ရာသက်ပန်(တောင်ငူဆောင်) - ၂၀၁၆ သြဂုတ်မှတ်တမ်း
(မိုးမခ) သြဂုတ် ၂၊ ၂၀၁၆
မနေ့က နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲနဲ့ စာအုပ်ရောင်းပွဲကိုရောက်ခဲ့ပါတယ်။ စာပေလောကသား တော်တော်များများနဲ့ စာရေးဆရာ ကဗျာဆရာ ထုတ်ဝေသူအချို့ကို တွေ့ခဲ့ရပါတယ်။ မတွေ့ဖြစ်တဲ့ ဆွေမျိုးများနဲ့ တွေ့လိုက်ရသလို ဝမ်းသာကြည်နူးရပါတယ်။ လူတော်တော်တိုးရပါတယ်။ ကျောင်းဖွင့်ရက်မို့ အခြေခံပညာ ဆရာမအချို့နဲ့ကျောင်းသားအချို့ကို အဖြူအစိမ်းဝတ်စုံလေးများနဲ့ တွေ့ရပါတယ်။ စာအုပ်ဆိုင်တွေမှာလည်း စိတ်ဝင်တစားဝယ်ယူ နေတာကိုမြင်ခဲ့ရပါတယ်။ ဆရာအေးမောင်ကျော်ရဲ့"လစ်ဘရယ် ဒီမိုကရေစီကောက်ကြောင်းနှင့် မြန်မာ့အကူအပြောင်း"စာတမ်းကို နားထောင်ခဲ့ပါတယ်။ ကြောင်နှစ်ကောင်စာပေမှာ တာရာမင်ဝေရဲ့စာအုပ်တွေ ရောင်း နေတာတွေ့လို့ လူငယ်တွေကြားထဲဝင်တိုးပြီး သူ့ရဲ့ပထမဦးဆုံးလုံးချင်း"ဘာ ကချေသည်လည်း မသိဘူး ရှိလား"လို့မေးလိုက်မိပါတယ်။ ပါးစပ်ဖျားထဲမှာ ရုတ်တရက် မေ့သွားလို့ပါ။
လူငယ်လေးတယောက်က ကျမကိုပြုံးကြည့်ပြီး "အရှေ့မြို့ရိုးက ကချေသည် "လို့ဖြေပါတယ်။
ကျမ သူ့ကိုလှိုက်လှိုက်လှဲလှဲပြုံးပြလိုက်ပြီး"အေး ဟုတ်တယ်"လို့ ပြန်ဖြေလိုက်ပါ တယ်။ သူက"မရှိဘူး"လို့ ပြောပါတယ်။ ရောင်းသူက ဖြေတာမဟုတ်ဘဲ ဝယ်နေသူ လူငယ်လေးက ဖြေတာမို့သူလည်း အဲဒီစာအုပ်ကိုရှာနေဟန်တူပါတယ်လေ။ ထူးခြားတာကရောင်းနေသူအမျိုးသမီးပါ။ သူကစာအုပ်တွေကို ဘယ်စာအုပ်ကတော့ဖြင့် အရောင်းရဆုံးမှာ ဘယ်နှခါ ပါတယ်။ ဘယ်စာအုပ်ကတော့ စာရေးသူ ကိုယ်တိုင်အင်တာဗျူးပြီး ရေးထားတာ စသဖြင့်ပေါ့လေ။ စိတ်ဝင်တစားနားထောင်နေသူတွေများသား။ လူငယ်တွေရော အိုအိုမင်းမင်းလူကြီးတွေရော အရွယ်စုံတွေ့ရတယ်။
ဆရာလေးကိုတင်ကတော့ မျက်စိခွဲထားလို့တဲ့ မျက်မှန်အမည်းကြီး တပ်ထားတယ်။ ခေတ်ရနံ့မှာ စာရေးဖို့ ပြောနေသေးတယ်။ ရင်ထဲမှာစာရေးချင်စိတ် တွေအုံကြွလာတာ ရေးဖော်ရေးဖက် အမျိုးတွေကြောင့်ဆိုတာ ငြင်းမရဘူး။ အဲဒီနားမှာပဲ မတ်တပ်ရပ်ပြီးစကားပြောနေတုန်း လက်ထဲကို ဖိတ်စာတစောင်ရောက်လာတယ်။ သူငယ်ချင်းတာရာမင်းဝေရဲ့(၉)နှစ်ပြည့် အောက်မေ့ဖွယ် ဖိတ်စာလေးပါ။ နီကိုရဲကိုလည်း တွဲပြီးသတိရလိုက်ပါတယ်။ ဒီလိုအချိန်မှာ သူတို့ကို ရှိစေချင် လိုက်တာ။ နှစ်ယောက် စလုံးဟာကျမနဲ့အလွန်ခင်မင်ရင်နှီးသူတွေ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့(၂၁)နှစ်လောက်က ကျမတာဝန်ကျရာဒဂုံတက္ကသိုလ်ဆီ တာရာမင်းဝေနဲ့နီကိုရဲတို့ ရောက်လာပြီး လက်ဖက်ရည်ဆိုင်မှာ စကားတွေအများကြီး ပြောဖူးပါတယ်။ တာရာမင်းဝေဟာ မဆုံးခင်ရက်ပိုင်းအလိုမှာ ကျမဆီ ဖုန်းဆက်ပါ သေးတယ်။ ကျမမောင်လေးတစ်ဝမ်းကွဲ စစ ခေါ် တင်မောင်စိုးနဲ့ သူက သူငယ်ချင်းဖြစ်နေတာကို သိစေချင်လို့ စစဆီက ဖုန်းနံပါတ်တောင်းပြီး ဆက်တာပါ။ သူ့ဘေးမှာစစလည်း ရှိပါတယ်။ သူဆုံးတော့ စစမရှိပါဘူး။ စင်ကာပူပြန်သွာခါစပဲ ရှိပါသေးတယ်။ စစပြန်လာတော့ ကျမနဲ့စစသူ့အကြောင်းတွေ အများကြီး ပြောဖြစ်ပါသေးတယ်။ သြဂုတ်လဟာ ကျမတို့အတွက်အောက်မေ့သတိရစရာတွေများ လွန်းလှပါတယ်။ သူဈာပနချတော့ သြဂုတ်လ(၇)ရက်နေ့ပါ။
နောက်နေ့ဟာ ရှစ်လေးလုံးနှစ်ပတ်လည်နေ့မို့ အစောင့်အကြပ်တွေများစွာနဲ့ ဈာပနပို့ခဲ့ရပါတယ်။ ကိုမင်းကိုနိုင်က ကဗျာရွတ်ပါတယ်။
သူ့ကိုချစ်တဲ့သူတွေလိုက်ပါပို့ဆောင်တဲ့ သူ့ဈာပနဟာ စည်ကားလှပါတယ်။ သူ့ဈာပနပို့ပြီး ကျမရယ်၊ မနှင်းဝေငြိမ်းရယ်၊ ကာတွန်းစိုးသော်တာရယ်၊ ကံ့ကော်ဝတ်ရည်ဝိုင်းရယ်၊ ကိုရိုးကွန့် ရယ်တို့ဟာ အစ်မကြီးသန်းမြင့်အောင်ရဲ့ ပရဟိတစာသင်ခန်းလေးဖြစ်တဲ့ "အောင်စေ"မှာ ဆုပေးပွဲရှိလို့ သင်္ကန်ကျွန်း ကြီးပွားရေးရပ်ကွက်ဆီ ဆက်လိုက်လာကြပါတယ်။
ကြီးပွားရေးရပ်ကွက်လို့သာ ဆိုတယ်။ တဲသာသာအိမ်ကလေးတွေနဲ့ ရွံ့ဗွက်တွေကို ကျော်ခွ သွားကြရတာမှတ်မိပါတယ်။ (လွန်ခဲ့တဲ့ ၉ နှစ်တုန်းက အခြေအနေကို ပြောတာပါ။) ပြီးတော့ကလေးတွေကို သြဝါဒစကားတွေ အသီးသီး မြွက်ကြားခဲ့ကြတာ မှတ်မိနေပါ သေးတယ်လေ။
အဲဒီနောက်တော့ ဓာတ်ဆီဈေးတွေတက်မှုကြောင် ဘတ်စ်ကားခ ဈေးနှုန်းလိုက်တက်ပါတယ်။ အဲဒီကိစ္စကြောင့် လမ်းလျှောက် ဆန္ဒထုတ်ဖော်လို့ဆိုပြီး ကိုမင်းကိုနိုင်တို့ အဖမ်းခံရပြန်ပါတယ်။ မှတ်မိသလောက်ပြောပြတာပါ။
တာရာမင်းဝေ နှစ်ပတ်လည်ပြီးရင် ရှစ်လေးလုံး နှစ်ပတ်လည်လာတော့မယ်။
ရှစ်လေးလုံးနှစ်ပတ်လည်ပြီးမှ ကွယ်လွန်ကြသော ဆရာမောင်ဝံသ ဆရာမင်းလူ ဆရာကြီး ဒဂုန်တာရာတို့ဟာလည်း သြဂုတ်မှာ ကွယ်လွန်ခဲ့ကြတာကို တဆက်တည်း မှတ်မိလာစေပါတယ်။ ဒီလိုအချိန်မှာ သူတို့ကိုပိုလွမ်းမိပါတယ်။ ရှိနေစေချင်တယ်။
ကျမရန်ကုန်တက္ကသိုလ်မှာတာဝန်ကျစဉ်အခါ (၂၀၁၀) ပြည့်နှစ် သြဂုတ်လ (၉)ရက်နေ့မှာ တာရာမင်းဝေ၏"လိပ်ပြာ"'ဝတ္တုတိုမှ အတွေးအမြင် စာတမ်းကို အမှတ်တရအနေနဲ့ ဖတ်ကြားခဲ့ပါ တယ်။ သူရဲ့ (၉)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်း အနားမှာလည်း သူ့ရဲ့အနုပညာကိုလေးစား တန်ဖိုးထားသူတွေစုဝေးပြီး ကဗျာတွေရွတ် အမှတ်တရ စကားတွေပြောကြမယ့်အကြောင်း ကျမဆီ ရောက်လာတဲ့ဖိတ်စာလေးကတဆင့် သိရှိရပါတယ်ရှင်။
ရာသက်ပန် (တောင်ငူဆောင်)
31.7.2016. Sunday
ဖြည့်စွက်ချက်။ ။
စာတမ်းမျက်နှာဖုံးလေး ကျန်ခဲ့လို့ထပ်တင်လိုက်ပါတယ်။ အဲဒီစာတမ်းလေးကိုတက္ကသိုလ်များသုတေသနဂျာနယ်မှာထည့်ဖို့ စီစဉ်ပါသေးတယ်။ စာတမ်းမှာ နိုင်ငံရေးကင်းရှင်းကြောင်း စာတမ်းရှင်ကဝန်ခံကတိပြုရမယ်ဆိုလို့ မထည့်ဖြစ်တော့ပါဘူးရှင်။