တူမောင်ညို - ပညာနဲ့ အာဏာ
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၅
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၅
ကျနော်တို့နိုင်ငံရဲ့လူဦးရေအချိုးအစားထဲမှာ လယ်သမားနဲ့ အလုပ်သမားတွေက အများဆုံးအချိုးအနေနဲ့ ပါဝင်နေတာပါ။ စုစုပေါင်း လူဦးရေ ရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်မှာနေထိုင်ကြသူတွေဖြစ်ပါတယ်။ ဒီတော့ ဒီနိုင်ငံမှာရှိတဲ့ ကျောင်းသူ ကျောင်းသား ဆိုတာကလည်း လယ်သမားနဲ့အလုပ်သမားသားသမီးတွေက အများစုဖြစ်နေတာပေါ့။
ဒါကြောင့် ဒီနိုင်ငံရဲ့ဒီမိုကရေစီအခွင့်အရေးဆိုတာဟာ သဘာဝကျစွာပဲ အများစုကြီးဖြစ်ကြတဲ့ လယ်သမားတွေနဲ့ အလုပ် သမားတွေအတွက် အဓိကဖြစ်ရမှာပေါ့။ ဒါပေမယ့် ဒီနိုင်ငံမှာ ၁၉၄၈ လွတ်လပ်ရေးရကတည်းက ကနေ့အထိ လယ်သမား အလုပ်သမားတွေ အတွက် ဒီမိုကရေစီအခွင့်အရေးဆိုတာ မူးလို့မှ ရှူစရာမရှိခဲ့ပါဘူး။ (ဖဆပလ)၊ (တော်လှန်ရေးကောင်စီ) ၊ (မဆလ) ၊ (နဝတ-နအဖ) ဆို တဲ့ ခေတ်တွေမှာလယ်သမားတွေ၊ အလုပ်သမားတွေ ကြုံတွေ့ခဲ့တာတွေထက် “၂၀၀၈ အခြေခံဥပဒေ” ခေတ်က အဆမတန်ပိုလို့ဆိုးဝါးနေပါတယ်။
“စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” ဆိုတာ လယ်သမားတွေအတွက် ပြောရရင် လယ်မြေ၊ယာမြေ၊ ကိုင်းမြေ၊ ခြံမြေတွေကို အဓမ္မ လုယူသိမ်းပိုက်တာကိုခံရတဲ့ဒီမိုကရေစီ၊ကိုယ့်လက်ငုတ်လယ်မြေယာမြေလက်လွတ်မဆုံးရှုံးစေဖို့တိုက်ပွဲဝင်တဲ့အခါ မှာလည်း ထောင်သွင်း အကျဉ်းကျခံရတဲ့ ဒီမိုကရေစီ၊ တောင်သူဒေါ်ခင်ဝင်းခေါင်းကို သေနတ်နဲ့ပစ်ခံရတဲ့ဒီမိုကရေစီ၊ လယ် သမားဦးမြင့်အောင် ကိုယ့်ကိုယ်ကိုယ် မီးရှို့အဆုံးစီရင်သွားရတဲ့ဒီမိုကရေစီသာဖြစ်ပါတယ်။
အလုပ်သမားတွေဘက်ကပြောရမယ်ဆိုရင်လည်း အစိုးရနဲ့အလုပ်ရုံစက်ရုံပိုင်ရှင်ညွန့်ပေါင်းအဖွဲ့ကအနိမ့်ဆုံးလုပ်ခလစာမပေး ချင်တဲ့ ဒီမိုကရေစီသာဖြစ်ပါတယ်။
ဒီအခါ လယ်သမားအလုပ်သမားတွေက ဒီချုပ်ပါတီက အာဏာရခဲ့ရင်၊ အစိုးရဖြစ်လာခဲ့ရင် လက်ရှိမှာ ဆိုးဝါးလှတဲ့အခြေ အနေထက်များ သာလွန်ကောင်းမွန်လာလေ မလား/ သာလွန်ကောင်မွန်လာနိုင်ကောင်းရဲ့ဆိုတဲ့ မျှော်လင့်ချက်နဲ့အားကိုးကြ၊ ယုံကြည် ကြ၊ကြိုဆိုကြ၊ လက်ခုပ်သြဘာပေးကြတာပါ။ မဲပေးခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာတော့ အကြောင်းကြောင်းတွေ ကြောင့် ဒီချုပ်ပါတီဟာ အစိုးရဖွဲ့နိုင်တဲ့ အနေအထားမရရှိခဲ့ပါဘူး။
အခုတခါ ၂၀၁၅ အထွေထွေရွေးကောက်ပွဲဆိုတဲ့ မဲပေးပွဲတစ်ခု ရှေ့မှာအသင့်စောင့်ကြိုနေပြန်ပါပြီ။ ဒီချုပ်ပါတီကလည်း မဲတောင်းနေပါတယ်။
လယ်သမား၊ အလုပ်သမားပြည်သူတွေ မဲပေးကြရဦးမှာပါ။ မဲပေးတဲ့အခါ သူတို့မျှော်လင့်ယုံကြည်ထားတဲ့ ဒီချုပ်ပါတီကိုပဲ မဲပုံ ပေးကြအုံးမယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။
ဒါပေမယ့် လယ်သမား အလုပ်သမားပြည်သူတွေရဲ့ ဦးနှောက်နဲ့နှလုံးသားမှာ ကြီးကြီးမားမားမယုံမကြည် ဖြစ်နေရတဲ့အချက် က “၂၀၀၈အခြေခံဥပဒေ” ဆိုတာပဲဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဆိုတာက ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ပြီးမှ ပြုလုပ်တဲ့ ရွေးကောက်ပွဲမဟုတ်ပါဘူး။
ဒီဥပဒေရဲ့ အနှစ်သာရဆိုတာ စစ်အုပ်စုအကျိုးစီးပွားနဲ့ စစ်အာဏာရှင်စနစ်ကို ခေတ်စနစ်နဲ့အညီ ထိန်းသိမ်းကာကွယ် တိုးချဲ့ ဖို့ သာဖြစ်ပါတယ်။ ဒါကြောင့် “၂၀၀၈ အခြေခံဥပဒေ” တည်မြဲနေသမျှ၊ အဲဒီဥပဒေ၊ အဲဒီ ဒီမိုကရေစီဘောင်ထဲ မှာညစ် နွမ်းညှိုးမှိန်လှတဲ့ သူတို့ဘဝတွေ ဘယ်လိုမှတောက်ပြောင်လာနိုင်စရာ မရှိဘူးဆိုတာကို အတွေ့အကြုံတွေအရ ကောင်း ကောင်းသိရှိနေကြပြီးသားဖြစ်ပါတယ်။ ရိုးရိုးကလေးပဲစဉ်းစားကြည့်စမ်းပါ။
ဒီချုပ်ပါတီကို ၂၀၁၅ မှာ ပြည်သူတစ်ရပ်လုံးက ၁၉၉၀ ရွေးကောက်ပွဲစံချိန်ထက် မလျှော့တဲ့ စံချိန်နဲ့မဲတွေပုံအော ပေးလိုက်ပြီ ဆိုပါ စို့၊ ဒီချုပ်ပါတီက အုံးအုံးကြွက်ကြွက်အနိုင်ရပြီဆိုပါစို့။ အစိုးရဖွဲ့နိုင်ပြီ၊ လွှတ်တော်ထဲမှာလည်း ဒီချုပ်နဲ့ဒီချုပ်ပါတီ မဟာမိတ် အမတ် တွေ အများစုဖြစ်ပြီဆိုပါစို့။ ဒီလိုအနေအထားမှာ “၂၀၀၈ အခြေခံဥပဒေ” ရဲ့ အနှစ်သာရ၊ ပုဒ်မ ၄၃၆ နဲ့ ပုဒ်မ ၅၉(စ) တို့ကို လွှတ်တော် ထဲမှာ ပြင်ဆင်နိုင်ပါ့မလား။ မပြင်ဆင်နိုင်ပါဘူး။
“၂၀၀၈ အခြေခံဥပဒေရဲ့အနှစ်သာရ” နဲ့ “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးအတွက် “သော့ချက်ပုဒ်မ”လို့ ဒီချုပ်ပါတီက ဆိုနေတဲ့ ပုဒ်မ ၄၃၆ တို့ကို ၂၀၀၈ အခြေခံဥပဒေတည်မြဲနေသမျှ ကာလပတ်လုံး ပြင်ဆင်လို့မရနိုင်ပါ။
ဘာကြောင့်လဲ။ လွှတ်တော်ထဲမှာသော့ချက်ကျတဲ့၊ အဆုံးအဖြတ်ပေးတဲ့ “၂၅ရာခိုင်နှုန်း”ကို စစ်တပ်ကချုပ် ကိုင်ထားလို့ပဲဖြစ် ပါတယ်။ ဒါကြောင့်ရွေးကောက်ပွဲ ကနေတဆင့် ပြည်သူလူထုကရွေးချယ်လိုက်တဲ့ ၇၅ ရာခိုင်နှုန်းသော ကိုယ်စားလှယ်တွေဟာ စစ်တပ်ကို ချုပ်ကိုင်ထားတဲ့ “ကာချုပ်” ဆိုသူရဲ့သဘောဆန္ဒတစ်ခုတည်းအောက်မှာ ထာဝစဉ်ရှုံးနေရမှာပဲဖြစ်ပါတယ်။ ဒီ အတွေ့အကြုံနဲ့ သင်ခန်းစာကို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ရွေးကောက်ခံ ဒီချုပ်အမတ်တွေ ပြည်ထောင်စုလွှတ်တော် ထဲမှာ (ဇွန်၂၅ နဲ့ ဇူလိုင်၈ ရက်တို့မှာ) နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ခဲ့ကြရပြီးဖြစ်ပါတယ်။
ဒီလိုရွေးကောက်ပွဲကနေ တဆင့်ပြည်သူလူထုက ရွေးချယ်လိုက်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ ထာဝစဉ်ရှုံးနေရတဲ့ အနှစ်သာရဟာ ၂၀၀၈ အခြေခံဥပဒေရဲ့အနှစ်သာရပဲဖြစ်ပါတယ်။ တနည်းအားဖြင့် စစ်အုပ်စုဟာ ကာချုပ် ကနေ တဆင့် ပြည်သူ့ဆန္ဒကို ချေဖျက်နေတဲ့၊ တစ်ဖက်သတ်အနိုင်ယူထားနိုင်တဲ့ အချက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်က ဖွဲ့စည်းပုံထဲမှာ ထာဝစဉ် အနိုင်ယူထားတဲ့ပြဋ္ဌာန်းချက်တွေကို လောလောဆယ်ပြင်ဖို့မရှိကြောင်း၊ ဆက်လက်စွဲကိုင်သွားမယ်ဖြစ်ကြောင်း၊ ဘယ်တော့ ဘယ်အချိန် ဘယ်လိုပြောင်းလဲမယ်ဆိုတာ တိတိကျကျမပြောနိုင်သေးကြောင်း စတဲ့ စကားတွေကို ဘီဘီစီသတင်းထောက်၊ ပြင်သစ်သံ အမတ်တို့နဲ့ သီးခြားစီတွေ့ဆုံရာမှာ ကာချုပ်က ခပ်တင်းတင်း ခပ်ပြောင် ပြောင် ပြောနေတယ်မဟုတ်ပါလား။
ဒီတော့ ဒီချုပ်ပါတီကနေ တက်တက်ကြွကြွအရွေးခံကြမယ့် “ပညာတတ်- ပညာရှင် အမတ်လောင်း”တွေအနေနဲ့ လွှတ်တော် ထဲမှာ အနိုင်ယူဖို့ ဘယ်လိုမှမဖြစ်နိုင်တဲ့ ၂၅ % သော စစ်သားအမတ်တွေကို ဘယ်လို အနိုင်ယူကြမလဲ။ ပညာရှင်တွေနဲ့ စစ်အာဏာရှင်တို့ ထိပ်တိုက်တွေ့ကြတာလို့ ပြောရမလား။ ဒါမှမဟုတ်ပညာရှင်တွေနဲ့ စစ်အာဏာရှင်ဥပဒေ ထိပ်တိုက်တိုး တာလို့ဆိုရမှာလား။
“ပညာ” ကြောင့်က “အာဏာ” ဟာ ပျောင်းနွဲ့ယဉ်ကျေးလာမလား။ ကျနော်တို့ စောင့်ကြည့်ကြရမှာပါ။
“ပညာ” က “အာဏာ” ကို အနိုင်ယူနိုင်ခဲ့ရင် ကျနော်တို့ ခေါင်းမော့ဝင့်ကြွားဂုဏ်ယူကြတာပေါ့။
အကယ်၍ “အာဏာ” ကို “ပညာ” က အရေးနိမ့်ခဲ့တယ်ဆိုရင်လည်း ကံအကြောင်းမလှတဲ့အဲဒီ ဖြစ်ရပ်အတွက် သင်ခန်းစာ ယူကြတာပေါ့ဗျာ။