၁၉၈၀ ရှုမ၀မဂ္ဂဇင်းအဖုံး |
ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ
ကျနော်တွေးမိသလို ရေးပါမည် (၅၁)
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၁၅
၁၉၅၃ ခု၊ ရန်ကုန်တက္ကသိုလ် ရောက်လာပြီး စာပေ၀ါသနာ ပါသူများကြား နောက်ပိုင်းရောက်လာသူက မောင်ဆွေတင့်၊ ခေါ်လာသူက ကိုထွန်းမြင့် ( တက္ကသိုလ်မင်းမော်)။ သူက ဦးကျော်ရဲ့ သားအကြီးဆုံး၊ ရှုမ၀ ငယ်မွေးခြံပေါက်မို့ စက္ကူပုံပေါ် အိပ်လာသူလို့ နောက်လေ့ရှိတယ်။ မင်းမော်က ကဗျာဆရာ၊ ကျနော်က ၀တ္ထုတိုသမား၊ မောင်ဆွေက အဲဒီ ၂ မျိုးသာမက ပန်းချီဆွဲ၊ အယ်ဒီတာလုပ်။သီချင်းဆို၊ရုပ်ရှင်ဒါရိုက်တာလည်း ဖြစ်လိုက်သေးသူပါ။
၁၉၆၂ ခု၊ ဇွန်လ ရှုမ၀ မောင်အောင်မွန်ရဲ့ ပြန်လည်ဆုံဆည်းရာ ပါလာစဉ်က အယ်ဒီတာချုပ်က ဦးကျော်၊ တင့်တယ်က အတိုင်ပင်ခံ၊ ရှုမ၀မှာ ၀တ္ထုတပုဒ်ပါရင် သေပျော်ပါပြီလို့ ပြောစမှတ်ပြုလောက်အောင် လျှမ်းလျှမ်းတောက် မဂ္ဂဇင်းကြီးပါ။ နောက်လ ရူးတုန်းမိုက်တုန်း သည်အရွယ်၊ ၄၃ ပုဒ်အထိရေးဖြစ်တယ်။ ပထမဆုံး ၀တ္ထုရှည် ရူးတယ်လို့ဆိုချင်ဆို ကိုဖတ်ပြီး မောင်ဆွေတင့်က ကြည်အေးရဲ့သြဇာတွေ ပါနေတယ်လို့ပြောရာ၊ ကျနော် ၀မ်းသာလိုက်တာကွာ၊ မကူးမခိုးဘဲ ပါတယ်ဆိုလို့။
ဝင်းဦးက စန္ဒာမဂ္ဂဇင်းထုတ်တော့ ဆရာတင့်တယ်ပါသွား၊ ဦးကျော် ရုပ်ရှင်ဘက်ကူး၊ သန်းဆွေထွက် စတဲ့အပြောင်းအလဲများကြောင့် သူနဲ့ခရေကောက် ကဗျာစာအုပ် တွဲရေးသူ မောင်မြင့်မြတ် ရောက်လာကာ မောင်ဆွေတင့် အယ်ဒီတာချုပ် လုပ်တဲ့နှစ်များကို မောင်ဆွေတင့်ရဲ့ ရှုမ၀ခေတ်လို့ ခေါ်ကြတယ်။ ကျနော့် "လမ်းထိပ်ကဘိုလင်မယား" (၀တ္ထု) ဟာရှုမ၀ရဲ့ ပထမဆုံးအပယ်ခံ၊ ရှုမ၀ကလွဲပြီး ဘယ်မှာမှ မရေးတဲ့မောင်အောင်မွန် ဘယ်မှာမဆိုရေးကာ ရှုမ၀မှာမရေးတော့ဘူး။
၁၉၆၄ ခု၊ ရှုမ၀ ကထုတ်တဲ့ မောင်အောင်မွန်၏ ပင်ကိုယ်ရေး ၀တ္ထုတို (၂၂) ပုဒ် စာအုပ်မှာ မောင်ဆွေတင့်က အမှာစာရေးပေးတယ်။ စာရေးဆရာနဲ့ အယ်ဒီတာကြား မပြေလည်တာ ဖြစ်နေကျ၊ လူတွေကြားမှာ ပြဿနာရှိစမြဲပါ။ အဲဒီတော့ မောင်ဆွေတင့်နဲ့ မောင်အောင်မွန် အဖို့အထူးအဆန်းမဟုတ်။ အသက် ၂၀ မပြည့်သေးတဲ့ စာပေရူးတက္ကသိုလ်ကျောင်းဘ၀ကတည်းက ရှိခဲ့တဲ့ ခင်မင်မှုသံယောဇဉ်၊ အသက် ၇၀ ကျော် ၈၀ နီးပါးအထိ ကျနော်က သူ့ကိုမောင်ဆွေ၊ သူက ကျနော့ကို အကို၊ ဘာမှမပြောင်းလဲ၊ ဦးကျော် အသုဘမှာ ကျနော်သူ့ကို ထီးမိုးပေးခဲ့တယ်၊ ခုကွယ်လွန်ချိန် ကျနော် မမြင်ရ၊ မပို့ရ၊ သိသာသိလိုက်ရလို့ ၀မ်းနည်းစိတ်ကို ခုလိုစာတိုလေးရေးရင်း ဘာသာနှစ်သိမ့်လိုက်ရကြောင်းပါ။
၂၀၁၅ ခု၊ ဇူလိုင်လ ၂၁ ရက်နေ့