မောင်ရင်ငတေ ● ပျူတိုကျွန်းက ၀ိုင်သူဌေး
(မိုးမခ) သြဂတ်စ် ၄၊ ၂၀၁၆
မောင်ရင်ငတေတို့ နေ့စဉ်ဖြတ်သန်းနေရတဲ့ ပါရီမြို့ပြဘဝနဲ့လည်း ခပ်ဝေးဝေးမှာသာရှိတာပါ။
ပျူတိုကမ်းကို ကပ်ထားတဲ့ မော်တော်အိမ်တွေရယ် ကစားကွင်းတွေရယ် အခုရေးမယ့် Famille Rothschild ရို့ထ်ချီမိသားစုကြီးကောက်ကြောင်းရယ် တကယ်တမ်းကတော့ တခုချင်း ရေးရမှာပါ။
အခုတော့ သုံးခုပေါင်း ပျူတိုကျွန်းအကြောင်းလို့သာ မှတ်လိုက်ပါတော့။
ဒီပျူတိုကျွန်းကို Île Rothschild လို့လည်း ခေါ်ခဲ့ကြပါသေးတယ်။ ၁၉၀၀ နှစ်များမတိုင်မီက ဒီလိုမျိုး ကစားကွင်းတွေ မရှိ သေးခင် ကာလကပေါ့၊ ဒီကျွန်းပေါ်မှာ စိုက်ခင်းပျိုးခင်းတွေ ရှိခဲ့ပါတယ်တဲ့။
အဲဒီ စိုက်ခင်းတွေနဲ့ ကုန်ချောထုတ်လုပ်တဲ့စက်ရုံ ပိုင်ရှင်ကတော့ ဂျာမန်ပြည်ဖရန့်ဖွတ်မြို့မှာ မွေးဖွာခဲ့သူ ဂျူးနွယ်ဖွား James Mayer de Rothschild (Jakob Mayer Rothschild) ရို့ထ်ချီ (၁၇၉၂-၁၈၆၈) အမည်ရ သူဌေးကြီးတဦးပါ။
အဲဒီလို James de Rothschild ခေတ်က လယ်ယာထွက်ကုန်စက်ရုံ တည်ရှိခဲ့တဲ့ အဲဒီကျွန်း Île de Puteaux ပျူတိုကျွန်း လေးက ၁၉၀၀ ပြည့်နှစ်မှာတော့ အိုလံပစ် တင်းနစ်ကွင်းတွေအဖြစ် အသိမှတ်ပြုခံ သတ်မှတ်ခံခဲ့ရခြင်းပါ။
ဘယ်လိုကဘယ်လို အားကစားကွင်းတွေအဖြစ် ပြောင်းလဲခဲ့သလဲတော့ မောင်ရင်ငတေ ဖတ်မိသမျှ မပါပါဘူး။
ဒီကျွန်းမြေ ပိုင်ဆိုင်မှုက အဲသူဌေးကြီးမိသားစု အစဉ်အဆက် ပိုင်ဆိုင်လာခဲ့ဖွယ်ရှိပြီး (ဘယ်လိုနည်းနဲ့ ပိုင်ဆိုင်လာရသလဲ ပိုင်ရာဆိုင်ရာတွေကို ပူဇော်ပသပြီး ရခဲ့လေသလား .... .. .. နောက်ပိုင်းတော့ အားကစားကွင်းတွေအဖြစ် ဘာလို့ အသွင် ပြောင်းခဲ့တာလဲ) ဒါတွေကိုတော့ ဒီနေရာမှာ အကျယ်မပြောကြတာ ကောင်းပါတယ်။
ဘယ်လို ဖြစ်ဖြစ်ပါ၊ အားကစား ကွင်းတွေသာရှိပြီး ဒီကနေ့ထိ လူမနေတဲ့ကျွန်းအဖြစ် ရပ်တည်နေတာကိုတော့ ကြိုဆိုရပါမယ်။
၁၇၀၀ ပြည့်နှစ်ဝန်းကျင်က စတင်ထင်ရှားခဲ့တဲ့ ဘဏ်လုပ်ငန်းရှင် Famille Rothschild သူဌေးမျိုးရိုးကနေ ဆင်းသက် လာတဲ့သူပါ၊
ဂျာမဏီ သြစတြီးယား အီတလီ ဆွစ်ဇာလန် ပြင်သစ် အင်္ဂလန်တို့မှာ သူတို့ပိုင်ဆိုင်တဲ့ ဘဏ်နဲ့ ငွေကြေးလုပ်ငန်းတွေက ခေတ်အဆက်ဆက် အများကြီးပါ၊ မူလပထမက အတိုးချေးစား ငွေနဲ့ပစ္စည်း ဖလှယ်တဲ့လုပ်ငန်းတွေလုပ် ကြီးပွားခဲ့ကြ သူ တွေလို့ ဆိုပါတယ်။
ဂျာမဏီ ဖရန့်ဖွတ်နယ်ဇာတိဖွားတွေဖြစ်ပြီး နောက်ပိုင်းမှာတော့ သူတို့မိသားစုဝင်တွေဟာ အနောက်ဥရောပ တကြောမှာ ဖြန့်ကျက်အခြေချလာကြပါတယ်။
James Rothschild ကတော့ ပါရီမြို့မှာ အခြေစိုက် နေထိုင်ခဲ့သူပါ။
ရို့ထ်ချီ ဘဏ်လုပ်ငန်းကို စတင်တည်ထောင်ခဲ့သူ Mayer Amschel Rothschild ရဲ့ မွေးချင်းဆယ်ယောက်ထဲက အငယ် ဆုံးပါ၊
ပြင်သစ်ပြည်မှာ အခြေချနေထိုင်ခဲ့ပြီး ဘဏ်လုပ်ငန်းတင်မက သတ္တုတွင်း ရထားပို့ဆောင်ရေး ကမ်းလွန်ရေနံ မျိုးစုံ လုပ်ကိုင်ခဲ့သူပါ၊ ပါရီ-လန်ဒန် ရထားလမ်း ဖောက်လုပ်ရေးကို ထဲထဲဝင်ဝင် သူတို့ ညီအကိုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါ တယ်။
သူတို့ ညီကို ငါးယောက် ဦးစီးပြီး ဥရောပတဝန်း ဖြန့်ကျက်စီးပွားရှာခဲ့တာ ဒီကနေ့မှာ ရို့ထ်ချီမျိုးဆက် (၇) ဆက်မြောက်ထိ တိုင်ခဲ့ပါပြီတဲ့ ခင်ဗျာ။
အနှစ်သုံးရာကျော် သက်တမ်းရှိ ရို့ထ်ချီဖယ်မလီကြီးရဲ့ ပိုင်ဆိုင်မှုအရပ်ရပ်က ဒီကနေ့ ဒေါ်လာငွေနဲ့ ဆိုရင် ((၇) နောက်က သုညဆယ်လေးလုံး) ၇၀၀ ထရီလီယံကျော်မျှမက ရှိကောင်းရှိနိုင်တယ်လို့ တွက်ချက်သူတွေက တွက်ချက်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဘီလျံနာ စာရင်းမှာတော့ ဘာကြောင့်ရယ် မသိ မပါဝင်နေပါဘူး၊ အံ့သြစရာပါ။
အဲဒီ ပျူတိုကျွန်းပိုင်ရှင်ဟောင်း James de Rothschild ကြီးရဲ့ နောက်ထင်ရှားတဲ့ လုပ်ငန်းကတော့ စပျစ်စိုက်ပျိုး ဝိုင် ထုတ်လုပ်ခြင်းပါ၊
နာမည်ကျော် ထိပ်တန်းဝိုင် ဖြစ်တဲ့ Château Lafite Rothschild တံဆိပ်ကတော့ Premier Grand Cru ဝိုင်နီထဲမှာ ထိပ်ဆုံး တန်းက ကျော်ကြားပါတယ်။
၁၈၆၈ ခုနှစ် James de Rothschild မဝယ်ယူခင်ကထဲက အဲဒီ စပျစ်ဝိုင်စိုက်ခင်းတွေက နာမည်ကျော်ပြီးသားပါ။
အမေရိကန်က Thomas Jefferson (၁၇၄၃-၁၈၂၆) သမ္မတကြီးမဖြစ်ခင် ပြင်သစ်ရဲ့ သံအမတ်ကြီး ဘဝနဲ့ ပါရီမှာနေစဉ် ၁၇၈၇ ခုနှစ်က အဲဒီစပျစ်ဝိုင်ခင်းသို့ ရောက်ရှိခဲ့ပြီး ဝယ်ယူသိုလှောင်ထားခဲ့ပါတဲ့ Lafite Rothschild ဝိုင်တလုံးက ဒီကနေ့မှာ ပေါက်ဈေး ဒေါ်လာတသိန်းခွဲတန်နေပြီး ဈေးအကြီးဆုံး ဝိုင်ပုလင်းအဖြစ် ကျော်ကြားပါတယ်။ ဟုတ်မဟုတ် စစ်မစစ်ကတော့ ပုံမှန်ရောင်းတဲ့ Lafite တံဆိပ် ဝိုင်နီတလုံးရဲ့တန်ဖိုးက ယူရိုလေးငါးရာ ခြောက်ရာ အောက် ထစ်ရှိတာမို့မောင်ရင်ငတေလိုကောင် စမ်းသောက်မကြည့်နိုင်လို့ မသိပါဘူး။
တခြား ရို့ထ်ချီဖယ်မလီနွယ်ဖွားတွေရဲ့ စပျစ်ဝိုင်လုပ်ငန်းတွေ အများကြီး ရှိနိုင်ပါသေးတယ်။ အဲဒီထဲမှာ မောင်ရင်ငတေ သိထားတဲ့ ဝိုင်ကတော့ Château Clarke ဝိုင်ပါ၊ Edmond de Rothschild အုပ်စုရဲ့ စပျစ်ဝိုင်တမျိုးပါ။
သူတို့အုပ်စု အမည်ခံလို့ ဝိုင်လောကထဲ ဝင်ရောက် လာတာကတော့ အနှစ်ငါးဆယ် မပြည့်လောက်သေးပါဘူး။ ဘောဒိုနယ် တဝိုက်မှာ သူတို့ ပိုင်ဆိုင်တဲ့ ဝိုင်စိုက်ခင်းတွေကတော့ တစတစ များလာပါတယ်တဲ့။
နာမည်ရ လူသိများတဲ့ Château Clarke ဝိုင်စိုက်ခင်းတွေကတော့ ဧကပေါင်း တရာ့ငါးဆယ်ကျော်လောက် ရှိပြီး တနှစ်ကို ဝိုင်ပုလင်း နှစ်သိန်းခွဲလောက် ဈေးကွက်တင်ရောင်းချနိုင်ပါတယ်တဲ့။ ဈေးနှုန်းကတော့ သာမန်အနိမ့်ဆုံး ဝိုင်က တပုလင်း ယူရို နှစ်ဆယ် သုံးဆယ်လောက် ဈေးပေးရပါတယ်။ တခါက သူများတိုက်လို့ သောက်ခွင့်ကြုံရင်း မောင်ရင်ငတေ မြည်းစမ်း ကြည့်ခွင့် ရခဲ့ဖူးပါတယ်။
မောင်ရင်ငတေတို့ နေ့စဉ်သောက်နေတဲ့ ဝိုင်တပုလင်းက နှစ်ယူရိုသုံးယူရိုလောက်သာပေးရတာမို့ ဆယ်ဆလောက် ဈေး ပိုကြီးတယ်ပြောလို့ ရပေမယ့် အဲဒီ Château Clarke ကလည်း သိပ်ထူးထူးခြားခြားကြီးတော့ မဟုတ်လှပါဘူး။
သူတို့ပိုင် အကောင်းဆုံး Hôtel Luxe Domaine du Mont D'Arbois ဟော်တယ် ပြူတင်းပေါက်ကတဆင့် အဲလ်ပ် ရေခဲတောင်ထွဋ် တောင်ထိပ်တွေရဲ့ ဖြူဖွေးဖွေး အေးမျှမျှ အလှကို ဇိမ်ခံလို့ငေးရင်း သူတို့တွေရဲ့ အကောင်းဆုံး Premier Grand Cru Lafite ရို့ထ်ချီတံဆိပ် ဝိုင်နီလေးတခွက်လောက် ခံစားသောက်ကြည့်ခွင့်ရမယ်ဆိုရင်တော့ ကောင်းလှပါသည် ဒေါင်းမြကြည်လို့ ဆိုရလေမလား ….. ပါ။
သူတို့မျိုးနွယ်တွေသားချင်းတွေက များလွန်းလှသလို အနောက်ဥရောပတကြောမှာ သူတို့မျိုးနွယ်စု ပိုင်ဆိုင်ကြတဲ့ Château, Villa,Maison ခေါ်ကြတဲ့ အိမ်ကြီးအိမ်ကောင်းတွေ အများအပြားရှိပါတယ်၊ အဲဒီအကြောင်းတွေကိုတော့ ကြုံကြိုက်လို့ ရောက်ခဲ့ရင် မှတ်တမ်းတင် ရေးဖို့ ကြိုးစားပါဦးမယ်။
Île Rothschild သို့မဟုတ် Île de Puteaux သို့မဟုတ် ** * ပါရီမြို့ပြင်က လူမနေတဲ့ကျွန်း * *** အကြောင်း ဖတ် ထားမှတ်ထားတာလေးတွေကို စာစုတစုဖြစ်အောင် ဖန်တီးလိုက်ရင်း … … …… ... ရို့ထ်ချီ ဖယ်မလီဝင်တွေအကြောင်း ရှာဖွေဖတ်ခဲ့ဖူးတာတွေထဲက ဂုဏ်ပြုစာတပိုဒ် ဖော်ပြလိုက်ရင်း
One Should Definitely Know About The Rothschild Family
As They Were The People Who Had The Power In Their Fingertips
They Could Break The War Or Make The War.
ဒီစာစုကို နိဂုံးချုပ်လိုက်ရပါတယ်ခင်ဗျား။
မောင်ရင်ငတေ ၀၂၀၈၂၀၁၆