လှကျော်ဇော - ဦးသန့် အရေးအခင်းအတွင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးပေါ်မှာ
(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၆
ဗမာပြည်မှာ ဇွန်လတို့ …ဇူလိုင်လတို့မှာ နိုင်ငံရေးအရ အထိမ်းအမှတ် အမှတ်တရတွေများပါတယ်။ ဒါ့ကြောင့် တစုံတရာ ပွင့်လင်းလာတဲ့ အခုလိုအချိန်အခါမှာ အဲသလို အခွင့်အရေးတွေရဖို့ စွန့်လွှတ် စွန့်စားသွားကြတဲ့ အညတြသူရဲကောင်းများနဲ့ သူတို့ရဲ့ ပုံပြင်များဟာလည်း မှုန်မှုန်မွှားမွှား ရှိနေရာက ပြန်လည်တောက်ပလာပါတယ်။ ဒါတွေဟာ လိုအပ်ပါတယ်။ ဒါမှသာ ခေတ်အဆက်ဆက် ဗမာပြည် သူတွေ လွတ်မြောက်ဖို့ ဘယ်သူတွေဘယ်လိုကြိုးပမ်းခဲ့ကြတယ်ဆိုတာ မမေ့မလျော့ရှိနိုင်သလို ရှေ့ လျှောက်လည်း ဘယ်လိုဆက်ကြိုးပမ်းကြမယ်ဆိုပြီး သင်ခန်းစာထုတ်ယူတာ ခွန်အားတွေမွေးတာ လုပ် နိုင်ကြပါတယ်။ ကျွန်မတို့ ပြည်သူတွေ လုံးဝလွတ်မြောက်ဖို့ အလှမ်းဝေးနေဆဲပါ။
စစ်အာဏာရှင် ဗိုလ်နေ၀င်းရဲ့မဆလအစိုးရကို ဆန့်ကျင်အံတုခဲ့တဲ့ သမိုင်းဝင်လှုပ်ရှားမှု (၃) ခု ကို ၇၄-၇၅-၇၆ အလုပ်သမား-ကျောင်းသားလှုပ်ရှားမှုလို့စုစည်းသတ်မှတ်ခဲ့ကြပြီး အခုနောက်ဆုံး ၇၄- ၇၅- ၇၆- နိုင်ငံရေးအင်အားစုဆိုပြီး ဗမာပြည်ခေတ်သစ်နိုင်ငံရေး ဇာတ်ခုံပေါ်တက်လာနေကြပါပြီ။ ကျွန်မတို့အတွက်ကတော့ အဲဒီအစုအဝေးတွေနဲ့ စိတ်ဓာတ်အရ တစုံတရာဆက်နွယ်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီ ၇၄-၇၅-၇၆ နိုင်ငံရေး လှုပ်ရှားမှုများအပြီး မြို့ပေါ်မှာနေလို့မဖြစ်တော့တဲ့လူတွေ အတော်များများ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ဗမာပြည်ကွန်မြူနစ်ပါတီရှိရာ ပန်ဆန်းကို ရောက်ရှိလာကြပါတယ်။ အဲဒီကာလက ဖမ်းမိထောင်ကျသွားသူများကလည်း ထောင်ကလွတ်တာနဲ့ ပါတီဆီရောက်လာ ခဲ့ကြပါ တယ်။ အခု ပါတီမှာဆက်လက်ရှိနေသူ အတော်များများဟာ အဲဒီ မျိုးဆက်တွေပါ။ ဒီလိုနည်းနဲ့ ကျွန်မတို့ မိသားစုလည်း ဆရာကြီးမှိုင်းရာပြည့်ပွဲအပြီး ၁၉၇၆ ဇူလိုင်လ အတွင်း ပါတီထဲရောက်လာပါတော့တယ်၊၊ အဲ ရောက်လာတယ်ဆိုရင်ပဲ မြို့ပေါ်က အတွေ့အကြုံတွေ ပြောကြဆိုကြ ဖလှယ်ကြနဲ့။ တချို့ ရေးနိုင် သားနိုင် ရေးအားရှိသူ ရေးစရှိသူများကလည်း ပြည်သူ့အသံဆောင်းပါးများ ရေးသားကြပါတယ်။ ပန်ဆန်းမှာ အလွန် ပွဲစည်နေတဲ့ ကာလပေါ့။
အဲသလို လှုပ်ရှားမှုနှစ်ပတ်လည်နေ့များမှာလည်း ပြည်သူ့အသံက အထူးအစီအစဉ်များ ထုတ် လွှင့်ခဲ့ပါတယ်။ ပါတီထဲ ရောက်လာတဲ့ရဲဘော်အပေါင်းက မိမိတို့အတွေ့အကြုံတွေကို ပြန်လည် ရေးသား မှတ်တမ်းတင်ကြပါတယ်။ ကျွန်မလည်း ဦးသန့်အရေးအခင်းကာလက ကြုံတွေ့ခဲ့ရတာတွေကို ပြည်သူ့ အသံ ဆောင်းပါးရေးဖူးပါတယ်။ ဦးသန့်အရေးအခင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်သူ့ အသံက ၁၉၈၄ ခုနှစ်မှာ ထုတ်လွှင့်ခဲ့ဖူးပါတယ်။ တခြား နိုင်ငံရေးအရပါဝင်ခဲ့ဖူးသူများရဲ့ပြန်လည် ပြောပြ ချက်များလည်း ထုတ်လွှင့်ခဲ့ပါတယ်။ တကယ်တော့ ကျွန်မက အဲဒီလှုပ်ရှားမှုတွေမှာ နိုင်ငံရေးအရ ဘယ် အခန်းကဏ္ဍကမှ ဖြစ်ဖြစ်မြောက်မြောက် မပါဝင်ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီကာလ နိုင်ငံရေးမုန်တိုင်းတွေက ကျွန်မတို့မိသားစုကို အမျိုးမျိုးအဖုံဖုံ ရိုက်ခတ်ခဲ့ပါတယ်။ ဒီမုန်တိုင်းတွေဟာ ကျွန်မတို့နဂိုရှိရင်းစွဲ အခြေခံ နိုင်ငံရေးစိတ်ဓာတ်တွေကို ပိုမိုခိုင်မာတောင့်တင်းစေပြီး ပိုမိုပြတ်သားစေခဲ့တာကတော့ အမှန်ပါပဲ။
နောက်ပိုင်းဖြတ်သန်းရတဲ့ တော်လှန်ရေးကာလများအတွင်းမှာလည်း ပြည်သူလူထုရဲ့မျက်နှာကို အမြဲ မပြတ် စာနာထောက်ထားနေဖို့ အစဉ်သတိပေးနေတဲ့ ဖြစ်ရပ်များလည်း ဖြစ်နေခဲ့ပါတော့တယ်။
၁၉၇၄ ခုနှစ် ဒီဇင်ဘာလက ကျွန်မဟာ ရန်ကုန် ပြည်သူ့ဆေးရုံကြီး အခန်းအမှတ်(၁) နှင့် (၂) မှာပါ။ တဖက်က လက်ထောက်ဆရာဝန်အဖြစ်အမှုထမ်းနေရပြီး တဖက်ကလည်း ဘွဲ့လွန်သင်တန်း မဟာသိပ္ပံ(ဆေးပညာ) တန်း တက်နေပါတယ်။ အခန်းတာဝန်ခံဆရာဝန်ကြီးကတော့ သမားတော်ကြီး ဒေါက်တာလှမြင့်(ကွယ်လွန်) ပါ။ အဲဒီတုန်းက ဆရာကြီးက ဆေးတက္ကသိုလ်(၁) ဆေးပညာဌာနရဲ့ ပါမောက္ခလည်း ဖြစ်ပါတယ်။
၁၉၇၄ ခုနှစ်ဟာ မဆလခေတ်မှာ အလွန်ထူးခြားတဲ့နှစ်ပါ။ မေ-ဇွန်-အလုပ်သမားအရေးအခင်း က စလို့ တနှစ်လုံး တပြည်လုံး တဖျောက်ဖျောက်နဲ့လှုပ်ရှားမှုတွေ မပြတ်ဖြစ်နေတာပါ။ ဒီကြားထဲ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလမှာတော့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ဈာပနနဲ့ ပတ်သက် ပြီး ကျောင်းသားလှုပ်ရှားမှုကြီး ပေါ်ပေါက်လာပါတယ်။
ဦးသန့်ရုပ်ကလပ်ကို ကျောင်းသားများက ကျိုက္ကစံကွင်းကနေလုယူလာပြီး တက္ကသိုလ်ဝင်း အတွင်း ထားလိုက်ပါတယ်။ ဒီဇင်ဘာ ၅ ရက် ၆ ရက် ညကစလို့ ဟောပြောပွဲတွေလုပ်နေကြောင်း အဲဒီမှာ တက္ကသိုလ်ပေါင်းစုံက ကျောင်းသားတွေက ရဲရဲတောက် မိန့်ခွန်းတွေပြောပြီး ဗိုလ်နေ၀င်းနဲ့ မဆလကို တိုက်ရိုက်တိုက်ခိုက်နေကြောင်း စတာတွေဟာ ကျွန်မတို့ဆေးရုံကြီးတွင်းရှိ ဆရာဝန် ဆရာမများအကြား မနက်အစော အလုပ်တွေအပ်၊ တာဝန်တွေလဲ ပြီးချိန်မှာ ပြောဆိုဆွေးနွေးကြရတဲ့ခေါင်းစီးသတင်းများ ဖြစ်လာပါတော့တယ်။ ခါတိုင်း လူနာတွေရဲ့ရောဂါအခြေအနေတွေ စမ်းသပ်စစ်ဆေးမှုတွေ ရောဂါအမည် တပ်ရေး စတဲ့စတဲ့ ကိစ္စတွေအတွက် ငြင်းခုန်ဆွေးနွေးဖြစ်နေတဲ့နေရာမှာ အဲဒီ တက္ကသိုလ်ဝင်းအတွင်းက ဟောပြောချက်တွေက နေရာယူလာပါတယ်။
တချို့ ဆရာဝန်တွေက ညပိုင်း အဲဒီဟောပြောချက်တွေကို သွားရောက်နားထောင်ပြီး ကျွန်မ တို့ကို ပြန်ပြန်ဖောက်သည်ချပါတယ်။ ဒီလိုနဲ့ကျန်သူတွေလည်း တက်ကြွပြီး.. “ဒီကလေးတွေက တို့ အစား တို့ပြောချင်တာတွေကို ပြောပေးနေတာ၊ တို့လည်း တတ်နိုင်သမျှ အားပေးရမယ်” ဆိုပြီး အဲဒီကို ချီတက်ကြပါတော့တယ်။ ဒါနဲ့ ကျွန်မလည်း ကိုကျော်(ကျော်ဇောဦး)၊ သူ့ဇနီး စီစီတို့နဲ့အတူ (၂) ည လောက် သွားခဲ့ဖူးပါတယ်။ အဲဒီဝန်းကျင်ကိုရောက်ဖူးသူတွေဟာ အဲဒီမှာလှုပ်ရှားနေသူတွေရဲ့ စိတ်ဓာတ် တက်ကြွမှုကို မုချပဲ ကူးစက်ခံရတော့တာပါပဲ။ တချို့ တောက (ရန်ကုန်တဖက်ကမ်းက) တက်လာကြသူ များဟာ ငှက်ပျောခိုင်တွေထမ်းလို့ အိတ်ကြီးအိတ်ငယ်တွေထမ်းလို့ လာရောက် လှူဒါန်းနေတာတွေ တွေ့ နေရပါတယ်။ တချို့လည်း ကောက်ညှင်းထုပ်တွေ ထမင်းထုပ်တွေ ပါလာတာလည်း တွေ့ရပါတယ်။
ကျွန်မတို့ အဲဒီဝိုင်းထဲလျှောက်ကြည့်နေတုန်း ဟိုကြည့်ဒီကြည့်လျှောက်လာနေတဲ့ အဲဒီတုန်းက အင်းစိန်ဆေးရုံအုပ်ကြီး ဒေါက်တာမောင်မောင်အေးနဲ့ ပက်ပင်းတိုး ပါတော့တယ်။ ကျွန်မလည်း လွှတ်ခနဲ “ဟာ.. ဆရာကြီးပါလား“ လို့ နှုတ်ဆက်မိတော့ သူက- “ဟာ ..ဒီကောင်မလေး၊ မမြင်ချင်ယောင်ဆောင် သွားလေ။ နောင် ငါ့ကို ဒီနေရာမျိုးမှာ တွေ့ရင် နှုတ်မဆက်နဲ့ “ ..လို့ ကြိမ်းသွားပါတယ်။
ကျွန်မတို့မောင်နှမတတွေ စစ်တပ်က အကြမ်းဖက်နှိမ်နှင်းတဲ့ ဒီဇင်ဘာ(၁၀)ရက်နေ့ ညမှာ လည်း အဲဒီဝိုင်းထဲသွားခဲ့ကြပါသေးတယ်။ စီစီက သူရိန်ကျော်ဇော ကိုယ်ဝန်လွယ်ထားချိန်ဖြစ်လို့ သူ့ ကျန်းမာရေးကိုထောက်ထားပြီး ကျွန်မတို့ ခါတိုင်းညများလို သိပ်ညဉ့်နက်အောင်မနေတော့ဘဲ ခပ်စော စော ပြန်လာလိုက်ပါတယ်။ ဒါတောင် လိုင်းဘတ်စ်ကားတွေ စောပိတ်လိုက်လို့ ခြေကျင်လျှောက် ပြန်ခဲ့ရ ပါတယ်။ စိတ်ထဲမှာ တခုခုတော့ တခုခုပဲဆိုပြီး ထင့်တော့သွားမိပါတယ်။ နောက်နေ့ ဒီဇင်ဘာ (၁၁) ရက် ကျွန်မအခန်းနံပါတ် (၁) နဲ့ (၂)မှာ အလုပ်ဆင်းနေချိန် (မနက်(၈)နာရီ သတင်းမှာ ဆူပူမှုတွေကို ဖြိုခွဲပြီး ဖြစ်ကြောင်းတွေ ပြောသွားပြီးဖြစ်လို့ အခြေအနေတွေကို မဟန်တော့မှန်း ရိပ်စားမိနေကြပါပြီ။) ဆေးရုံ လူနာခန်းတွေမှာရှိနေတဲ့ ဆရာဝန်အားလုံး အရေးပေါ်ဌာနကိုဆင်းခဲ့ကြပါ။ M.S.(ဆေးရုံအုပ်ကြီး) စကား ပြောစရာရှိလို့စောင့်နေတယ်…ဆိုတဲ့အမိန့်ရောက်လာလို့ ကျွန်မတို့အားလုံး ဆင်းသွားကြပါတယ်။
ဆရာ ကြီးဦးလှမြင့်က ကျွန်မတို့နဲ့အတူ ဘွဲ့လွန်သင်တန်းတက်နေတဲ့သူတဦး (နိုင်ငံတော်ကောင်စီဝင် တဦးရဲ့ သမီး) ကို သူ့ရုံးခန်းထဲ သွင်းပြီး အပြင်က သော့ပိတ်ပေးလိုက်တာ မြင်လိုက်ရပါတယ်။
ဒါနဲ့ ကျွန်မလည်း တလောက အဖြစ်အပျက်လေးတရပ်ကို သွားသတိရလိုက်မိပါတယ်။ အဲဒီ အမျိုးသမီးဆရာဝန်က ( တနေ့ ကျွန်မတို့အားလုံး ဆရာဝန်များနားနေခန်းမှာ ၀ိုင်းစကားပြောနေကြတုန်း မှာ ) သူတို့ မနေ့ညက မြန်မာ့အသံမှာ ရုပ်ရှင်သွားကြည့်ကြောင်း အဲဒီရုပ်ရှင် ဘယ်လောက်ကောင်း ကြောင်း စတာတွေကို မြိန်ရည်ရှက်ရည်ပြန်ပြောပြပါတယ်။ အဲဒီကာလက မြန်မာ့အသံမှာ တပတ် တကြိမ် (သောကြာနေ့တိုင်းလိုပဲ) ရုံမတင်ရသေးတဲ့ နိုင်ငံခြားကားကောင်းတွေကို VIP show (အထူးပွဲ) အဖြစ် ပြသလေ့ရှိပါတယ်။ အဲသလို အခွင့်ထူးခံမှုတွေကို လူတွေက ဘယ်လောက်မုန်းတယ်ဆိုတာ သူ တို့နားမလည်ဘူး။ ဒါကြောင့် (ကျွန်မတို့ရဲ့ဆရာမလည်းဖြစ်တဲ့) ဆရာဝန်မတဦးက… တို့တော့ အခု တလော ကမ္ဘောဒီယားက ကြားရတဲ့သတင်းတွေ ကြိုက်တယ်ဟေ့။ အခု တက်လာတဲ့ (ခမာနီ) အစိုးရက အရင် အစိုးရဟောင်းက လူတွေအပေါ် အနိုင်ကျင့်ခဲ့ အခွင့်ထူးတွေယူခဲ့သူတွေကို ခေါင်းဖြတ်သတ်နေ သတဲ့။ ဟဲ..ဟဲ ယူတို့လည်းသတိထားနော်…လို့ ရီသလို မောသလို နောက်သလို ပြောင်သလိုနဲ့ အတည် ပေါက်ကြီး ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် အဲသလို အာဏာအ၀န်းအ၀ိုင်းကလူများဟာ လူထု လှုပ်ရှားမှု တွေ ပေါ်လာရင် အလွန်ကြောက်တတ်ပါတယ်။ ဒါကြောင့် ဆရာကြီးက သူ့အခန်းထဲ သွင်းထားပေးပြီး အထဲမှာ ဘယ်သူမှ မရှိသလို အပြင်က သော့ခတ်ထားတာပါ။ အဲဒီတုန်းက အဲဒီ ဆရာဝန်မမျက်နှာဟာ ဆီးရွက်လောက် ရှိပါတယ်။ ကျွန်မနဲ့အတူ အရေးပေါ်အခန်းဆင်းချလာတဲ့ ဆရာဝန်တယောက်က သူတို့ အသက်ကျတော့ သိတတ်လိုက်ကြတာ..တဲ့။ ပြောဖြစ်အောင်ကို ပြောလိုက်ပါသေးတယ်။
ကျွန်မတို့အရေးပေါ်အခန်း (EmergencyWard) ရောက်တော့ ဆေးရုံအုပ်ကြီး (နောင် ကျန်းမာရေးဌာန ဒု-၀န်ကြီးဖြစ်သွား) က ..အခု အစိုးရက ဆူပူမှုတွေကိုနှိမ်နှင်းဖို့ ပစ်ခတ်ခွင့် ပေးလိုက်ပြီ။ ဒါကြောင့် မကြာခင် ဒဏ်ရာရလူနာတွေ ရောက်လာလိမ့်မယ်။ အခုချက်ချင်း ဒီအခန်းကို Field Hospital (ရှေ့တန်းစစ်မြေပြင်ဆေးရုံ) အဖြစ် ပြင်ဆင်ပါ။ ဒီမှာပဲ ဆရာဝန်အားလုံး stand by (အသင့်) နေပါ။ Ward (ဆေးရုံခန်း) တွေထဲမှာ on call (တာဝန်ကျဆရာဝန်) တယောက်ပဲထား ..လို့ အမိန့်ပေးပါတယ်။ ဒါနဲ့ ကျွန်မတို့အားလုံး တာဝန်တွေခွဲပြီး ပြင်ဆင်ကြပါတယ်။ အထူးသဖြင့် ခွဲစိတ်ဆရာဝန်တွေဟာ အဲဒီ အရေးပေါ်အခန်းမှာရှိတဲ့ခွဲစိတ်ခန်းလေးကို သေသေချာချာ ပြင်ဆင်ကြပါတယ်။ နဂိုကတော့ အသေးစား ခွဲစိတ်မှုလေးတွေ (အရက်မူးရန်ဖြစ် မူးကြရမ်းကြလို့ဖြစ်တဲ့ ကွဲပြဲမှုလေးတွေ ချုပ်ပြုပေးတာ) သာ လုပ်နိုင် တာပါ။
ကျွန်မတို့ အဲသလို ပြင်ဆင် နေစဉ်မှာပဲ ဆေးရုံကြီးရှေ့က ဗိုလ်ချုပ်လမ်းမကြီးတလျှောက် လူအုပ် တအုပ်ဟာ သင်္ကင်္န်းစကိုအလံလွှင့်ပြီး ဗိုလ်ချုပ်ဈေးဘက် ချီတက်သွားကြပါတယ်။ ကြွေးကြော်သံ တွေလည်း တယောက်တပေါက်အော်သွားကြပါတယ်။ အဲဒီနေ့က ရန်ကုန်မြို့ လူထုကြီးဟာ တက္ကသိုလ် ၀င်းထဲက ကျောင်းသားတွေကို အစိုးရက အကြမ်းဖက်နှိမ်နှင်းတယ်ကြားတာနဲ့ ဒေါသအိုးပေါက်ကွဲပြီး နေရာအနှံ့မှာ ဆူပူကန့်ကွက်ကြတာပါ။ အစိုးရကလည်း အဲဒီလူအုပ်တွေကို ပစ်ခတ်နှိမ်နှင်းပြီး လူစု ခွဲပါ တယ်။ ကျွန်မတို့ ဆေးရုံကြီးကို ပထမဆုံးရောက်လာသူဟာ ကမာရွတ် ရဲစခန်းက ရဲသားတဦးပါ။ ဆန္ဒပြ လူအုပ်ကြီးက ကမာရွတ် ရဲစခန်းကို ၀င်မီးရှို့တုန်း ဘယ်လိုဘယ်လို ထိခိုက်မိတယ် မသိပါဘူး။ သွေးတွေ အလွန်အကျွံထွက်ပြီး ရောက်လာတာပါ။ သူရောက်လာချိန်မှာ သွေးဖိအား အလွန်ကျနေပြီဖြစ်လို့ အရင် သွေးသွင်းပေးဖို့ စီစဉ်ရပါတော့တယ်။ ကျွန်မလည်း သွေးလှူဘဏ်က အရေးပေါ်ဌာနမှာ ယာယီ လာဖွင့် ထားတဲ့ ရုံးခန်းကို ပြေးရပါတယ်။ အဲဒီကလုပ်သားတွေက ပုလိပ်ဆိုရင် သွေးထုတ်မပေးနိုင်ဘူးလို့ ဆို လာပါတယ်။ ကျွန်မလည်း ကျွန်မတို့ဆေးလုပ်သားတွေဆိုတာ လူနာဆိုရင် ကယ်ရမှာဖြစ်ကြောင်း မတောက်တခေါက် တတ်သမျှမှတ်သမျှ တရားဟောကြည့်ပါသေးတယ်။ ဘယ်လိုမှ ပြောမရပါဘူး။ ဒါနဲ့ အဲဒီတုန်းက သွေးလှူဘဏ်တာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာဒေါ်ခင်မာမာကို တွေ့အောင်ရှာပြီး ပြောပြမှ သူကိုယ်တိုင်ဆင်းလာပြီး အမိန့်ချမှ ကျွန်မမှာ သွေးပုလင်းထုတ်လို့ ရပါတော့တယ်။ အဲဒီ ရဲသားလေး လည်း အသက်ရှင်သွားပါတယ်။ အဲဒီ ရဲသားလေးပြောပြတာကတော့ သူတို့ရဲဌာနမီးရှို့ခံရတော့ မီးသတ် ကားတွေရောက်လာပြီး မီးငြှိမ်းသတဲ့။ အဲဒီ မီးသတ်ပိုက်တွေကို လူတွေက ဓားတွေနဲ့ ၀င်ခုတ်ကြတာတဲ့။ အဲဒီ ဓားချက် သူမိသွားတာတဲ့။ (ဒါက သူ့အပြော။)
ပထမဆုံးရောက်လာတဲ့အလောင်းကတော့ မဟာမြိုင်လမ်းထိပ်က ကွမ်းယာဆိုင်ရှင်လေးပါ။ သူက ကမာရွတ်ရဲဌာနမီးလောင်နေတာကို ၀ိုင်းကြည့်နေကြတဲ့ လူအုပ်ထဲကပါ။ ဗိုက်ကို သေနတ်မှန် လိုက်တာပါ။ ဒီတော့ အနားက လူတွေက အနီးရှိတဲ့ကမာရွတ် မဆလပါတီဆိုင်းဘုတ်ဖြုတ်ချပြီး သူ့ကို တင် ထမ်းပြီး ဆေးရုံကြီးကိုသယ်လာတာပါ။ သူဟာ တလမ်းလုံး အသက်ရှင်နေသေးပေမဲ့ ဆေးရုံနား ရောက်မှ ဆုံးသွားတာပါ။ အဲဒီ သူရဲ့အလောင်း ကျွန်မတို့ဆီ ရောက်လာတော့ ဘေးမှာလည်း အရပ်ဝတ် နဲ့ စစ်ဗိုလ်ဆရာဝန် (၂)ယောက် ပါလာပါတယ်။ ကျွန်မတို့နဲ့သူငယ်ချင်းတွေပါ။ သူတို့က မင်္ဂလာဒုံ စစ် ဆေးရုံ (ဆေးတက္ကသိုလ် ၂ ) က ပါ။ ရန်ကုန်ဆေးရုံကြီးမှာ မဟာသိပ္ပံ (ခွဲစိတ်ပညာဘာသာရပ်) သင် တန်း လာတက်နေကြတာပါ။ ကျွန်မတို့ဘွဲ့လွန်သင်တန်းသားတွေအားလုံး သက်ဆိုင်ရာသင်တန်း အသီး သီးမတက်ခင် အခြေခံသိပ္ပံပညာသင်တန်း (Basic Science Course) ဆိုတာကို စုပေါင်း တက်ခဲ့ရဖူးပါ တယ်။ အဲဒီသင်တန်းက (၆)လ တက်ရပြီး သင်တန်းအပြီး စစ်တဲ့စာမေးပွဲအောင်မှ ဘွဲ့လွန် တက်ရတာပါ။ အဲဒီသင်တန်းတက်တုန်းက သူတို့နဲ့အတူတူ တက်လာခဲ့တာပါ။
အဲဒီစစ်ဗိုလ်တွေ ပြန်ပြောပြတာက တော့…သူတို့ ရန်ကုန်ကို အလုပ်ဆင်းဖို့ နံပါတ်(၉) လိုင်းကားနဲ့ မင်္ဂလာဒုံကအလာ ကမာရွတ်အ၀င်မှာ လမ်းတွေပိတ်ထားတာနဲ့တိုးလို့ လမ်းဆင်းလျှောက်လာကြရာ ကမာရွတ်ရောက်တော့ မီးရှို့တာနဲ့တိုး ရော။ အဲဒီမှာ မီးသတ်ကားတွေရောက်လာပြီး ရဲစခန်းကိုလည်း မီးသတ်၊ ဘေးက ၀ိုင်းကြည့်နေတဲ့ လူ တွေကိုလည်း မီးသတ်ပိုက်တွေနဲ့ ပက်သတဲ့။ ”အဲသလောက် မတရားလုပ်တာကြီးကိုတော့ ငါတို့လည်း ကြည့်မရဘူး။ ဒါကြောင့် လူတွေက မီးသတ်ကားကို ခဲတွေနဲ့ ၀ိုင်းပေါက်တော့ ငါတို့လည်းဝင်ပြီး ခဲတွေနဲ့ ၀င်ထုပစ်တာ” တဲ့။ နောက်တယောက်က ၀င်ပြီး …ငါတို့ကို တယောက်ယောက်က မှတ်မိနေရင်တော့ ချောင်မှာ မဟုတ်ဘူး..လို့ နောင်ရေးစိတ်မအေး ဖြစ်လိုက်ပါသေးတယ်။ (နောင် ကျွန်မတောထဲ ရောက်မှ သတင်းစာတစောင်မှာ သူတို့ထဲကတယောက်ကို နယ်ဖက်စစ်ဆေးရုံတရုံရဲ့ဆေးရုံအုပ် ဗိုလ်မှူးကြီးအဖြစ် သတင်းဓာတ်ပုံတပုံမှာ တွေ့လိုက်ရပါတယ်။ ကြည့်ရတာ ဘေးမသီ ရန်မခ လွတ်သွားပုံ ရပါတယ်။)
ကမာရွတ် ရဲစခန်းရှေ့က အဖြစ်အပျက်ဆက်ရရင်… အဲသလို သူတို့ခဲတွေနဲ့ ၀င်ထု နေတုန်းမှာ ပဲ … “ဆရာဝန် ရှိသလား။ ဆရာဝန် ရှိသလား” လို့ အော်သံကြားလို့ပြေးသွားပြီး” ကျွန်တော်တို့ ဆရာဝန် တွေပါ” လို့ပြောတော့ သူတို့ထမ်းစင်ပေါ်တင်ထားတဲ့လူနာကို ရန်ကုန်ဆေးရုံကြီး ပို့ချင်လို့ပါ။ ပို့ပေးပါ.. လို့ပြောလို့ အဲဒီလူနာနဲ့ သူတို့(၂)ယောက် ပါလာပါတယ်။ အဲဒီလူနာဟာ ထမ်းစင်ပေါ် ပက်လက် အိပ်ပါ လာရာကနေ မြန်မာ့အသံ ရှေ့ရောက်တော့ အဲဒီ ၀ိုင်းထဲ လုံခြုံရေးယူထားတဲ့ စစ်တပ်ကိုလည်းတွေ့ရော ငေါက်ခနဲ ထထိုင်လိုက်ပြီး အဲဒီလုံခြုံရေးကင်းက စစ်ဗိုလ်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး “ဟေ့ကောင် တွေ၊ မင်းတို့သတ္တိရှိရင် ရှေ့တန်းသွားတိုက်ကြပါလား၊ ဘာဖြစ်လို့ ဘာလက်နက်မှမရှိတဲ့ ငါတို့ကို ပစ်ရ တာလဲ၊ အခုလဲ ထပ်ပစ်လိုက်စမ်း၊ ထပ်ပစ်စမ်း” နဲ့ သူ့ရင်ပတ်သူ ပုတ်ပုတ်ပြီး စိန်ခေါ်နေရင်းက ဘိုင်းခနဲ နောက်ပြန် လဲကျသွားမှ ငြိမ်ကျသွားတော့တာတဲ့။ သူ ကျွန်မတို့ဆီရောက်တော့ အသက် မရှိတော့ပါ ဘူး။
အဲဒီနောက်မှာတော့ ဒဏ်ရာရ လူနာတွေရော၊ အလောင်းတွေရော အဆက်မပြတ် ရောက်ရှိ လာပါတော့တယ်။ အဲဒီအထဲက ကျွန်မ မမေ့နိုင်တဲ့အဖြစ်အပျက်တွေ ရှိပါတယ်။
ပထမအဖြစ်အပျက်ကတော့ … ကြည့်မြင်တိုင် (ကုန်း)ဂုံးတံတားကြီးပေါ် ကျောင်းသွားဖို့ လုပ် နေတဲ့ တက္ကသိုလ်က ဒုတိယနှစ် ကျောင်းသားလေး၊ အသက်(၂၀)တောင်မပြည့်သေးတဲ့ လူငယ်လေး အသက်မပါဘဲ ရောက်လာတာပါ။ ကျည်ဆန်က ရင်ပတ်တည့်တည့်မှန် ထားတာပါ။ စိတ်ထိခိုက်ဖွယ် မြင်ကွင်းကတော့ ညနေစောင်းမှာ အဲဒီလူငယ်လေး မိခင်ကြီးလိုက်လာချိန်ပါပဲ။ အဲဒီမိခင်ကို လူ(၂) ယောက်က တွဲခေါ်လာပါတယ်။ မျက်နှာဟာ ဖြူရော်နေပြီး လူကလည်း ဒယိမ်းဒယိုင်နဲ့။ ရပ်ကွက်ထဲက လူတချို့က သူ့သား သေနတ်ဒဏ်ရာရလို့ ဆေးရုံကြီးကိုသယ်သွားတာ တွေ့တယ်လို့လာပြောလို့ လိုက် လာတာပါ။ သေဆုံးတယ်ဆိုတာ မသိသေးပါဘူး။ မိခင်ကြီးမျက်နှာပေါ်က ပူပန်သောကစိတ် စိုးရွံ့စိတ် တွေဟာ အထင်းသား ပေါ်နေပါတယ်။
အဲဒီတုန်းက အသက်မပါဘဲရောက်လာတဲ့ အလောင်းတွေအားလုံးကို ဆေးရုံ ကြမ်းပေါ်မှာပဲ ချထားရပါတယ်။ ဒဏ်ရာရလူနာတွေအသက်ရှင်ရေးကို အဓိကဦးစားပေး ကုသနေရလို့ပါ။ အဲဒီ မိခင်ကြီး က အလောင်းတွေကို တလောင်းပြီးတလောင်း လိုက်ကြည့်နေရင်းက သူ့သားမျက်နှာလည်းတွေ့ရော တခါထဲ တမျက်နှာလုံးပြာနှမ်းသွားပြီး လူလည်း အရုပ်ကြိုးပြတ် ခွေကျသွားပါတော့တယ်။ ဘေးက တွဲ လာသူများကလည်း ဆွေမျိုးနီးစပ်တွေ ဖြစ်ပုံရပါတယ်။ သူတို့လည်း ကတိမ်းကယိုင်နဲ့။ ကျွန်မ ဒီမြင်ကွင်း ကို ဆက်မကြည့်နိုင်တော့ပါဘူး။
ကျွန်မမှာလည်း ကျွန်မအဖြစ်နဲ့ ကျွန်မပါပဲ။ အရင် (၂)နှစ်လောက် (၁၉၇၂) ကတင် ကျွန်မတို့ ရဲ့မောင်အငယ်ဆုံးလေး တွတ်တွတ် အသက်(၁၉)နှစ် အရွယ်မှာ ရုတ်တရက် ကျွန်မတို့နဲ့ထာဝရ ခွဲခွာ သွားခဲ့ပါတယ်။ ဒါကြောင့် ဒီလိုမျိုးပရိဒေ၀မီးဟာ ဘယ်လောက်ပြင်းထန်ပူလောင်တယ်ဆိုတာကို ကျွန်မ တို့က ကောင်းကောင်းနားလည်ပြီး စာနာနိုင်ပါတယ်။ ဒါမျိုးအဖြစ်တွေနဲ့ကြုံမိတိုင်း ကျွန်မတို့မှာလည်း အဟောင်းက အသစ်ဖြစ်ရတတ်ပါတယ်။ အဲဒီမိခင်ကြီးဟာ အခြေခံသွေးတိုးရောဂါလည်း ရှိလို့ ကျွန်မတို့ လည်း ကမန်းကတန်းနဲ့ သူ့ကို အခန်းနံပါတ် ၅-၆ မှာ အတွင်းလူနာအဖြစ် တင်ပေးလိုက်ရပါတယ်။
နောက်မမေ့နိုင်တဲ့ အဖြစ်အပျက်တခုလည်း ရှိပါသေးတယ်။
ကျွန်မတို့ဆီအစောပိုင်းရောက်လာတဲ့ လူနာများအထဲ ခြေသလုံးကြွက်သား(အရိုးမထိ) ကျည် ဆန်ဖောက်ဝင်သွားတဲ့ ဒဏ်ရာနဲ့ အသက်၃၀-၄၀ ရွယ် အကြော်သည်ကြီးတဦး ပါလာပါတယ်။ သူက သူ့ခြင်းတောင်းကြီးကို လက်ကမချပါဘူး။ သူ့ဒဏ်ရာ ဆေးထည့်ပေးပြီးတာနဲ့ သူပြန်ပါရစေ ..လို့ ပြော လာပါတယ်။ အဲဒီတုန်းကတည်းက အဲသလိုလှုပ်ရှားမှုတွေအကြား ဒဏ်ရာရလာသူများဟာ တန်းအဖမ်း ခံရပြီး ဆေးရုံကြီးအောက်ဆုံးထပ် မြေတိုက်ခန်းများဆီ ပို့လိုက်ရပါတယ်။ ဘာမှဖြေရှင်းခွင့် မရှိပါဘူး။ သူ က ညနေစောင်းလာတော့ ငိုပါတော့တယ်။ ပြီးမှ သူ့ဇာတ်ကြောင်းကို ပြောပြပါတော့တယ်။ သူက မနက် ဆို အစောကြီး အကြော်ဖိုကနေ့ပြန်တိုးနဲ့ အကြော်တွေယူလာပြီး တနေ့လုံး လှည့်ရောင်းရတယ်တဲ့။ ရောင်းကုန်မှ အကြော်ဖိုးဝင်ကြွေးဆပ်၊ ကျန်တဲ့ငွေလေးနဲ့ ဆန်လေးဘာလေးဝယ်ပြန်မှ အိမ်မှာ ကျန်ခဲ့တဲ့ သူတွေ ထမင်းစားရတာတဲ့။ အခုတော့ သူကလည်း မပြန်နိုင်၊ နေ့ပြန်တိုးလည်း မဆပ်နိုင်နဲ့ အိမ်က လူ တွေတော့ ငတ်နေပါပြီဆိုပြီး ငိုတော့တာပါ။ ကျွန်မတို့မှာစိတ်မကောင်းဖြစ်ရတာကလွဲလို့ ဘာများ တတ် နိုင်မှာတုန်း။
ဒါ့အပြင် လည်ပင်းဒဏ်ရာကြီးနဲ့ရောက်လာတဲ့ လူနာကလေးမလေးလည်း အံ့သြဖွယ် အသက် ရှင်သွားပါတယ်။ ဆူးလေးအ၀ိုင်းနားက တိုက်ခန်းတခုမှာ အိမ်စေ လုပ်နေရသူလေးပါ။ သူက အိမ်ရှေ့မှာ ဆူဆူညံညံ အသံတွေကြားလို့ အိမ်ရှေ့ ၀ရန်တာကထွက်ကြည့်ရာမှာ မိုးပေါ် ထောင်ပစ်လိုက်တဲ့ သေ နတ်ကျည်ဆန် လည်ပင်းမှန်၊ လည်ပင်းသွေးကြောကြီး ပေါက်ပြီး သွေးဖိအား (၀)နဲ့ ရောက်လာတာပါ။ ချက်ချင်းပဲ ခွဲစိတ်ခန်းသွင်း ခွဲစိတ်ဆရာဝန်ကြီးဒေါက်တာနော်မန်လှဦးစီးပြီး သွေးအမြန်နှုန်းနဲ့သွင်း ခွဲစိတ် ပါတယ်။ ၂ နာရီနီးပါးကြာမှ ခွဲစိတ်မှုက ပြီးပါတယ်။ အသက်တော့ ရှင်သွားပါတယ်။ နောင် အသံ ထွက် မထွက်တော့ မသိတော့ပါဘူး။
အဲသလို ကျွန်မတို့တတွေ အရေးပေါ်အခန်းမှာ ချာချာလည်နေတုန်း ဆူးလေဘုရား အ၀ိုင်းက ပြိုဆင်းလာတဲ့ဆန္ဒပြလူအုပ်ကြီးကို အဓိကရုဏ်းနှိမ်နှင်းရေးတပ်ဖွဲ့တွေက တဖြည်းဖြည်း ပစ်ရင်းခတ်ရင်း ဆက်ဖိလာနေပါတယ်။ ဆေးရုံကြီးထောင့်လည်းရောက်ရော တချို့ကျည်ဆန်တွေက တဖောက်ဖောက် နဲ့ ဆေးရုံကြီးအပေါ်ဆုံးထပ် အခန်း ၁၇-၁၈ ကို လာမှန်ကုန်ပါတယ်။ ဒီတင် ဆေးရုံအုပ်ကြီးက အဲဒီ အခန်းကလူနာတွေ (အထူးသဖြင့် ၀ရန်တာက) အောက်ထပ်ပြောင်းရွှေ့ဖို့ ဆရာဝန်တချို့ကို လွှတ်ပါ တယ်။ အဲဒီအထဲ ကျွန်မပါသွားပါတယ်။ စစ်တပ်က သေနတ်တွေနဲ့ချိန်ပြီး… လူတွေကို လူစုခွဲဖို့ နောက် ဆုတ်ဖို့အမိန့်ပေးရင်း ရှေ့တိုးတိုးဖိလာနေပါတယ်။ လူအုပ်ကြီးထဲက လူတချို့လည်း ဆေးရုံဝင်းထဲ ၀င် ပြေးလာပါတယ်။ ကျွန်မတို့ အဲဒီစစ်ဗိုလ်တွေရဲ့အမိန့်ပေးသံကို ဗမာသံနဲ့ ပီပီသသကြီးကို ကြားရပါတယ်။ ထောက်လှမ်းရေးက အစောကတည်းက ကောလာဟလလွှင့်ထားတဲ့ ရှေ့တန်းက ချင်းတပ်တွေ ခေါ်လာ တယ်ဆိုတာမဟုတ်ပါဘူး။ သက်သက် လူမျိုးစုများအပေါ် အထင်အမြင်လွဲအောင် လုပ်ကြံတာပါ။ ဒီကြား ထဲ ဆေးရုံကြီးရှေ့ရပ်ထားတဲ့ ကားများအတွက်လည်း ပူပန်ရပါသေးတယ်။ ဆေးရုံကြီးမှာ အလုပ်ဆင်း နေကြတဲ့ ဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်ကြီးများရဲ့ ကားများပါ။ အဲဒီတုန်းက နိုင်ငံခြားပြန် ဆရာ ၀န်များက ကရိုလာကားများ (ဂျပန်ကား၊ အထူးသဖြင့် ရွှေအိုရောင်) ၀ယ်ပြန်လာလေ့ရှိပါတယ်။ အဲဒီ ခေတ် (မဆလ)က နိုင်ငံခြားကို အနည်းဆုံး(၆) လ ပညာသင်ခွင့်လေ့လာခွင့်သွားရမှ အပြန် ကားဝယ် လာခွင့်ရတာပါ။ ဒါကြောင့် အဲလိုကားမျိုး မောင်းရင် နိုင်ငံခြားပညာတော်သင်ပြန်မှန်းသိသာလို့ အဲဒီ ကားဈေးတွေက ခေါင်ခိုက်နေပါတယ်။
ဆေးရုံကြီးထဲ ဆန္ဒပြလူအုပ်ကြီးပြိုဆင်းလာတော့ ကားတွေကိုမီးရှို့တာတွေ ဖျက်ဆီးတာတွေ ဖြစ်လာနိုင်လို့ ရပ်ထားတဲ့ကားတွေကို အပြေးအလွှား ရွှေ့ရပါတယ်။ အရေးပေါ် ခွဲစိတ်ခန်းထဲ ခွဲစိတ်နေ ကြတဲ့ဆရာဝန်များကို ကားတွေရွှေ့ဖို့သွားခေါ်တော့ ဘယ်သူမှ ထွက်မလိုက်လာဘဲ လူနာတွေ အသက် ကယ်ရေးက ပိုအရေးကြီးတယ်။ ကားတွေ ဘာဖြစ်ဖြစ်လို့ ဆိုကြပါတယ်။ ကျွန်မဖြင့် အဲဒီ ဆရာများကို ကြည်ညိုလိုက်တာလေ။ အသက်စွန့်ပြေးဝင်လာတဲ့လူအုပ်ကြီးကလည်း မပြောင်းရွှေ့နိုင်တဲ့ ကားတွေကို လက်ဖျားနဲ့တောင် တို့မသွားကြပါဘူး။
ဒီလိုနဲ့ ညပိုင်းရောက်လာပါတယ်။ နေ၀င်မီးငြိမ်းအမိန့်ကိုလည်း ကားတွေပေါ်အသံချဲ့စက်တွေ တင်ပြီး လိုက်အော်ကြေညာသံတွေ ကြားလာရပါတယ်။ ကျွန်မတို့တတွေကို အဲဒီဆေးရုံကြီးဝိုင်းထဲက သူနာပြုဆောင်က သူနာပြုများက ဆန်ပြုတ်တွေပြုတ်ပြီး လာတိုက်ကြပါတယ်။ တနေ့လုံး အဲဒီ ဆန်ပြုတ် ပဲ သောက်ရပါတယ်။ လူနာလည်း အရောက်ကြဲသွားပြီဖြစ်လို့ ကျွန်မတို့တတွေ အနားယူကြရင်း စကား စမြည် ၀ိုင်းပြောမိကြပါတယ်။ အစိုးရနဲ့စစ်တပ်ရဲ့ ပြည်သူအပေါ် ရက်စက်ပုံတွေကြောင့် ကျွန်မတို့ အား လုံး ဒေါသထွက်နေကြပြီး အစိုးရဆန့်ကျင်ရေးစကားတွေကို မကြောက်မရွံ့ ပြောကြဆိုကြပါတယ်။ ဒီလို လူအများအပြားရဲ့ မုန်းတီးရွံရှာစွာပြောဆိုနေမှုတွေကြောင့် မဆလအစိုးရ နက်ဖြန်သန်ဘက်ပဲ ပြုတ်ကျ သွားတော့မတတ် ထင်လောက်စရာ ရှိပါတယ်။ မကြာမီကမှ နိုင်ငံခြားကပြန်လာတဲ့ ဆရာဝန် တယောက် က .. ခင်ဗျားတို့ပဲ ရာနှုန်းပြည့်ထောက်ခံမဲ ပေးထားကြတာမဟုတ်လား…လို့ ခနဲ့တဲ့တဲ့လည်း ပြောလိုက် ရော… အောင်မယ်လေး…တယောက်တပေါက်နဲ့ အဲဒီမဲဆန္ဒခံယူပွဲကြီးအကြောင်း ၀ိုင်းပြောလိုက်ကြတာ။
ရေကျော်ဘက်မှာနေတဲ့ ဆရာဝန်တယောက်က …သူ့အတွေ့အကြုံကို ဒီလိုပြောပြပါတယ်။
သူက အမည်းပုံးထဲ မဲထည့်သတဲ့။ (အမည်းပုံးဆိုတာ ကန့်ကွက်မဲပါ။) မဲထည့်ပြီး မဲတွေရေဖို့ မြို့တော် ခန်းမကို မဲပုံးတွေသယ်တော့ သူကလည်း သူ့ရပ်ကွက်က ကောင်စီလူကြီးတွေနဲ့ ရောနှောလိုက်လာ သတဲ့။ သူတို့ရပ်ကွက်က မဲပုံးတွေရေတဲ့အခါ အမည်းပုံးကို မှောက်ချလိုက်တော့ မဲတပြားမှ ကျမလာ ဘူးတဲ့။ (ကန့်ကွက်သူမရှိတဲ့သဘောပေါ့။) သူကလည်း ရုတ်တရက်အံ့သြပြီး… ဟဲ့ ငါ့မဲ- အမည်းလေး ရောလို့ လွှတ်ခနဲပြောထွက်သွားလို့ အသာလျှိုပြီး ပြန်လာခဲ့ရသတဲ့။ တကယ်တော့ မဲတွေ မရေတွက် ခင်ကတည်းက အမည်းပုံးထဲက (ကန့်ကွက်) မဲတွေကို အဖြူပုံးထဲ (ထောက်ခံမဲအဖြစ်) ပြောင်းထည့် ထားကြပြီး.. ရာနှုန်းပြည့် ထောက်ခံမဲတွေရတယ်..လို့ ကြေညာခဲ့တာပါ။ အဲဒီနေ့ ရန်ကုန်လူထုကြီးက ရာနှုန်းပြည့်ထောက်ခံမဲ ရထားတယ်ဆိုတဲ့ မဆလအစိုးရကို ပြက်ရယ်ပြုလိုက်တာပါပဲ။
ကျွန်မတို့စကားဝိုင်းတွင်းကို မရောင်မလည်နဲ့ လူတချို့ရောက်လာပါတယ်။ ဆေးရုံကြီး မျက် စောင်းထိုးမှာရှိတဲ့ လမ်းမတော်အဆောင်တွေက ဆေးကျောင်းသားကြီးတွေပါ။ ၀ိုင်းဝန်းကူညီဖို့ဆိုပြီး တချို့တွေလည်း တကယ်ဝိုင်းကူညီလုပ်ဆောင်တာတွေ ရှိပါတယ်။ အဲဒီအုပ်ထဲမှာ လမ်းစဉ်လူငယ်က ခပ်စွာစွာ ခပ်ရမ်းရမ်း ၂ ယောက် ၃ ယောက် ပါလာပါတယ်။ သတင်း စနည်းနာဟန် ရှိပါတယ်။ ကျွန်မတို့ နဂိုရှိရင်းစွဲအုပ်ကလည်း ဒေါသကြောင့် ဘရိတ်ပေါက်ပြီး ပြောချင်တာတွေ ပြောနေကြတာ။ သူတို့ကို လည်း လမ်းစဉ်လူငယ်တွေမှန်းသိလို့ အမြင်ကတ်ကတ်နဲ့ စောင်းအုပ်ကြတာလည်း ပါတယ်။
ဒီမှာတင် အဲဒီလမ်းစဉ်လူငယ် တယောက်က …(ခပ်တင်းတင်းနဲ့)… ဒါတွေဟာ လက်ဝဲလက်ျာ အဖျက်သမားတွေက လှုံ့ဆော်လို့ဖြစ်ရကြောင်း၊ လက်ဝဲဘက်ကဆိုရင် ဗိုလ်ကျော်ဇောသားတွေ ဦး ဆောင်ပြီး၊ လက်ျာဘက်ကဆိုရင် ဦးကျော်ငြိမ်းသားတွေ ဦးဆောင်ကြောင်း၊ အစိုးရအနေနဲ့ ဘယ် လောက်စိတ်ရှည်စွာသည်းခံပြီး စောင့်ဆိုင်းကြောင်း၊ ဦးသန့်ရဲ့ကျန်ရစ်သူ မိသားစုဝင်များကတောင် စိတ် မရှည်ဖြစ်လာကြောင်း၊ နောက်ဆုံး ဘယ်လိုမှထိန်းမရလို့ ပစ်ရခတ်ရကြောင်း၊ ကျောင်းသားတွေက သိပ် ရိုင်းစိုင်းကြောင်း ဗိုလ်ချုပ်ကြီးနေ၀င်းကိုရော ကျန်တပ်မှူးများကိုရော ယုတ်ယုတ်ကမ်းကမ်းတွေ ဆဲကြ ပြောကြဆိုကြလို့ စစ်သားတွေက စိတ်မထိန်းနိုင်ဖြစ်ရကြောင်း၊ ..စသဖြင့် ပေါက်ပန်းဈေးတွေ ပြောလာ ပါတယ်။
ဒီမှာတင် ..ကျွန်မတို့တအုပ်လုံး ကျီးကန်းတွေလိုဝိုင်းပြီး အဲဒီလူကို ပြောလိုက်ဆိုလိုက်ကြတာလေ။
“ဟဲ့ ..မနက်တုန်းက နင်ဘယ်ရောက်နေလဲ။ ဒီမှာ အလောင်းတွေပုံထားရတယ် သိရဲ့လား။ (ကျွန်မ တို့အရေးပေါ်အခန်းကိုရောက်လာတာ အလောင်း(၁၇)လောင်းနဲ့ ဒဏ်ရာရ လူနာ(၈၀)ကျော် ရှိပါတယ်။) သွေးအလူးလူးနဲ့ သေနတ်ဒဏ်ရာသမားတွေကို နင်ဘာလို့ လာမကြည့်တာလဲ။ ဘာလက်နက်မှမရှိတဲ့ လူတွေကို စစ်မြေပြင်မှာပစ်သလိုပစ်တာ ဘာသဘောလဲ…နဲ့။ အဲဒီကောင်လည်း တချိုးတည်း လစ်တာပါ ပဲ။ ညအတော်နက်လာတော့ ဆေးရုံအုပ်ကြီးက လူနာတင်ကားတွေနဲ့ အိမ်ပြန်ဖို့ စီစဉ်ပေးပါတယ်။ ကျွန်မ တို့တတွေလည်း လူနာတင်ကားတွေနဲ့ ဥသြသံတဝေါဝေါနဲ့ (နေ၀င်မီးငြိမ်း အမိန့်ကြောင့်) အိမ်ပြန်ကြရ ပါတယ်။
အဲဒီ တရက်တည်းနဲ့ရခဲ့တဲ့ ကျွန်မရဲ့အတွေ့အကြုံတွေဟာ တဘ၀စာ လုံလောက်ခဲ့ပါတယ်။ နောင် ဖြတ်သန်းရတဲ့တော်လှန်ရေး ခရီးကြမ်းကြီးအတွင်း ဘယ်လောက် စိတ်ညစ်စရာတွေ၊ စိတ်ဓာတ် ကျစရာတွေ တွေ့ရတွေ့ရ၊ အဲဒီနေ့က ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေရဲ့မျက်နှာတွေကို ပြန်မြင် ယောင်ရင်း… “ပြည်သူတွေ မလွတ်မြောက်သေးဘူး။ ဒုက္ခဆင်းရဲတွေ ခံနေရတုန်း၊ သူတို့ခံစားနေရတဲ့ ဒုက္ခနဲ့စာရင် ငါတွေ့နေရတဲ့ဒုက္ခက ရယ်စရာပဲ။ ငါ တာဝန်မကျေသေးဘူး” ဆိုတဲ့အတွေးက ကိုယ့်ကိုကိုယ် ပြန်လည် တည့်မတ်ပေးခဲ့တာချည်းပါပဲ။
၇၄-၇၅-၇၆ အရေးအခင်းများအတွင်းမှာ ဖော်ပြခဲ့တဲ့နေရာပေါင်းစုံက ပြည်သူအသီးသီးရဲ့ စိတ် ဓာတ် ထာဝစဉ်အဓွန့်ရှည်ပါစေ။
၇၄-၇၅-၇၆ အရေးအခင်းများအတွင်းမှာ ရင်းနှီးပေးဆပ်ခဲ့ရတဲ့ ပြည်သူတွေရဲ့အသက်တွေ ဘ၀တွေသွေးတွေ စွန့်လွှတ်မှုအမျိုးမျိုးတွေဟာ တခုမှ ဘယ်တော့မှ အလဟဿ မဖြစ်စေရပါဘူးလို့ လည်း ကတိပြုလိုက်ပါတယ်။
လှကျော်ဇော
၂၈-၆-၂၀၁၆။