မောင်လူရေး - ဗမာ့လက်နက်မကိုင်တော်လှန်ရေး
(မိုးမခ) သြဂုတ် ၄၊ ၂၀၁၆
မြန်မာပြည်ကြီး စစ်ဖိနပ်အောက် ပြားပြားဝပ်မှောက်နေတော့ ဗမာတွေ ဘာလုပ်နေလဲ ပြန်ကြည့်မိတယ်။
လက်နက်ကိုင်တိုက်မှဖြစ်မယ်ဆိုပြီး တောခိုသူလဲ ခိုကြပေါ့လေ။ အများစုကတော့ လက်နက်မကိုင်ကြပါဘူး။ လက်နက်မကိုင် တော်လှန်ရေးဘဲ လုပ်ကြတယ်။ လက်ထဲ ဆိုင်းဘုတ် ကိုင်ကြပါတယ်။ နိုင်ငံရေး လုပ်ကြပါတယ်။ နိုင်ငံ့အရေး၊ တနိုင်ငံလုံးအရေးပေါ့လေ လုပ်ကြတယ်။ ဆဲဗင်းဂျူလိုင်က စလို့ ရွှေဝါရောင်တော်လှန်ရေးထိ အရေးတွေကလဲ များစွလေ။ နိုင်ငံရေးအကျဉ်းသားစာရင်း ကောက်မရလောက်အောင်ကိုဘဲ များခဲ့တာကလား။ လက်နက်မကိုင် တိုက်ပွဲဆိုတော့ ဒိုင်းဆို တချက်ထဲ သေတာမဟုတ်ဘဲ နှစ်ပေါင်းများစွာ မျှင်း သတ်ခံရတာမျိုး။
ကိုယ့်တက်နင်းထားတဲ့ စစ်ဖိနပ်ကြီးကို ကြည့်လိုက်ပြန်တော့ တပ်မတော်ပေါ့။ မြန်မာ့တပ်မတော်ကြီးလေ။ ခုတော့ ဗမာတွေကို အပိုင်စားပေးလိုက်တဲ့ တပ်မတော်ကြီး။
တချိန်တုန်းကတော့ လွတ်လပ်ရေးရပြီးချိန်မှာ ချင်း၊ ကရင်၊ ကချင်၊ ရှမ်း သေနတ်ကိုင်တပ်ရင်းတွေနဲ့ တပ်မတော်ကြီးပေါ့။ ကရင် ၃ ရင်း ကျန်တာတွေက ၁ ရင်းဆီဖြစ်မယ်ထင်ပါတယ်။ ၁၉၄၉ မှာ ကရင်တွေနဲ့ ဆော်ကြတော့မှ ကရင်တပ်ရင်း ၃ ရင်းကို ဖျက်လိုက်သတဲ့။ ၁၉၇၇ မှာတော့ ချင်းသေနတ်ကိုင် တပ်ရင်း သုံးရင်း၊ ကချင်သေနတ်ကိုင် တပ်ရင်း ၃ ရင်း၊ ရှမ်းသေနတ်ကိုင် တပ်ရင်း ၁ ရင်း ရှိတယ်တဲ့ဗျ။ အဲ ကယားတပ်ရင်းလည်း ၁ ရင်း ရှိဆိုဘဲ။ ဗမာသေနတ်ကိုင်တပ်ရင်းက ၆ ရင်းတဲ့။ ၁၉၅၀ နောက်ပိုင်း တပ်မတော်တွေတိုးချဲ့တော့ တိုင်းရင်းသားတွေ တဖြေးဖြေးလျော့လာတယ် တဲ့။ ၁၉၉၀ နောက်ပိုင်းကျတော့ တပ်နံပါတ်တွေပဲ သုံးပါတော့တယ်။ ဥပမာ ခမရ ၃၀၁၊ ၃၀၂ စတာတွေဟာ အဲဒီတပ်တွေကို နာမည်ပြောင်း ထားတာတွေပါတဲ့။
ပြောချင်တာက တပ်မတော်ကြီးဖိနပ်အောက် ရောက်ခဲ့တယ်ဆိုတာဟာ ဗမာ့ဖိနပ်အောက်လို့ ပြောမရသလို အဲဒီဖိနပ်အောက်မှာတော့ ဗမာတွေဟာလဲ နိုင်ငံရေးအရ ပြားပြားမှောက်ခဲ့ရတယ် ဆိုတာပါ။
အရေးအခင်းကြီးတွေ ကြည့်လိုက်ပါ။ ဗမာတွေအများစုလည်း ပါဝင်ကြပါတယ်။ အဖမ်းခံရတဲ့သူတွေ ကြည့်လိုက်ပါ။ ဗမာတွေလည်းပါတာဘဲ။ ဗမာတွေလည်း နိုင်ငံတခုလုံးအရေးကို ကိုယ့်နိုင်ငံအပေါ် အုပ်ချုပ်မင်းမူနေတဲ့ စစ်အာဏာရှင်ကို (စနစ်ကို) လက်နက်ချင်းစီးချင်းထိုးတာမဟုတ်ဘဲ နိုင်ငံရေးကိုင်ပြီး စီးချင်းထိုးရတာပါ။ အဲဒီလို တတိုင်းပြည်လုံး စစ်ဖိနပ်အောက် ရောက်နေချိန်မှာတော့ အဲဒီတပ်မတော်နဲ့ ပေါင်းပြီး တလှည့်စီ စီးပွားဖြစ်ကြတဲ့အထဲမှာ ဗမာ လက်နက်မကိုင် တော်လှန်ရေးသမားတွေ မပါကြပါဘူး။
ဒါပေမဲ့ ဒီနေ့လို နင်းထားတဲ့ တပ်မတော်ဖိနပ်ကို ကြွအောင် မပြီး နိုင်ငံရေးအသီးအပွင့်တွေ ဖြစ်ပေါ်လာချိန်မှာတော့ ဗမာလက်နက်မကိုင်တော်လှန်ရေးသမားတွေရော၊ ဆင်းရဲလွန်းလို့ ခေါင်းတောင် မဖော်နိုင်တဲ့ ဘာပြင်ပ အထောက်အပံ့တွေမှ မရတဲ့ ဗမာတွေရော၊ ဘုသိသလိုလို ဘသိသလိုလို ဗမာတွေရောဟာ မြန်မာ့လက်နက်ကိုင်တပ်မတော်ကြီးရဲ့ လုပ်ရပ်မှန်သမျှ တာဝန်ခံရမယ့်ကိန်းဆိုက်လာတယ်။
ဒါဟာ ပရိုပိုဇယ်ပယောဂမှ ကင်းရဲ့လားလို့ ထင်မိပါတယ်။