(မိုးမခ) ဇွန် ၁၃၊ ၂၀၁၆
ဇွန်လဆန်းမှာ ပြည်သူ အတော်များများ စိတ်ဝင်စားစရာ ထူးခြားတဲ့ သတင်း ၂ ခုပေါ်ထွက်လာတာ သတိပြုမိတယ်။ တခု က နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် တရားဝင်သတ်မှတ်နိုင်ရေးကိစ္စဖြစ်ပြီး၊ နောက်တခုကတော့ ဧည့်စာရင်း တိုင်ကြားရတဲ့စနစ်ကို ပယ်ဖျက်လိုက်တဲ့ ရပ်/ကျေး အုပ်ချုပ်ရေးဥပဒေကိစ္စ ဖြစ်ပါတယ်။ ဒီအကြောင်းအရာ ၂ ခုက သီးခြားစီလို့ဆိုရပေမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်မှာတော့ တခုနဲ့တခု ဆက်စပ်ပတ်သက်မှု ရှိခဲ့ကြတာ ပြည်သူအတော် များများ သိကြပါလိမ့်မယ်။ မဆလခေတ်က စတင်ပြီး စစ်အစိုးရအဆက်ဆက် အုပ်ချုပ်စဉ်က ဧည့်စာရင်း စစ်ခွင့်ပြုတဲ့ ဥပဒေဟာ အာဏာရှင်တို့ရဲ့ လက်စွဲဥပဒေဖြစ်ခဲ့ပါတယ်။ အာဏာရှင်လို့ ဆိုတဲ့နေရာမှာ ရပ်ကွက် ကျေးရွာ အဆင့် အာဏာ ပိုင်တွေလည်း အပါအ၀င် ဖြစ်ပါတယ်။ ပညာမဲ့ ကိုယ်ချင်းစာတရားမဲ့သူတွေ အာဏာရကြတဲ့အခါ ဒီဧည့်စာရင်းဥပဒေကို တံခိုးအာဏာပြခွင့်ရ လက်စွဲကျမ်းအဖြစ်ကျင့်သုံးခဲ့ကြတာ ပြည်သူတွေ မေ့ဦးမယ် မထင်ပါဘူး။
ရပ်ကွက် အာဏာပိုင်နဲ့ အဆင်မပြေသူ၊ အာဏာပိုင်က အတိုက်အခံလို့သတ်မှတ်ခံရသူတွေဆိုရင် အကြောင်းမရှိ အကြောင်း ရှာပြီး ဧည့်စာရင်းစစ်တာ ခံရလေ့ရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးအတိုက်အခံလို့ သတ်မှတ်ခံရရင်တော့ အဲဒီမိသားစုအိမ် တအိမ်ထဲကိုပဲ ကွက်ပြီး ဧည့်စာရင်းစစ်တာ ခံရပါတယ်။ တခါတလေ ရက်ဆက်စစ်တာမျိုးတောင် ခံကြရ တယ်။ ဆိုးလွန်း တာက မလိုအပ်ဘဲ ခြင်ထောင်လှန်စစ်တာမျိုး၊ တန်းစီပြီး ထိုင်ခိုင်းတာမျိုး၊ တရားခံစစ် မေးခွန်းထုတ်တာမျိုးတွေ အတော်များ များ ကြုံခဲ့ဖူးကြပါတယ်။ တကယ်တော့ ဒါဟာ လူ့အခွင့်အရေး ချိုးဖေါက်မှု ဖြစ်ပါတယ်။ ပြစ်မှု တစုံ တရာ မကျူးလွန်ပါဘဲနဲ့ ဧည့်စာရင်းစစ်တဲ့အခါ ပြည်သူတွေကို တရားခံလိုဆက်ဆံကြတာဟာ အတော်ခံပြင်းစရာ လုပ်ရပ်ဖြစ်ပါတယ်။ ဧည့်စာရင်း စစ်တဲ့ အကြိမ်တိုင်းမှာ ပြည်သူတဦးရဲ့ လူ့ဂုဏ်သိက္ခာ နင်းချေခံတယ်လို့ ခံစားရပါတယ်။ ရာဇ၀တ်မှုမကင်းတဲ့သူတွေ၊ လူဆိုးတွေကို ထိန်းချုပ်ရမယ့် အလုပ်က ရဲအဖွဲ့ရဲ့ တာဝန်ဖြစ်ပါတယ်။ ဧည့်စာရင်း ဥပဒေမပေါ်ခင် ဖဆပလခေတ်တုံးက ရာဇ၀တ်မှုတွေကို ရဲအဖွဲ့က ဘယ်လိုကိုင်တွယ်ခဲ့သလဲ။ ရာဇ၀င်လူဆိုးတွေကို ဘယ်လိုမှတ်တမ်းတင် ထိန်းချုပ်ခဲ့သလဲ။ ပြန်ပြောင်းလေ့လာသင့်ပါတယ်။ ရဲတပ်ဖွဲ့ကို ခေတ်မှီ နည်းပညာများ ဖြည့်ဆည်းပေးခြင်းဖြင့် ရာဇ၀တ်မှုခင်းများကို ထိန်း ချုပ်သင့်ပါတယ်။
ဧည့်စာရင်းဥပဒေရဲ့ အဓိကပစ်မှတ်ကတော့ အတိုက်အခံ နိုင်ငံရေးသမားတွေပဲ ဖြစ်ပါတယ်။ အာဏာရှင်တွေက ရာသက်ပန် အာဏာရယူထားလိုတဲ့အတွက် အာဏာရှင် ဗိုလ်နေ၀င်းခေတ်မှာစတင်ခဲ့တဲ့ အာဏာရှင်လက်စွဲ ဥပဒေ ဖြစ်တာကြောင့် ဒီကနေ့ ပြည်သူကိုယ်စားပြုလွှတ်တော်နဲ့ အစိုးရခေတ်မှာ ဒီဧည့်စာရင်းဥပဒေ ဖျက်သိမ်းခြင်းကို ကြိုဆိုရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတခုအဖြစ် တည်ဆောက်ရာမှာ နိုင်ငံသားတယောက်ရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာ နေထိုင်သွားလာခွင့်ကို ပြည်ထောင်စု လွှတ်တော်က ဆင်ခြင်သုံးသပ်ဆွေးနွေးပြီး ပြန်လည်ခွင့်ပြုပေးခဲ့ခြင်း ဖြစ်တယ်လို့မြင်ပါတယ်။ လွတ်လပ်ခွင့်ကို အလွဲသုံးမယ့် လူဆိုးသူဆိုးတွေကို ဘယ်လိုကန့်သတ်ထိန်းချုပ်မလဲဆိုတာက နောက်ထပ် အစိုးရရယ်၊ လွှတ်တော်ရယ်၊ ပြည်သူရယ် ထပ်မံစဉ်းစားဆုံးဖြတ်ရမယ့် ကိစ္စတခု ဖြစ်ပါတယ်။
လတ်တလော အခြေအနေမှာတော့ ဧည့်စာရင်းတိုင်ကြားခြင်းဆိုင်ရာ ဥပဒေကို အမျိုးသားလွှတ်တော်မှာ ဇွန်လ ၃ ရက်နေ့ က မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ ဒီ ဥပဒေဖျက်သိမ်းဖို့ အမျိုးသားလွှတ်တော်မှာ တင်ပြခဲ့စဉ် တပ်မတော်သား ကိုယ်စားလှယ်တွေ က ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် မဲခွဲဆုံးဖြတ်တဲ့ အခြေအနေ အထိရောက်ခဲ့ရကြောင်း မီဒီယာသတင်း တွေအရ သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ် အများစုက ပယ်ဖျက်ဖို့ ဆန္ဒပြုတာကြောင့် ဧည့်စာရင်းဥပဒေကို အမျိုး သားလွှတ်တော်မှာ ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၁၃ (ဆ) မှာ ညအိပ်ညနေတည်းခိုတဲ့သူတွေ ဧည့်စာရင်းတိုင်ဖို့ လိုပါ တယ်။ သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက ဧည့်စာရင်းတိုင်ကြားတာကို လက်ခံရပါတယ်။ ဧည့်စာရင်းစစ်ဖို့နဲ့ တိုင်ကြားမှု ပျက်ကွက်တာ တွေ့ရှိခဲ့ရင် အရေးယူဖို့ ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၁၇ မှာတော့ ဧည့်သည်တွေ ဧည့်စာရင်းတိုင်ဖို့နဲ့ ပုဒ်မ ၂၇ အရ ဧည့်စာရင်းတိုင်ဖို့ ပျက်ကွက်ရင် ထောင်ဒဏ် ၇ ရက် ဒါမှမဟုတ် ငွေဒဏ် ၅ဝဝဝ ကျပ်ပေးရမယ်လို့ပြဋ္ဌာန်းခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ အတည်ပြုခဲ့ပါတယ်။ အဆိုပါ ပုဒ်မ ၃ ခုကိုပယ်ဖျက်ဖို့ အမျိုးသားလွှတ်တော်မှာ မဲခွဲခဲ့တာဖြစ်ပါတယ်။ မဲပေးခွင့်ရှိသူ ၂၁၁ ဦးအနက် ထောက်ခံမဲ ၁၃၈ မဲ၊ ကန့်ကွက်မဲ ၆၈ မဲနဲ့၊ ကြားနေ ၂ မဲဖြစ်ပါတယ်။ ထောက်ခံသူအရေအတွက်က အများစု ဖြစ်လို့ ပယ်ဖျက်ဖို့ အတည်ပြုလိုက်တာဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်က အခုလို ဧည့်စာရင်းပယ်ဖျက်လိုက်တဲ့အပေါ် ကောင်းတယ်လို့မြင်သူတွေ ရှိသလို မကောင်းဘူးလို့ မြင်သူတွေလည်း ရှိပါတယ်။ ဧည့်စာရင်းတိုင်တဲ့ စနစ် ဖျက်သိမ်းဖို့ အချိန်စောပါသေးတယ်လို့ ဆိုသူတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဧည့်စာရင်း ဥပဒေအရ ဧည့်စာရင်းတိုင်ရတဲ့စနစ်ကို အာဏာရှင် ဦးနေ၀င်းခေတ် သို့မဟုတ် မဆလ တပါတီ အာဏာရှင်ခေတ်ကတည်းက ကျင့်သုံးလာခဲ့တာ ဖြစ်ပါတယ်။ ဧည့်စာရင်းတိုင်ဖို့ ပျက်ကွက်တာ စစ်ဆေးတွေ့ရှိခဲ့ရင် ထောင် ဒဏ် သို့မဟုတ် ငွေဒဏ်ချမှတ်ခံရပါတယ်။ ဒါကြောင့် မြန်မာပြည်သူလူထုက ဧည့်စာရင်းဥပဒေကို ဖိနှိပ်ချုပ်ချယ်တဲ့ အာဏာ ရှင် လက်စွဲ စနစ်တခု အဖြစ်မြင်ကြပါတယ်။ အထူးသဖြင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ဒီမိုကရေစီရေး တောင်းဆိုကြတဲ့ ကျောင်းသားတွေ လယ်သမားတွေ အလုပ်သမားတွေကို ပစ်မှတ်ထားပြီး ဧည့်စာရင်း မတိုင်မှု နဲ့ အရေးယူ ဖိနှိပ်ခဲ့ပါတယ်။ မဆလခေတ်ကစပြီး စစ်အစိုးရအဆက်ဆက်ခေတ်မှာ ရပ်ရွာ အုပ်ချုပ်ရေးမှူးတွေကို အလိုတော်ရိ လက်ကိုင်ဒုတ်တွေကိုသာ ခန့်ထားတာ များပါတယ်။ တနည်းအားဖြင့် စစ်အာဏာရှင်စနစ်နဲ့စစ်အုပ်ချုပ်ရေး ဆန့်ကျင်သူတွေကို အဲဒီ လက်ကိုင်ဒုတ် အုပ်ချုပ်ရေးမှူးဆိုသူတွေက ရှာဖွေဖေါ်ထုတ် သတင်းပေးရပါတယ်။ အထူးသဖြင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများရဲ့ အိမ်တွေကို စောင့်ကြည့်သတင်းပေးရတာဖြစ်ပါတယ်။ ဒါကြောင့် လက်ကိုင်ဒုတ် အုပ်ချုပ်ရေးမှူးဆိုသူတွေရဲ့ လက်အောက် မှာလည်း အလုပ်လက်မဲ့ ပညာမတတ် ခိုင်းသမျှလုပ်တဲ့သူတွေက ဆယ်အိမ်မှူး ရာအိမ်မှူးဆိုသူတွေ ဖြစ်လာပါတယ်။ ဒါ ကြောင့် ပြည်သူလူထုဟာ စစ်အာဏာရှင်တို့ရဲ့ နောက်လိုက် အလိုတော်ရိတွေနဲ့ မသင့်မြတ်ရင်၊ သူတို့အတွက် ရံပုံငွေ ကောက်ခံတဲ့အခါ မထည့်ဝင်ရင်၊ ဧည့်စာရင်းစစ် ဒုက္ခပေးတာ ခံကြရပါတယ်။ ဒါကြောင့် ဧည့်စာရင်းဥပဒေဟာ အာဏာ ရှင်စနစ် ခိုင်မြဲရေးရဲ့ လက်နက်ဖြစ်ခဲ့တာကြောင့် အခုလိုဖျက်သိမ်းဖို့ ဆုံးဖြတ်ခြင်းဟာ လျော်ကန်သင့်မြတ်တယ်လို့ ယူဆပါ တယ်။
ဆက်စပ်ပတ်သက်မှုအရပြောရရင် နိုင်ငံရေးအကျဉ်းသား မိသားစုမှန်သမျှ ဧည့်စာရင်းစစ်ဆေးမှု မခံရသူ မရှိပါဘူး။ နိုင်ငံ ရေးအရ စောင့်ကြည့်ခံရသူတို့ကို ၀န်းရံတယ် ထောက်ခံတယ်လို့ ထင်ရင်လည်း ထင်မြင်ခံရတဲ့ အိမ်တွေကို ပစ်မှတ်ထားပြီး ဧည့်စာရင်း စစ်ပြန်ပါတယ်။ ခြိမ်းခြောက် ဖိနှိပ်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် ဧည့်စာရင်း ဆိုးဆိုးရွားရွားအစစ်ခံရသူတွေဟာ ယခင်က နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေဖြစ်ပါတယ်။
နောက်တခုကတော့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် ပေါ်ပေါက်လာရေးဖြစ်ပါတယ်။ နိုင်ငံရေးကိစ္စကြောင့် ဖမ်း ဆီး ထိန်းသိမ်းအကျဉ်းချခံရသူတွေကို နိုင်ငံရေးအကျဉ်းသားများအဖြစ် အစိုးရက အသိအမှတ်ပြုပြီး တာဝန်ယူရေး ဖြစ်ပါ တယ်။ ၂၀၁၆ ဇွန်လ ၂ ရက်နေ့က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ယခုအစိုးရသစ်လက်ထက်မှာ နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရများနဲ့ပတ်သတ်ပြီး အဓိပ္ပါယ်ဖွင့်ဆိုရန် ရှိ/မရှိ ဆိုတဲ့မေးခွန်းကို ပြည်သူ့လွှတ်တော်ဥက္ကဌမှတဆင့် မေးမြန်း ခဲ့ပါ တယ်။ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကျဉ်းသားအားလုံး တန်းတူ အခွင့်အရေး ရရှိမှာ ဖြစ်လို့ နိုင်ငံရေးအရ ဖမ်းဆီးထားသူတွေကို သီးခြားအထူးအခွင့်အရေး မပေးနိုင်ကြောင်း ပြောကြားခဲ့တာ ကြားရပါတယ်။ အဲဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ နိုင်ငံရေးနဲ့ ဆက်စပ်ပတ်သက်တဲ့ အသိုင်းအ၀ိုင်းက ဝေဖန်ကန့်ကွက်ခဲ့တဲ့ အသံတွေ ပေါ်ထွက်လာခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် ပေါ်ပေါက်လာဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများကို အသိအမှတ်ပြုရေးကိစ္စများ ဟာ ပြည်သူက တင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရက အမြန်ဆုံးလုပ်ဆောင်ရမယ့် ကိစ္စဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့က မေတ္တာရပ်ခံ တိုက်တွန်းခဲ့ တဲ့ သတင်းကိုလည်း သတိပြုမိပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနဟာ အရင်အစိုးရလက်ထက်ကလည်း နိုင်ငံရေး အကျဉ်းသားများနဲ့ပတ်သက်လို့ ယခု ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုး ဖြေဆိုခဲ့တဲ့ သဘောထားအတိုင်း ထပ်တူဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိသမ္မတ ဦးထင်ကျော်အစိုးရရဲ့ မူဝါဒများနဲ့ မတူတဲ့ အရင်မူဝါဒဟောင်းတွေကို အဓိကကိုင်စွဲ ပြောနေတာ ပေါ်လွင်ပါတယ်။
‘‘အလားတူမေးခွန်းအား ပြီးခဲ့သည့် ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေ၀င်းမြင့်မှ မေးမြန်းခဲ့ဖူးပြီး သက်ဆိုင်ရာဝန်ကြီးဌာနဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းမှ ဖြေကြားရာ၊ နိုင်ငံရေးအကျဉ်းသားအဖြစ် ခွဲခြားသတ်မှတ်၍ အခွင့်အရေး ပေးပါက အကျဉ်းထောင်အတွင်း အခွင့်ထူးခံ အကျဉ်းသားများပေါ်ပေါက်လာမည် ဖြစ်သောကြောင့် နိုင်ငံရေးအကျဉ်းသား စကားရပ်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုရန် အစီအစဉ်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်ကို စကိုင်းနက် လွှတ်တော်ချန်နယ် ရုပ်သံလိုင်းမှ မြင်တွေ့ကြားသိခဲ့ရပါသည်။’’ လို့ AAPP က “နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ မေတ္တာရပ်ခံချက်” မှာ ထည့်သွင်း ဖေါ်ပြခဲ့ပါတယ်။
ဒီ့ အပြင် AAPP က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး မှ ဧပြီလ ၇ ရက်၊ ၂၀၁၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ထုတ်ပြန် ကြေငြာချက် အပိုဒ် (၁) တွင် အတိအလင်း ပြောဆိုထားသည်မှာ “ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှား သူများ၊ နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေကြရသော ကျောင်းသား၊ကျောင်းသူများ လွတ်မြောက်ရေးသည် ပြည်သူ လူထုက ရွေးကောက်တင်မြှောက်လိုက်သော ပြည်သူ့အစိုးရ၏ ဦးစားပေးလုပ်ငန်း တခုဖြစ်ပါသည်” လို့ ဆိုထားကြောင်း ထောက်ပြတာလည်း တွေ့ရတယ်။
တကယ်တော့ ဗိုလ်နေ၀င်းခေတ် မတိုင်မီ၊ ကိုလိုနီခေတ်နဲ့ ဖဆပလခေတ်တွေတုံးက အကျဉ်းထောင်တွေမှာ အေအဆင့် အကျဉ်းသား (A Class)၊ ဘီအဆင့်အကျဉ်းသား (B Class) ၊ စီအဆင့်အကျဉ်းသား (C Class) ဆိုပြီး၊ အတန်းအစားခွဲခြား သတ်မှတ်မှု ရှိခဲ့ပါတယ်။ အဲဒီခေတ်က နိုင်ငံရေးအကျဉ်းသားတွေဟာ စာရေးခွင့် စာဖတ်ခွင့် ရရှိရုံမက ထောင်တွင်းမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အခမ်းအနားတွေတောင် လုပ်ခွင့်ရရှိခဲ့ပြီး၊ လွတ်လွတ်လပ်လပ် ပြောဆို ဆွေးနွေးခွင့်တွေလည်း ရရှိကြောင်း ဖဆပလခေတ် သခင်နိုင်ငံရေးသမာကြီးများက ပြောပြခဲ့ဖူးတာ မှတ်မိပါတယ်။ ဗန်းမော်တင်အောင်၊ သခင်မြ သန်း၊ မြသန်းတင့်၊ မောင်နေ၀င်း၊ လူထုဦးလှ၊ အစရှိတဲ့ နိုင်ငံရေးသမား စာရေးဆရာကြီးတွေရဲ့ ထင်ရှားတဲ့ စာအုပ် အချို့ ဟာ အကျဉ်းထောင်ထဲမှာ ရေးခွင့်ရခဲ့ကြတာဖြစ်ကြောင်း မှတ်တမ်းမှတ်ရာတွေရှိပါတယ်။ ဒီအချက်က နိုင်ငံရေးအကျဉ်း သားတွေရဲ့ အရည်အချင်းနဲ့ စိတ်စေတနာများဟာ ရာဇ၀တ်အကျဉ်းသားများနဲ့ခြားနားတာ ပြသနေပါတယ်။
နိုင်ငံရေး အကျဉ်းသားဟောင်းတွေအနေနဲ့ အဓိကအားဖြင့် ပြောလိုတာက ပြည်ထဲရေးဝန်ကြီးဌာနရဲ့ မူဝါဒကို ပြောင်းလဲ စေလိုခြင်း ဖြစ်ပါတယ်။ လက်ရှိ အစိုးရရဲ့ ရွေးကောက်ပွဲ ဆောင်ပုဒ်ဖြစ်တဲ့ “ပြောင်းလဲချိန်တန်ပြီ” ဆိုတဲ့ စကားနဲ့ ဆီလျော် ညီညွတ်တဲ့ မူဝါဒဖြစ်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ မူဝါဒလည်း ပြောင်းလဲသင့်ပြီ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်း သား ဟောင်းအဖွဲ့ (FPPS) က အကြံပြု တိုက်တွန်းထားပုံရပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိနေတဲ့အချက်ကိုလည်း သတိပြုမိပါတယ်။ အမှန်ဖြစ်သင့်တာက ပြည်ထဲရေးဝန်ကြီးဟာ သမ္မတ ဦးထင်ကျော်ကို တာဝန်ခံရမှာ ဖြစ်တယ်။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ဒီမိုကရေစီနည်း မကျမှုကြောင့် နိုင်ငံအုပ်ချုပ်ရေး ကဏ္ဍတွေမှာ တပ်မတော်က စစ်ရေးအမြင်တွေနဲ့ ပါဝင်လုပ်ကိုင်နေတာ တွေ့နေရတယ်။ အရပ်ဖက်ဆိုင်ရာ အုပ်ချုပ်ရေး ကိစ္စမှာ စစ်ဖက် အရာရှိတွေက စစ်ရေးအမြင်နဲ့ ၀င်ရောက်ဆောင်ရွက်နေတာကိုက ဆီလျော်မှုမရှိ ဖြစ်နေတယ်။ ဒါကြောင့် အခု နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်တဲ့ အမြင်မှာလည်း စစ်အရာရှိတွေက အရပ်သား နိုင်ငံရေးသမားတွေကို မိတ်ဖက် အဖြစ် မကြည့်ဘဲ ရန်သူလို့ မြင်နေတယ်။ အဲဒီလို တရားသေအမြင် အစွဲတွေကြောင့် ယခု ကိစ္စကို ညှိနှိုင်းလို့ အဆင်မပြေ ဖြစ်နေပုံရပါတယ်။
တကယ်တော့ နိုင်ငံရေးအရ အကျဉ်းချခံထားရသူ အမျိုးသား အမျိုးသမီးတွေဟာ မြန်မာနိုင်ငံမှာ အပြုသဘော ဆောင်တဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်လာအောင် ကူညီနေကြသူတွေဖြစ်ပါတယ်။ နိုင်ငံကောင်းကျိုး သယ်ပိုးလိုတဲ့ ရည်ရွယ်ချက် ချင်း တူတယ်ဆိုရင် ရန်သူတွေလို့ မမြင်သင့်ဘူး ထင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားဟာ ရာဇ၀တ်အကျဉ်းသား နဲ့ ခြား နားပါတယ်။ ဒါကြောင့် နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ရှိသင့် ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေရှိနေတာကိုလည်း အသိအမှတ်ပြုပြီး၊ အမြန် လွှတ်ပေးရေးအတွက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ (FPPS) တို့ရဲ့ အကြံပြု မေတ္တာရပ်ခံချက်ကို အစိုးရအနေနဲ့ အလေးအနက် စဉ်းစားဆောင်ရွက်သင့်ကြောင်း တိုက်တွန်းအပ်ပါ တယ်။
(ဒီလှိုင်းစာစောင် ၂၀၁၆ ဇွန်လ ၁၃ ရက်၊ တနင်္လာနေ့မှာ ဖေါ်ပြခဲ့တဲ့ ဆောင်းပါး။)