ကျော်ဟုန်း - လူစက်ရုပ်နဲ့  စက်ရုပ်လူ
(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၁၆
ကာဖိန်းကို အရည်ဖျော်ပြီး
ပါးလုတ်ကျင်းရမြဲ နံနက်ခင်း
အစဉ်အလာအရ မင်္ဂလာပါနှုတ်ဆက်။
နောက်ကျိကျိအဟောင်းတွေ
အာရုံခံထဲက မောင်းထုတ်ဖို့ 
အကြီးကြီး ကျေးဇူး ကာဖိန်းရေ...
မင်းကိုလည်း မင်္ဂလာပါ။
ဇိမ်ခံကားတွေထုတ်တဲ့ စက်ရုံထဲ
ငါ့ သူငယ်ချင်း ရိုဘော့ကို တွေ့ 
ကော်ဖီသောက်စရာမလိုတဲ့ သူငယ်ချင်း
သူ့ လည်း မင်္ဂလာပါ။
နှောင်ကြိုးဖွဲ့ ပိုက်ကွန်ထဲ
လုံးထွေးပျော်ပါးကြ ဝဋ်ဒုက္ခ
အဆင်မတူ အရောင်တွဲသံသရာ
ပျော်ပါးစရာ ဗိမာန်သတ်မှတ်ရင်း
အပြုံးတုတွေစား အားဖြစ်ကြစို့ လေ။
ရိုဘော့က ငါ့ကို ခိုင်း
ငါက ရိုဘော့ကို ခိုင်း
တကယ်တော့ ဘဝတူတွေပါ။
မတူတာဆိုလို့ 
ရိုဘော့က အစာမစားရဘူး
လုပ်ခ မရတဲ့ ငွေဝယ်ကျွန်။
ငါက အစာဖြည့်ရတယ်
လုပ်ခရတဲ့ ငွေနယ်ကျွံ ။
ဒီလိုနဲ့  တပတ် ၅ ရက်
တခါတလေ ၆ ရက်
နေထွက် နေဝင် ဆုံလည်ကြီးထဲ
ထည့်ကြိတ်ခံနေရ အတူတူ
တခြားတခြား ဘဝစုံတွေလည်း
ဒို့ နဲ့ သိပ်မခြား။
အားတင်းထား
မင်းလည်း ဂျုံးဂျုံး မကျတဲ့အထိ
ငါလည်း ဗုန်းဗုန်း မလဲတဲ့အထိ။
ဒီကာလအတွင်းမှာ
တခါတလေတော့
ရိုဘော့ရေ ...
မင်းကိုလည်း ငါ ကော်ဖီတိုက်ချင်ပါတယ်။ ။
ကျော်ဟုန်း
၂၀၁၆၀၇၂၁
Photo credit - http://chuckmanrobots.blogspot.com/2014/04/john-chuckmans-robots-coffee-robot-art.html