖ ဦးမှန်ကြီး၊ အမိ ဒေါ်မြိုင်တို့မှ ဖွားမြင်ပါတယ်။ သားသမီး ၄ ယောက်အနက် အကြီးဆုံးသားဖြစ်တယ်။ တက္ကသိုလ်ဝင်တန်း အောင်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က တပ်မတော်ထဲကို တပ်သားအဆင့်နဲ့ ၀င်ပါတယ်။ ၁၉၅၆ ခုနှစ် နိုဝင်ဘာလ ဗိုလ်မှူးဘသော် စစ်ရေယာဉ်မှူးတာဝန်ယူနေတဲ့ တိုက်ရေယာဉ် ၁၀၃ ဟာ မြိတ် ကျွန်းစုတ၀ိုက် ငါးခိုးဖမ်းသင်္ဘောနှိမ်နင်းရေးတာဝန်ယူနေချိန် မုန်တိုင်းမိ မျောနေခဲ့တယ်။ သူနဲ့ ရဲဘော် ၁၀ ဦး အသက်ကယ်လှေနဲ့ ၁၃ ရက်ကြာ ပင်လယ်တွင်းမျောနေရာ ဂျပန် ကုန်တင် သင်္ဘောက တွေ့ရှိဆယ်ယူခဲ့တဲ့ ဖြစ်စဉ်ကို သူက စာအုပ်ပြန်ရေးခဲ့တယ်။
ကျောင်းသားဘ၀က စလို့ စစ်ပြန်၊ ပဒေသာမဂ္ဂဇင်း၊ စစ်နှလုံးဂျာနယ်၊ မြ၀တီ၊ ငွေတာရီတို့မှာ ဆောင်းပါး၊ ၀တ္ထုတွေ အများအပြားရေးသားခဲ့၊ ဖော်ပြခဲ့ပါတယ်။ ရေကြောင်းစွန့်စားခန်း ၀တ္ထုတွေ ရေးရာမှာ ဗိုလ်ဘသော် (ရေတပ်) ကလောင်အမည်သုံးပါတယ်။ ၁၉၆၉ ခုနှစ်ကျတော့ တပ်ကနေ အငြိမ်းစားယူပြီး ရှေ့သို့၊ FORWARD ဖော်ဝပ် အင်္ဂလိပ် – မြန်မာ စာစောင် ၂ ခုမှာ စာတည်းချုပ် လုပ်ပါတယ်။ အင်္ဂလိပ် – မြန်မာ ၂ ဘာသာ ဆောင်းပါးတွေရေးခဲ့ရာမှာ သတင်းစာဖတ်သူတွေက စောင့်ဖတ်ကြရတဲ့အထိ သြဇာကြီးသူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အလွတ်တန်း အင်္ဂလိပ်စာ ဆရာဘ၀၊ ရေကြောင်းသိပံ္ပအတတ်ပညာ သင်္ဘောသားတွေကို သင်ပေးတဲ့အလုပ်တွေနဲ့ စာပေကဗျာတွေကိုပဲ ရေးသားနေခဲ့ပါတယ်။ ၁၉၉၁ ခုနှစ် ဇွန် ၁၁ ရက်မှာ ကွယ်လွန်ပြီး ကန်တော်ကလေး ဆွန်နီ မွတ်ဆလင်သုသာန်မှာ မြေမြှုပ်သင်္ဂြိုဟ်ထားခဲ့ပါတယ်။
မောင်သော်ကရဲ့ ထင်ရှား စာအုပ်တွေ
ပို့သခဲ့သော မေတ္တာများ။ ၁၉၄၇ ဇူလိုင်
နှစ်သစ်ဦး ချစ်ဦးလက်ဆောင် ၁၉၈၂ ဇန်န၀ါရီ
ရှိတ်စပီးယား၏ လက်ရွေးစင် ဆွန်းနက်ကဗျာများ ၁၉၇၄ ဒီဇင်ဘာ
နှစ်သုံးရာမှပဲ့တင်သံ အသံလှိုင်းကဗျာများ ၁၉၈၀ နိုဝင်ဘာလ
တိုက်ရေယာဉ် ၁၀၃ ၁၉၈၅ ခန့်
နှစ်သုံးရာမှပဲ့တင်သံ အသံလှိုင်းကဗျာများ စာအုပ်ထဲက “ အနိုင်မခံ ” (ဘာသာပြန်)ကဗျာကို ဖော်ပြပါဦး မယ်။
“ အနိုင်မခံ ”
ငါ့အား ဖုံးလွှမ်းအပ်သည့်
ညဥ့်နက်သန်းခေါင် အမှောင်တွင်းမှ
အသူရာတမျှ နက်လှသော
ချောက်ကမ်းပါး အတွင်းမှ
ငါ၏မကြောက်တရားကို
ဖန်တီးထားသည့်
နတ်သိကြားများကို
ငါ ကျေးဇူးဆိုပါ၏။
လောကဓံတရား၏
ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ငါသက်ဆင်းကျရောက်
သော်ငြားလည်း
ငါကား မတုန်လှုပ်၊ မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်းကြောင့်
ငါ၏ ဦးခေါင်းတို့သည်
သွေးဖြင့် ချင်းချင်းနီ၏။
သို့သော် ညွှတ်ကားမညွှတ်။
လောဘ ဒေါသတို့ကြီးစိုးရာ
ဤကမ္ဘာ၏ အခြားမဲ့၌
သေခြင်းတရားသည်
ကြောက်ဖွယ်ငံ့လင့်၏။
သို့သော် ငါ့အား
မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။
နောင်တွင်လည်း
မကြောက်ရွံ့သည်ကို သာလျှင်
အစဉ်တွေ့ရလတံ္တ့။
သုဂတိသို့ သွားရာတံခါးဝသည်
မည်မျှပင်
ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးပုရပိုက်တွင်
ငါ၏ အပြစ်များမည်မျှပင်
ရေးခြစ်ထားစေ
ငါသာငါလျှင် ငါ့ကြမ္မာ၏ အရှင်
ငါသာငါလျှင် ငါ့ဘ၀၏သခင်
ဖြစ်တော့သည်။ ။
(မောင်သော်က)
မောင်သော်က စာတွေဖတ်ကြည့်ရင် ဟာသလေးတွေ တွေ့ရပါမယ်။ အော်ဟစ် ရယ်မော တသောသော ဟာသတွေမဟုတ်။ ဖတ်ရင်းက တွေးစရာနဲ့ ပြုံးစိစိဟာသကလေးတွေ။ ၁၉၉၀ ပြည့်နှစ် သူ့အသက် ၆၀ ကျော် ကျန်းမာရေးညံ့လျက်နဲ့ ထောင်ကျဘ၀မှာတောင် ဟာသတွေ လုပ်နိုင်ခဲ့တယ်လို့ ထောင်အတူကျခဲ့သူ ဦးမိုးမြင့်က ပြောပြပါတယ်။ မောင်သော်ကနဲ့ ဗေဒင် ဆရာကြီး မင်းသိင်္ခ ထောင်အတူကျနေသတဲ့။ ဆရာမင်းသိင်္ခက ဗေဒင်နည်းနဲ့ တွက်ချက်ပြီး သူ့လွတ်ရက်ကို အင်းစိန်ထောင် သူ့အခန်းနံရံမှာ ရေးထားတယ်။ အဲ့သည်မှာ မောင်သော်က သွားပြီး ဟုတ်ပါ့မလားလို့ နောက်သတဲ့။ သူတွက်ထားတဲ့ရက် မလွတ်ရင် ဇက်ဖြတ်ခံမယ်လို့ မင်းသိင်္ခက ပြန်ပြောတယ်ဆိုပဲ။ တွက်ထားတဲ့ရက်ရောက်တော့ မောင်သော်ကက မင်းသိင်္ခကို ဇက်ဖြတ်ဖို့ ဓားယူလာရမလားလို့ သွားပြောသတဲ့။ ဒါကို ကြားသိတော့ အင်းစိန်ထောင်သားတွေ ကြား ပြုံးရ ရယ်မောရနဲ့ပေါ့။
အင်းစိန်ထောင်အတွင်း ကျဉ်းကြပ်တဲ့အခြေအနေမှာတောင် ကဗျာတွေ ရေးသွားခဲ့ပါတယ်။ မီးခြစ်တဆံကဗျာအပြင် ထောင်ပြင်က ကမောက်ကမတွေကို လှမ်းသရော်တဲ့ ဇာတ်ဆရာ အမည်ရှိ သူ့ကဗျာနောက်တပုဒ် ဆက်ဖတ်ကြည့်ပါဦး။
“ ဇာတ်ဆရာ ”
ငါ့ဇာတ်စင် ငါထိုး၊ ဇာတ်ပိုးတော့ ထပြီလေ။
မကတတ် ကတတ်၊ ငါ့ဇာတ် ငါခင်း
ငါမင်း ငါဘုရင်ပေါ့၊
ထင်ချင်ရာ ထင်ပါဘိ၊ မင်း မကြည့်ချင်နေ။
စင်ပေါ်မှာ ကျွမ်းထိုးလို့ 
စင်ကျိုးပြီး သေပေစေ၊ နေသာသပ လေညာက။
စည်းမမှန် ၀ါးမမှန်၊ ကကြိုးတွေ မဟန်လို့ 
တပ်လန်ကာ ကြည့်သူ ပြောပြန်တော့
ရုံကြေးတွေ အကုန်ရ
ဒါမှ ငါပ။ ။
(မောင်သော်က)
မောင်သော်ကရဲ့ရေးဖော်ရေးဖက်၊ တိုက်ဖော်တိုက်ဖက် ဒါရိုက်တာ စာရေးဆရာကြီး မောင်မိုးသူ ခေါ် ဘကြီးမိုးကတော့ ဒီဗွီဘီမေးမြန်းခန်းတခုမှာ “ဆရာသော်နဲ့ ဘကြီးမိုးတို့ဟာ စာပေလောကမှာ အတူတူ စာရေးဆရာတွေပေါ့နော်။ မောင်သော်ကနဲ့အတူတူ စာပေဟောပြောပွဲတွေ သွားကြ တယ်။ သူဟာ အင်မတန်ပျော်တတ်ပြီးတော့ အင်မတန် စာရေးကောင်းတယ်။ အထူးသဖြင့် သရော်စာအရေးကောင်းတဲ့ စာရေးဆရာကြီး ဖြစ်ပါတယ်။ စာပေပွဲတွေ ဟောပြောတဲ့နေရာမှာ လည်း သရော်စာ ဟောပြောတဲ့အတွက် အလွန်ထူးချွန်ပြီးတော့ အလွန်ကောင်းတဲ့ စာရေး ဆရာကြီးအဖြစ်နဲ့ ဟောပြောပွဲတွေမှာလည်း နာမည်ကြီးပါတယ်။ အဲလိုနေခဲ့ကြရာက ၈၈၈၈ အရေးတော်ပုံကြီး ပေါ်တဲ့အခါကျတော့ အတူတူပါဝင်ခဲ့ကြတာပေါ့။” လို့ ပြောခဲ့ပါတယ်။
“ဆရာမောင်သော်ကဟာ တပ်မတော်သားဟောင်း၊ သရော်စာ အရေးကောင်းတဲ့ စာရေးဆရာ၊ သင်္ဘောသားများအတွက် အင်္ဂလိပ်စကားပြောသင်တဲ့ဆရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဗဟိုအဖွဲ့ဝင်အဖြစ် တာဝန်ယူတဲ့ခေါင်းဆောင်၊ ၁၉၈၉ မှာ စစ်အုပ်စုကဖမ်းဆီးပြီး ထောင်အနှစ် ၂၀ ချမှတ်ခြင်းခံခဲ့ရတယ်။ ထောင်ထဲမှာ ကြံ့ကြံ့ခံတိုက်ပွဲတွေဝင်ရင်းနဲ့ ၁၉၉၁ မှာ ကျဆုံးခဲ့တယ်။ စစ်အုပ်စုဟာ ဒီမိုကရေစီဘက်တော်သားတွေကို နှစ်ပေါင်းများစွာကတည်းက ထိခိုက်ကျဆုံး လူဖြစ်ရှုံးအောင် တိုက်ခိုက်သတ်ဖြတ်ခဲ့တာချည်းပါပဲ။” လို့ မိုးမခ အယ်ဒီတာ ကိုမောင်ရစ်ကလည်း ၂၀၀၉ ခုနှစ်ရေး သူ့ဆောင်းပါးမှာ ဖော်ပြခဲ့ပါတယ်။
“စာရေးဆရာ မောင်သော်ကနဲ့ စာရေးသူတို့ ၉ နှစ်ကြာမျှ ရင်းနှီးစွာ အတူတူ အလုပ်လုပ်ခဲ့ရလေ သည်။ ဤတွင်မှ ကိုသော်ကသည် စစ်ထဲသို့ ၀င်ခဲ့သော်လည်း စစ်စိတ်စစ်မာန် တစက်တလေမှ မရှိဘဲ စာရေးဆရာ၊ သတင်းစာဆရာစိတ်သာ အပြည့်အ၀ရှိနေသည်ကို တွေ့သိရလေသည်။ မောင်သော်ကသည် ဟာသစာရေးဆရာဖြစ်၏။ လောကကြီး၏ ကမောက်ကမများ၊ အထူးသဖြင့် သာမန်လောကထက်ပို၍ ကမောက်ကမနိုင်သော စစ်ဝါဒ၏ အဖုအထစ်များကို သရော်လှောင် ပြောင်ရေးသားရာ၌ ဂုဏ်မြောက်အောင်ရေးသားနိုင်သူ သရော်စာ စာရေးဆရာဖြစ်၏။” လို့ ကွယ်လွန်သူ ၀ါရင့်သတင်းစာဆရာကြီး ကြေးမုံဦးသောင်းက ကျောင်းသားတပ်မတော်ထုတ် ဒေါင်းအိုးဝေစာစောင်မှာ ရေးသားခဲ့ပါတယ်။
မောင်သော်ကအတွက် ရှစ်စက္ကန့်ငြိမ်ဖို့ ဘာကြောင့်လိုသလဲ….
“၁၉၈၈ နောက်ပိုင်း ဒီမိုကရေးအတွက်လှုပ်ရှားရင်း ကျဆုံးသွားသူများကို ၁၉၈၈ ခုနှစ်၊ ၈ လပိုင်း၊ ၈ ရက်နေ့ ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုကြီးကို အသိအမှတ်ပြုခြင်းအားဖြင့် ရှစ်စက္ကန့် ငြိမ်သက်ခြင်းဖြင့် အမှတ်တရ ဂုဏ်ပြုလေ့ရှိသည်။” ဆိုပြီး AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းထုတ် – ရှစ်စက္ကန့်ငြိမ် စွန့်လွှတ်သူတို့၏ရာဇ၀င် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အကျဉ်းကျစဉ်ကာလအတွင်း ကျဆုံးသွားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အကြောင်းတွေကို အဲ့ဒီ ရှစ်စက္ကန့်ငြိမ်စာအုပ်မှာ မှတ်တမ်းတင်ထားတာပါ။ ဒီထဲမှာပါတဲ့ မောင်သော်က အကြောင်းဖော်ပြလိုက်ပါတယ်။
ဦးဘသော်(စာရေးဆရာ မောင်သော်က)
ရွှေဘိုမြို့၊ စစ်ကိုင်းတိုင်းဇာတိဖြစ်သည်။
၁၉၈၉ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ဖမ်းဆီးခြင်းခံရသည်။
၁၉၉၁ ခုနှစ် ဇူလိုင်လတွင် ကွယ်လွန်သည်။
ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်ရှိပြီ ဖြစ်သည်။
နိုင်ငံရေးနောက်ခံ။ ။ မြန်မာ့တပ်မတော် (ရေ) တွင် ဗိုလ်မှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ကြောင့် ဗိုလ်မှူးဘသော်ဟု လူသိများသည်။ မေယု တိုက်သင်္ဘောကို အင်္ဂလိပ်အစိုးရထံမှ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်လွှဲယူခဲ့စဉ်က ဦးဘသော်သည် သင်္ဘောပေါ်တွင် အလံတင်သည့် ဂုဏ်ပြုတပ်ဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။
မောင်သော်ကအမည်ဖြင့် စာပေနယ်သို့ ၀င်ရောက်ခဲ့သည်။ အထူးသဖြင့် သရော်စာရေးရာတွင် နာမည်ကြီးသူတဦး ဖြစ်သည်။ မဆလခေတ်တလျှောက်လုံး ခေတ်၊ စနစ်နဲ့လူထုဘ၀ကို ထင်ဟပ်၍ ထိထိမိမိ ဖွင့်ချရေးသားခဲ့သူဖြစ်သည်။ ၁၉၈၈ မတိုင်မီက ရေးသားခဲ့သည့် “တိုက်ရေယာဉ် ၁၀၃” အမည်ရှိ ၀တ္ထုဟန် ကိုယ်တွေ့မှတ်တမ်းမှာ လူကြိုက်များ ထင်ရှားသည်။
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံတွင် ရှေ့တန်းမှ ပါဝင်ခဲ့သည်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့တွင် စာပေအနုပညာရှင်များက မြန်မာ့တပ်မတော်ကို “လူထုအား ရက်ရက်စက်စက် ပစ်ခတ်နေမှုများ ရပ်ဆိုင်းရန်” ကန့်ကွက်တောင်းဆိုသည့်အခါက ပါဝင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် စာနယ်ဇင်းသမဂ္ဂတွင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည်။ စစ်တပ်အာဏာသိမ်းပြီး နိုင်ငံရေးပါတီများဖွဲ့စည်းချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ဆက်လက်ပါဝင်သည်။ ဗဟိုဦးစီးအဖွဲ့နဲ့ စစ်ကိုင်းတိုင်း စည်းရုံးရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလတွင် တပ်မတော်ရေကို ပြည်သူ့ဘက်က ရပ်တည်ရန် ရေတပ်အရာရှိများထံ အရာရှိဟောင်းတဦးအနေဖြင့် စာများ ရေးသားပေးပို့ခဲ့သည်။ ထို့အတွက် ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးခံရသောအခါ တပ်မတော်ဖြိုခွဲမှုဖြင့် စွဲချက်အတင်ခံရသည်။ ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုဥပဒေ ပုဒ်မ ၅ (က)၊ ၅ (ခ) တို့ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရသည်။
သေဆုံးပုံ။ ။ အဖမ်းမခံရခင်ကတည်းက ၎င်းတွင် ကုသ၍မရသော အကြောသေရောဂါ ရှိသည်။ ၁၉၉၀ ပြည့်နှစ် စက်တင်ဘာ ၂၅ ရက်နေ့ အင်းစိန်ထောင်တွင်း အစာငတ်ခံ ဆန္ဒပြစဉ် ရိုက်နှက်ခံရ ပြီးနောက် သမံတလင်းပေါ်တွင် မည်သည့်အခင်းမျှမပါဘဲ အိပ်ခဲ့ရသဖြင့် လေဖြတ်သွားသည်။ ထောင်ဆရာဝန်၏ သာမန်ကုသမှုကို အနည်းငယ် ရရှိခဲ့သည်။ အထူးကု ဆရာဝန်များနှင့် ကုသရန် တင်ပြသော်လည်း အာဏာပိုင်များက ခွင့်မပြုခဲ့ပါ။ ၁၉၉၁ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် နှလုံးရောဂါ ဖောက်လာသဖြင့် အာဏာပိုင်များက ဦးဘသော်အား ရန်ကုန်ဆေးရုံကြီးသို့ ပို့ခဲ့သည်။ ၃ ရက် အကြာ ဇွန်လ ၁၁ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး အချုပ်ခန်းအတွင်း သေဆုံးခဲ့သည်။
ဆရာ မောင်သော်က ကွယ်လွန်ခဲ့တာ ဒီနေ့ ၂၀၁၆ ခု ဇွန် ၁၁ မှာ ၂၅ နှစ်ပြည့်ပေါ့။
“ ကွယ်လွန်သူတို့ကို ကျွန်ုပ်တို့ မမေ့သေးသမျှ
သူတို့ဟာ ကွယ်လွန်သည်မဟုတ်သေးပေ။ ”
(ဂျော့အဲလီးယော့)
ဒီလိုပါပဲ။ ၂၅ နှစ်တိုင် ကျနော်တို့ မမေ့ကြသေးပါ။ ဒီမိုကရေစီ တိုက်ပွဲမှာ မောင်သော်ကလို ထောင်တွင်းမှာ ကျဆုံးခဲ့သူတွေ များခဲ့ပါတယ်။ အခု ဆရာ မောင်သော်ကဋီကာ အစ တစလေးကိုသာ ကျနော် ရေးလိုက်တာပါ။ သူ့ဂုဏ် သူ့ရနံ့ သူ့သမိုင်းကို ပြည့်စုံအောင် အနုစိတ် ရေးကြရပါဦးမယ်။ ဖော်ထုတ်ကြရပါဦးမယ်။ အခုကတော့ ဂုဏ်ရောင်ပြောင်ဝင်းလှလွန်းစွာ မောင်သော်ကရဲ့ကွယ်လွန်ခြင်း ၂၅ နှစ်ပြည့်နဲ့ သူ့ရဲ့ ရေးသား ရွတ်ဆို ကဗျာတွေအတွက် အလေးပြုချိန်ပါ။ ရှစ်စက္ကန့်ငြိမ် လိုက်ကျပါစို့။ ။
(မောင်တူး)
11062016