စောဝေ - စင်္ကာပူ
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၅
၁။ ဟိုးတစ်ချိန်ကတော့
ငါတို့ကို တူအောင် တုမယ် ဆိုတဲ့မြို့
လေဆိပ်မှာထဲက စည်းကမ်းကျတဲ့ အလှကိုငေး
နေစရာတွေငေး၊ နားစရာတွေငေး
မလိုသူတွေက ပွဲစားမြို့လေးတဲ့
ဒါပေမယ့် သူဟာ ကမ္ဘာလေးတစ်ခုပါ
ဒီကမ္ဘာလေးကို အစစ်အတု ခွဲပြီး အလှရှာမဲ့
မြန်မာအဖေနဲ့ သမီးကို မသင်္ကာတဲ့ မျက်လုံးနဲ့။
၂။ ရန်ကုန်ရေ နင် ဘယ်လောက်ပြတ်ကျန်ခဲ့ပြီလည်း
ငါတို့ မပြောရဲတော့ဘူး...
တစ်နေ့တစ်လံပေါ့ စင်္ကာပူရယ်
သစ်ပင်တွေ ပန်းတွေက စနစ်တကျပွင့်ပြီး
စနစ်တကျ ကြွေရတယ်
လူတွေရော ဒီလိုပဲလား?
တို့အမျိုးတွေအတွက် စိတ်ပူလိုက်တာ။
၃။ သုပ်သုပ်သွား၊ သုပ်သုပ်လာ၊ သုပ်သုပ်စား
သုပ်သုပ်နား၊ အလုပ်တအားလုပ်
လူရောင်စုံကြားထဲမှာ
အပြုံးမှာ စေတနာပါတာ မြန်မာ
အမုန်းချင်းပြိုင်ရင် ရှုံးနေမှာ မြန်မာ
စင်္ကာပူရေ ရေကြည်ရာ မြက်နုရာ ဆိုပေမယ့်
တို့လူမျိုးက ဂျစ်ပစီတော့ မဟုက်ဘူး
မြေနဲ့၊ ရေနဲ့၊ ဇာတိနဲ့လူမျိုး စင်္ကာပူရဲ့
ငါတို့ကို မင်း ဝမ်းစာကျွေးထားရပေမယ့်
မင်းကျန်းမာရေး မထိခိုက်စေရအောင်
မြန်မာတွေ နေတတ်ခဲ့ပါတယ်။
၎။ ကမ်းခြေ ချန်ကီဘိလစ်မှာ အပန်းဖြေတော့
ပက်လက်လှန်ပြီး မှောက်ခုံပျံတဲ့ လေယာဉ်ပျံတွေ ကြည့်မိ
ပိုက်ဆံတွေ တအားထားခဲ့ရပြီး
ညဏ်ပညာတွေ ဘယ်လောက်ယူသွားနိုင်လည်း
ကိုယ်ကနားပြီး စိတ်ကမနားနိုင်ဘူး စလုံးရေ။
၅။ ငါတိှု့ဧရာဝတီကိုကျ
နာဂစ်ဆိုတဲ့ နာမည်လှလှလေးနဲ့
ဘီလူးစီးသလို ဝင်မွှေသွားတဲ့ ပင်လယ်မက
စလုံးကျမှ စည်းကမ်းတကျ ညင်သာနေတာ
ငါ မခံစားနိုင်ဘူး။
၆။ အီကွေတာ အောက်က မြို့ကလေး
ပွင့်သမျှပန်း မမွှေးဘူး
မင်းရဲ့ ကောင်းသတင်းကတော့
မွှေးမြပါတယ်
ငါတို့များကြတော့... ဘယ်တော့ မွှေးမလည်း။
၇။ တို့မြေမှာ သာရေး နာရေးတောင် တွေ့ဖို့ မလွယ်တဲ့
အမျိုးတွေ၊ သူငယ်ချင်းတွေ
ပင်နီစူလာ ပလာဇာမှာ အစုံတွေ့ရ
ပေးဖို့လား၊ ရဖို့လား၊ အသာစံဖို့လား၊ အနာခံဖို့လား
တို့မြန်မာတွေ အလကားမဟုက်ဘူးနော်
စင်္ကာပူ ခင်ဗျားကြီး အရိပ်မှာ
လွတ်လပ်စွာ ကျန်းမာချမ်းသာထားပါ။
၈။ ပြောစရာရှိလို့သာ ပြောရ
ပြောဖို့ မလိုပါဘူး
အိမ်သည် ဧည့်သည် မပူရအောင်ထားပေးတဲ့
စင်္ကာပူ ကျေးဇူးပါ
အဲဒီလို ကျေးဇူး
ကိုယ့်တိုင်းပြည်ကိုလည်း ကျေးဇူးတင်ချင်လိုက်တာ။
၉။ စင်္ကာပူက မြန်မာအားလုံး
မလွမ်းဘူးပြောတဲ့ လူမရှိ
အားလုံး မကြိုက်ဘူး ပြောတဲ့လူချည်းပဲ
ကျွန်တော်လည်း မကြိုက်ပါဘူး
ဒါပေမယ့် အဲဒါ ရှော့ခ်ရှိတယ်။
၁၀။ အမှန်ကိုလည်း ပြောမရ အမှားကိုလည်း ပြောမရ
သတ္တိရှိလို့ ပြေပြန်ရင်လည်း အမုန်းခံရ
ကြာလာတော့ သတ္တိရှိလာမှာတောင် ကြောက်ရ။
၁၁။ "ဆရာ... အသစ်နဲ့ အဆင်ပြေလားဟင်
ကျွန်တော်မပြန်နိုင်တာ သုံးနှစ်ရှိပြီ
အိမ်ကပိုက်ဆံ သိန်းတစ်ရာသုံးပြီး ထွက်လာတာ၊
အခုထိမကျေသေးဘူး။ ကျွန်တော် ကွန်ပြူတာနဲ့ ဘွဲ့ရလာတာ
အခု ဒီဟော်တယ်မှာတော့ ဝိတ်တာပေါ့၊ သိပ်ပြန်ချင်တာပေါ့
ပိုက်ဆံ မကျေသေးတော့ မိသားစုကို မျက်နှာပူလို့ သင်္ကြန်မှာ
ပိတောက်တွေ ပွင့်လားဟင်..."စလုံးမှာ မေးတဲ့ စကား
မင်းပြန်လာမှာ သိပ်စိုးရိမ်တာပဲ
အဆင်ပြေလား ဆိုတဲ့ မင်းရဲ့ မေးခွန်းက
သင်္ကြန်မှာ ပိတောက်မပွင့်သလို
ငါ့ရင်ကို ပြာကျစေတယ်
ငါတို့က အခုချိန်အထိ ညံ့နေကြသေးတာကိုး
ခွင့်လွတ်ပါ သားလေးရယ်။
၁၂။ လူကြီးတွေက ပြည်ပနိုင်ငံကို အထင်မကြီးနဲ့တဲ့
ပြည်ပကို ရောက်နေကြတဲ့
မြန်မာပြည်ဖွားတွေ အားလုံးဟာ
ပြည်ပတိုင်းပြည်ကို အထင်ကြီးလို့
ရောက်နေကြတာ မဟုက်ဘူး
ကိုယ့်တိုင်းပြည်မှာ အထင်သေးစရာနဲ့
အဆင်မပြေမှုတွေပဲ နေ့တိုင်းတွေ့နေရလို့
ပြည်ပရောက် မြန်မာတွေရဲ့ တုန့်ပြန်မှု။
၁၃။ အဲဒီလိုတော့ မပြောပါနဲ့
ကျွန်တော်က ပြည်တွင်းမှာပဲ နေသူဆိုတော့
ခံရခက်တယ် တကယ်က
ဘာမဆို ခွဲဝေယူကြပါတယ်
အာဏာ၊ သယံဇာတတွေ
ကိုယ်တွေတော့ လုံးဝ (လုံးဝ) မပါဘူး။
၁၄။ MRT ရထားပေါ်မှာ I Phone ဖွင့်လိုက်တာနဲ့
ကမ္ဘာကြီးက ကိုယ့်ရှေ့ရောက်လာ
မြန်မာတွေ မညံ့ပါဘူး စင်္ကာပူမှာပေါ့
မြန်မာပြည်မှာတော့
ကဗျာဆရာအပါအဝင် အားလုံး ညံ့နေသေးတယ်။
၁၅။ အမှန်တရားကို ချစ်တယ် သတ္တိမရှိဘူး
သတ္တိမရှိရင် အမှန်တရား မရနိုင်ဘူး
လူတချို့က
မိုက်ရိုင်းရဲရင် လိမ်ရဲရင်
အာဏာရမယ်၊ အာဏာရရင် ရူးမယ်၊
ပိုက်ဆံ ချမ်းသာမယ်၊
ဒါဆို လုပ်ချင်ရာ လုပ်မယ်
လူများလို့ နိုင်ပေမယ့် မမှန်ရင် မနေပါနဲ့
လူနည်းပြီး ရှုံးပေမယ့်
မှန်ရင် နေပေးကြပါ။
၁၆။ ဒီလိုပညာနဲ့ ဒီလိုလုပ်ရည်ကိုင်ရည်နဲ့
ဒီလောက်လွမ်းနေတာ မလွမ်းရအောင်
မြန်မာပြည်က သူဌေးတွေဆီမှာ
ပြန်လာလုပ်ပါလားဆိုတော့
စလုံးရောက် မြန်မာဆရာဝန် တစ်ဦးက
“ စင်္ကာပူသူဌေးက လူကို လူလိုတန်ဖိုးထားတယ်
မြန်မာပြည်ကသူဌေးက လူ့တန်ဖိုးနားမလည်တဲ့ ပေါင်းစားတွေချည်းပဲ” တဲ့
ကျွန်တော် ဘာပြန်ပြောရမှန်း မသိဘူး
ဘယ်တော့မှ ပြောနိုင်မှန်းလည်း မသိဘူး။
၁၇။ သေသေချာချာ ပြောနိုင်တာကတော့
ပြည်ပရောက် မြန်မာတွေအားလုံးကို
ပြည်တွင်းက မြန်မာတွေအားလုံးက
ရင်တွေ ပြာကျလောက်အောင် လွမ်းနေကြ
ဒီိထဲမှာ အမေတွေက ပိုဆိုးတာပေါ့
ရန်ကုန်မြို့က
အင်တာနက်ဆိုင် ဂျီတော့မှာ မျက်ရည်တွေချည်းပဲ။
၁၈။ စင်္ကာပူက……..
အဖြူ၊ အမဲ၊ အညို ဘယ်သူနဲ့ ပြောပြော
အလွမ်းနဲ့စပြီး အလွမ်းနဲ့ဆုံးတော့
စင်္ကာပူဆိုတာ အလွမ်းတွေ စုနေတဲ့
အလွမ်းမြို့ကြီးလား ထင်ရတယ်
ဘယ်သူမှတော့ မျက်ရည်မလွယ်ပါဘူး
မင်းသာ၊ မင်းသမီးမှ မဟုတ်တာ
အလွမ်းက တွန်းထုတ်လိုက်တော့
မျက်ဝန်းတာ ကျိုးရတာပေါ့။
၁၉။ ချစ်သူကိုလည်း ချစ်တယ်
အဖေ အမေကိုလည်း ချစ်တယ်
မောင်နှမတွေကိုလည်း ချစ်တယ်
ဇာတိရပ်ရွာကိုလည်း ချစ်တယ်
တကယ်ဆို ချစ်ရဲ့သားနဲ့ ဘာလို့ခွဲ့ရက်တာလည်း
သုခနဲ့ ဒုက္ခပေါင်းထားတဲ့ စင်္ကာပူရဲ့ မာယာမှာ
ငါတို့အားလုံး နစ်ခဲ့ရပြီ
တချို့ ပျော်ရွင်စွာနစ်
တချို့ ဝမ်းနည်းစွာနစ်
မြန်မာပြည်မှာတော့ ချစ်ကြသူတွေချည်းပဲ
ကဲ အားလုံး “ ကမ္ဘာမကြေ မြန်မာပြည်
ဒါတို့ပြည် ဒါတို့မြေ
တို့ပိုင်တဲ့မြေ”
စင်္ကာပူရေ ….. တို့လူမျိုးကို ချစ်ပါ
အမှန်တရား၊ ရိုးသားမှုနဲ့ မြန်မာတွေပါ
“ ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ” ။
များစွာဖြင့် (စောဝေ)
(Photo - AsiaOne, e-magazine. စင်္ကာပူအိုးအိမ်ဌာနက ဆောက်ပေးထားတဲ့ ပြည်ပအလုပ်သမားများနေထိုင်ဖို့ စုပေါင်း ဘုံဆောင်များ မြင်ကွင်းဖြစ်ပါတယ်။ ကွန်တိန်နာတွေကို ပုံစံပြောင်းပြီး အလုပ်သမားတန်းလျားတွေ ဖြစ်အောင် လုပ်ထားတာ ဖြစ်ပါတယ်)