ဟစ်တလာဆွဲခဲ့တဲ့ပန်းချီကား |
ဖိုးထက် - သီချင်းတစ်ပုဒ် နဲ့ သတင်းတစ်ပုဒ်
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၅
“မေတ္တာ အကျိုးမှာ ဖွင့်ကာပြရင် တန်ခိုးအာနိသင်
ဗြဟ္မဘုံလားရာ တရားပါဘဲထင်
မှတ်ပါစေကြောင်းပင်….
မေတ္တာ အကျိုးမှာ ဖွင့်ကာပြရင် တန်ခိုးအာနိသင်
ဗြဟ္မဘုံလားရာ တရားပါဘဲထင်
မှတ်ပါစေကြောင်းပင်….
ကြည်ကြည် လင်လင်
ရွှေမေတ္တာစွဲကြ ကိုယ့်မှာ အစဉ်”
အေ၀မ်းဆရာညှာ ရေးသည့် “မေတ္တာဂုဏ်” သီချင်းလေးက ကျွန်တော်တို့လို ရာစုနှစ်နှစ်ခုကြား ဗျာများခဲ့ရသူ မျိုးဆက်တွေ၏ ပါးစပ်ဖျားမှာ အလွန်စွဲခဲ့သော သီချင်း တစ်ပုဒ်ဖြစ်သည်။ ကိုအံ့ကြီးဆိုတာလား၊ ဦးဝင်းဦး ဆိုတာလား၊ ဒေါ်ချိုပြုံးဆိုသလား ဘယ်သူတွေ ဆိုမှန်း မသိပေမယ့် အဆိုတော်တွေ အစုံ ပြန်ဆို၊ ပြန်တီးကြသော သီချင်းလေး တစ်ပုဒ်ဖြစ်မည်။
ရင်ဘတ်က နာ၊ ဗိုက်ကနာ စသည့် ကိုယ်ကာယ ဒုက္ခကြီး အလွန်များလာလျှင် အလွန်အကုသိုလ်ကြီးသည့် ကျွန်တော်က စိတ်ကို တည်တည်ငြိမ်ငြိမ်ထား၊ ၀င်သက် ထွက်သက်မှတ်ကာ အိပ်ချိန် ရှစ်နာရီလောက် ပြည့်ပြည့်၀၀အိပ်နိုင်အောင် အမြဲကြိုးစားမိသည်။ လှိုင်းလေထန်သည့် ကိုယ်ခန္ဓာ နှင့် ၀ဲကန်တော့ ထိုးနေသည့် စိတ်ဒုက္ခတွေ၊ ဒေါမနဿတွေမှ တစ်ရက်လေးဘဲ ဖြစ်ဖြစ်၊ နာရီပိုင်းလေးဖြစ်ဖြစ် ပြေးထွက်ဖို့ ကြိုးစားခြင်းသာ။ ထိုသို့ အိပ်ပျော်သွားပြီး ပြန်နိုးပြီဆိုလျှင် လူက အားအပြည့်။ စိတ်က ကြည်ကြည်လင်လင်။ ငှက်သံ၊ လူသံ၊ ကားသံ၊ လမ်းဖြတ်လျှောက်သွားသံ၊ အဝေးဆီမှ အော်ခေါ်သံ များကို နားစွန့်ရင်း အထက်ပါ သီချင်းလေးက ခေါင်းထဲသို့ အလိုလို ရောက်လာသည်။ “ကြည်ကြည် လင်လင် ရွှေမေတ္တာပို့ကြ ထာဝစဉ်” ဆိုသည့် သီချင်းစာသားကို အမြီး အမောက် မတည့်၊ ဆိုးဆိုးရွားရွား စာသားတွေ မမှန်တာ သိသော်လည်း စိတ်ထဲမှ ခပ်တိုးတိုးရွတ်ကာ လောကတစ်ခွင်လုံး မေတ္တာပို့နေမိသည်။
ခွေးမြီးကောက် ကျည်တောက်စွပ်၊ စိတ်အကျင့်သည် ပြင်ဖို့ ခက်သည်ဆိုသည့် စကားတွေအရ စိတ်အထားအသို အလွန်မတတ်သည့် ကျွန်တော့်အတွက် အိပ်ရာနိုးကာစမှာ မေတ္တာပို့ပြီး စိတ်ကြည်ကြည်လင်လင်လေး ရှိနေတာက တကယ့် ငါးမိနစ်၊ ဆယ်မိနစ်ပေါ့။ ဒါတောင် အလွန်ဆုံးရှိလှမှ။ ထုံးစံအတိုင်း တယ်လီဖုန်းလှမ်းစွဲ အင်တာနက် သတင်းစာမျက်နှာများမှ မြန်မာ့ နိုင်ငံရေး သတင်းများကို ဖတ်မိလိုက်လျှင် စောစောက မေတ္တာပန်းများသည် ရေနွေးလောင်း၊ မီးအကင်ခံရသည့် ပန်းတွေလို ညှိုးခြောက်သွေ့သည်။ ဆီမီးခွက်ကို လေကြမ်းကြမ်း အတိုက်ခံလိုက်ရသလို ၀ုတ်ခနဲ့ ငြိမ်းသည်။
ဒေါသထွက်လာသည်။ အားမလို အားမရ ဖြစ်လာသည်။ ရီချင်လာသည်။ မခံချင်စိတ် ဖြစ်လာသည်။ အားရ ကျေနပ်စိတ်များလဲ ဖြစ်လာသည်။ ၀မ်းနည်းလာသည်။ အနည်ထိုင်နေသည့် ရေအိုး အောက်ခြေကို ထိုးမွှေလိုက်သလို စိတ်အနည် အနှစ်များက တားမရ၊ ဆီးမရ ထလာသည်။
ဒီနေ့မနက်ခင်းမှာလဲ သတင်းတွေ ဖတ်ရင်း ဦးအောင်သောင်း ဆုံးပြီဆိုသည့် သတင်းကို ဖတ်မိလိုက်သည်။ စိတ်ထဲက “ရွေ့..နိပ်ဟ..ငါတို့ အဖွားကြီးကို အမြဲ ဒုက္ခပေး၊ သေစေချင်တဲ ဘဲကြီး ကောင်းတယ်..မြန်မြန်ကြွ မြန်မြန်ဂျောင်း” လို့ စိတ်က တွေးမိပြီးမှ “ဟာ မနက်စောစောစီးစီး ခုနကဘဲ ရွှေမေတ္တာပို့ကြတွေ ဘာတွေ သီချင်း ဆိုနေပြီးမှ…သူများ သေတာ ၀မ်းမသာကောင်းပါဘူးလေ” ဆိုပြီး စိတ်ကို အမြန် ဘရိတ်အုပ်သော်လည်း မမှီတော့။ အားရတယ်၊ ကျေနပ်တယ်၊ ပီတိဖြစ်တယ်၊ ၀မ်းသာတယ် ဆိုသည့် ကိုပန်းသီးတို့ ပျက်လုံးကို သတိရပြီး မျက်နှာက ပြုံးယောင် သမ်းသွားဟန်ရှိသည်။ ပါးစပ် ပြဲသွားတာ သတိထားမိလိုက်သည်။
ဟစ်တလာကြီး ကိုယ့်ကိုယ် ကိုယ် သေနတ်နဲ့ ပစ်သတ်သွားပြီဆိုသည့် သတင်းကို မဟာမိတ်တပ်တွေက အတည်ပြုပေးပြီး သတင်းစာတိုက်တွေကို သတင်း ထုတ်ပြန်ပေးတော့ ကမ္ဘာပေါ်ရှိ လူဦးရေ ဘယ်လောက် များများ ကျွန်တော့်လို ပြုံးမိကြသလဲ သိချင်သည်။ ရေ၀တီတွေဘဲ ပြုံးသလား။ ပြင်သစ်လူမျိုးတွေဘဲ ပြုံးသလား။ ဒါမှ မဟုတ် ဖက်ဆစ် စနစ်ကို အသဲခိုက် စွဲလမ်းနှစ်သက်နေသည့် လူတွေအတွက် အားငယ်စရာကြီးများ ဖြစ်ခဲ့လေသလား။
ဆဒမ်ဟူစိန်ကို ကြိုးပေးလိုက်ပြီဆိုသည့် သတင်းကို ကြားရတော့ အီရတ်က ရှီရတ်မွတ်ဆလင်တွေနဲ့ ဆွန်နီ မွတ်ဆလင် နှစ်အုပ်စုလုံးက ပြုံးခဲ့ကြလေသလား ကျွန်တော် သိချင်သည်။ သူ့ကို ဘုရားလို ကိုးကွယ်ခဲ့ကြသော အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေးသွားသည့် သူ့နောက်လိုက်တွေအတွက် တောက် ခေါက်စရာများ ဖြစ်ခဲ့လေသလား။
တောင်တွေး မြောက်တွေးဖြင့် အချိန်ကို ကြည့်လိုက်တော့ အလုပ်သွားဖို့ ပြင်ရန် အချိန်ကြပြီ။ ရေချိုး၊ သွားတိုက်၊ အ၀တ်အစားလဲကာ အလုပ်ကို ထွက်လာတော့ ကားတစ်စီးက လူလာနေမှန်း သိပါရဲ့နဲ့ ဇွတ်ဖြတ်မောင်းသွားသည်။ ရှေ့ကနေ ပိတ်ပြီး တယ်လီဖုန်းမှာ SMS ပို့ရင်း လမ်းလျှောက်နေသည့် တစ်ယောက်ကို အခဲမကြေစောင်းကြည့်ရင်း ဖြတ်တက်ခဲ့သည်။ တုန်တုန်ချိချိ လမ်းလျှောက်နေသည့် အသက်ခပ်ကြီးကြီး အဘိုးကြီးကို ပုခုံးခြင်း တိုက်မိတော့မလို ဖြတ်ကျော်တက်သွားသည့် တစ်ယောက်ကို မကျေမချမ်း လှမ်းကြည့်မိသည်။ ရထားစောင့်ရင်း နောက်မှ ဖြတ်ကျော်တက်လာသည့် တစ်ယောက်ကို အနိုင်ရဖို့ ခြေတစ်လှမ်းဦးရန် စိတ်ကို တင်းထားလိုက်သည်။
ရထားပေါ်မှာ ထိုင်ခုံရလို့ ထိုင်ကာ မျက်လုံး မှိတ်လိုက်တော့ “ဟာ..ဘယ်မှာလဲ ခုနက မေတ္တာပို့တာတွေ၊ ကြည်လင်နေတဲ့ စိတ်တွေ” လို့ တွေးမိပြီး ပြုံးမိပြန်သည်။
တကယ်မလွယ်တဲ့ ကိစ္စ။ လောကအလုံးစုံက သတ္တ၀ါ အလုံးစုံကို မေတ္တာထားတော် မူနိုင်သည့် ဘုရားရှင်တွေကို ကျွန်တော် အံ့သြလို့ မဆုံး။ ကိုယ့်အသက်ကို ရန်ရှာသည့် ဒေ၀ဒတ်ကို မေတ္တာတစ်ချက် မပျက်ခဲ့သည့် ဂေါတမ ဗုဒ္ဓ။ လောကအလုံးစုံက လူတွေ၊ သတ္တ၀ါတွေ ကျန်းမာ ချမ်းသာကြပါစေ၊ ငါ့အပေါ် ကောင်းသူတွေ၊ မကောင်းသူတွေ၊ ငါ့ကို ချစ်သူတွေ၊ မုန်းသူတွေ၊ စိတ်ပျက်သူတွေ၊ ကျေနပ်သူတွေ အကုန်လုံး ကျန်းမာ ချမ်းသာကြပါစေဆိုသည့် စိတ်ကလေး ငါးမိနစ်လောက် ထားနိုင်တာနှင့် ဘုရားဖြစ်မည့် အုတ်နီခဲကြီးလို ဖြစ်နေသည့် ကျွန်တော့်ကိုယ် ကျွန်တော် ရှက်လို့ မဆုံး။ နာရီပိုင်းတောင် ကြာတာ မဟုတ်။
ကျွန်တော့် မနက်ခင်း ထိုငါးမိနစ်လောက်ကို ထပ်ချဲ့ကြည့်ဖို့ ကြိုးစားကြည့်ချင်သေးသည်။ နေ့တစ်နေ့၏ အစ အချိန်ကို မေတ္တာဓာတ်များဖြင့် ဆွဲဆန့်ကြည့်ဖို့ ကြိုးစားကြည့်ချင်သေးသည်။ ပြီးတော့ နေ့တစ်နေ့၏ အဆုံးမှာ စိတ်ကို ကြည်ကြည်လင်လင်ဖြင့် မေတ္တာစိတ်ဖြစ်နေစေဖို့ ကြတော့ ကိုယ့်အဆင့် ကိုယ်သာ သိသည်။ မမှီတဲ့ ပန်းကို မလှမ်းရာ။ မြင့်မိုရ်တောင်ကို ဆီးစေ့ဖြင့် မပေါက်ရာ။
သို့သော်လည်းဘဲ ကျွန်တော့် ဘ၀အဆုံးသတ်ပြီ၊ အသက်ထွက်ပြီ၊ သေပြီ၊ ဂန့်ပြီ၊ မာလကီးယားပြီဆိုသည့် သတင်းကို ကြားပြီး လူများ စိတ်ဝမ်းတော်ပြည့်ကြသည့် အဖြစ်ကို မရောက်ဖို့ ကျွန်တော် ကြိုးစားကြည့်ချင်သည်။ အနည်းဆုံး လူတစ်ယောက် ၀မ်းသာသည့် သတင်းဖြစ်ရပြီဆိုလျှင်ဘဲ ဒီဘ၀က အလကားဖြစ်ခဲ့ရပြီ၊ ပစ်ခဲ့ရပြီဆိုတာ ကျွန်တော် ကောင်းကောင်းကြီး နားလည် သဘောပေါက်ပါသည်။
ဖိုးထက်