BURMA: HOMAGE TO DAGON TARYAR
(မိုးမခ ပြန်လည်ဆန်းသစ်ခြင်း) သြဂုတ် ၁၉၊ ၂၀၁၆
သူနှင့်ချယ်ရီ၊ ရီဝေယစ်သန်း
ပန်းနုရောင်အို ...”
(ဒဂုန်တာရာ)
ဒီနေ့ မှာ
ဆွေးမြေ့ ကြေကွဲ
အလံကို
တိုင်တစ်ဝက်ပဲလွှင့်ထားတယ်။
သခင်ကိုယ်တော်မှိုင်း
ဇော်ဂျီ
မင်းသုဝဏ်
ဒဂုန်တာရာ
ကြီးလေးကြီးအစဉ်အလာ
ဒီနေ့ မှာ
ဆွေးမြေ့ ကြေကွဲ
အလံကို
တိုင်တစ်ဝက်ပဲလွှင့်ထားခဲ့တယ်။
ပါဘလိုနီရူဒါရေ...
ဂုဏ်ပြုအပ်တဲ့
မိတ်ဆွေတစ်ယောက်ကို
ဆီးကြိုပါတော့။
ဝင်းမော်ဦးရေ...
သမီးရေ...
နွေဦးအမတ
မသေညမှာ
သည်းတို့ အဘကို
ထကြိုပါဦး။
သမီးတို့ အတန်းက
ရှေ့ ဆုံးခုံတန်းလေး
ထိုင်သူဝေးခဲ့တာ။
သက်ဝင်းအောင်ရေ...
နေရောင်တစောင်း
မင်းတို့ ကျောင်းက
ခွပ်ဒေါင်းအလံကလေး
သွေးစွန်းခဲ့တာ။
ငှက်ရေ...
ရာဇ၀င်ဖြတ်သန်း
အိပ်မက်တင်းကျမ်း
ခေတ်ရဲ့ လမ်းမှာ
ပန်းတွေ ကြယ်တွေ
ကြွေနေခဲ့တာ။
ဟောဒီ
ကြယ်အကြွေကြမ်းတဲ့
သြဂုတ်လသရမ်း
ဇာတ်ဝင်ခန်းမှာ
ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး ကွယ်လွန်ခဲ့ပြီ။
အဝေးကလွမ်း
ဟိုး... အောင်ပန်း
မဲနယ်တောင်တန်း
အမှောင်သန်းချိန်
ငြီမ်းချမ်းရေး
ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး ကွယ်လွန်ခဲ့ပြီ။
မိုးဝေးရေ...
ငါတို့ ဆရာ ကွယ်လွန်ခဲ့ပြီ။
အေးမင်းစောရေ...
အစ်ကိုတို့ ဖခင် ကွယ်လွန်ခဲ့ပြီ။
မမခင်ဦးစံပယ်ရေ...
ကျနော်တို့ ခေါင်းဆောင် ကွယ်လွန်ခဲ့ပြီ။
မြရာတောကြီးတစ်ခုလုံး
မီးဟုန်းဟုန်းတောက်
လမ်းပျောက်တဲ့ မြိုင် ရေ...
“ဌေးမြိုင်”လာပြီလေ။
“ကိုဌေးမြိုင်
ကျနော်တို့ ဘက်က
ရပ်တည်ပေးတဲ့အတွက်
ကျေးဇူးတင်တယ်”
(သန်းထွန်း)
တောထဲကလာတဲ့စာလေးတစ်စောင်ရယ်
တော့ ကာ သာ ဘဲ ရယ်နဲ့ 
ဆရာဗန်းမော်တင်အောင်ရယ်
ဆရာမြသန်းတင့်ရယ်
သခင်မြသန်းရယ်
အဘလေထီးဦးအုန်းမောင်ရယ်
ကျဆုံးလေပြီးသောပန်းပွင့်များရယ်
၃၉ လရောင်
ကိုလိုနီနှောင်ကြိုးအောက်က
လားရှိုးလမ်းမကြီးရယ်
မတ်လတော်လှန်ရေးရယ်
စာပေသစ်ရယ်
လွမ်းရစ်တော့သက်လှယ်ရယ်။
ဆရာ့ ကိုဆိုရင်
(ဒဂုန်တာရာဆိုရင်)
အောင်ဆန်းကလည်း ချစ်တာပဲ
အောင်ဆန်းသမီးကလည်း
ချစ်တာပဲ။
ဆရာ့ ကိုဆိုရင်
(ကိုဌေးမြိုင်ဆိုရင်)
ဗဟိန်းကလည်း ချစ်တာပဲ
ဗဟိန်းဇနီး
မခင်ကြီးကလည်း ချစ်တာပဲ။
အမေလူထုဒေါ်အမာရယ်
ဆရာ့ ကိုဆိုရင်
တောကြိုအုံကြား
ဘုံကျွန်တွေအလား
အခြေခံလူတန်းစား
အလုပ်သမား လယ်သမား
ငသြတွေ ငဘတွေ
ပြည်သူတွေကလည်း ချစ်တာပါပဲ။
ပြည်သူတွေလက်နဲ့ 
အထက်သန်ဆုံး
နှလုံးသားမြှုပ်ကူ
(ဆရာ့ ရဲ့ )
ငြိမ်းချမ်းရေးအုတ်ဂူမှာ
ရန်သူတွေ ဒူးထောက်ရစေသား။
ဒဂုန်တာရာ
ဘုံကဗျာကို
လင်းယုန်စောင့်ရှောက်ပါစေသား။
သစ်ခွပြာရိုင်း
မိုးလုံးမှိုင်းတွေ
ဒုန်းစိုင်း ဒုန်းစိုင်း
အို...မြင်းရိုင်းတွေ
တောရိုင်းတောင်ရိုင်း
မြစ်တံတိုင်းတွေ
ရေရိုင်းမြေရိုင်း
ပင်လယ်လှိုင်းတွေ
သမိုင်း သမိုင်း
တို့ သမိုင်းမှာ
“မှိုင်း” နဲ့ ”ဆန်း” ရဲ့ 
အတိုင်းမဲ့အလွမ်းတွေ
“ဆန်း” နဲ့ ”ဟိန်း” ရဲ့ 
လွမ်းဖွဲ့ ယိမ်းနွဲ့ 
ငြိမ်းချမ်းရေးက
လေနုအေးက
တနွဲ့ နွဲ့ နော့နေဆဲလား။
မေရေ...
မေရေ...
နွေဦးသေပြီ။
ကြည်အေးရဲ့ မီ
တီဘီ ရေ...
နွေဦးသေပြီ။
နှင်းဆီ နှင်းဆီ
အနီထဲက
နွေဦးသေပြီ။
အချစ်ရေ...
မျက်ရည်တစ်စ
ကြွေမကျနဲ့ 
ည
ညဆိုတာ
မှောင်မှာပဲလေ။
မှောင်တာကိုက
အလင်းရောင်ပဲလေ။
အမှောင်ထဲမှာမှ
ကြယ်တွေရဲ့ အလှကို
မြင်ခွင့်ရ
ဘ၀ဟာ ညပဲ။
မြရာပင်ထက်မှာ
ကြယ်တွေကြွေသက်ခဲ့ကြပြီ။
ဆိတ်ဖလူးရနံ့ တောမှာ
ကြယ်တွေ ကြွေလျှောခဲ့ကြပြီ။
အဓိပတိလမ်းပေါ်မှာ
ကြယ်တွေကြွေရော်ခဲ့ကြပြီ။
ဧရာဝတီရေ...
ကြယ်ကြွေရေဆန်
မုန်တိုင်းထန်ပါလော့ ။
ပုန်ကန်နွယ်တို့ အဖေရေ...
မေရဲ့ ကဗျာဆရာကို
အပြာတို့ အ၀ါတို့ နဲ့ ကြိုပါတော့။
အစ်ကိုသခွပ်ရေ...
“ဒဂုန်တာရာကစ
မောင်လေးအောင်အဆုံး
ပန်းတစ်ကုံးပဲ”
ရေးပါဦးလား
နောက်ဆုံးတိုက်ပွဲ
ကဗျာပဲလေ။
ဟေမာနေ၀င်းရေ...
ဒိုရာသန်းအေး
လှေကလေးနဲ့ 
ဆွေးပါဦးလား။
နှလုံးသားထဲ
မြားဝင်ထုတ်ချင်း
မြစ်တစ်စင်းဟာ
ရင်တွင်းလှိုင်းရိုက်
ဦးညွှတ်လိုက်ပါရဲ့ ။
ဆရာ့ ကိုဆိုရင်
(ဒဂုန်တာရာဆိုရင်)
မောင်ယဉ်မွန်ကလည်းကြိုမယ်
ဖော်ဝေးကလည်းကြိုမယ်
ဒေါင်းနွယ်ဆွေကလည်းကြိုမယ်
အောင်လင်းကလည်းကြိုမယ်
နိုင်ဝင်းဆွေကလည်းကြိုမယ်
ခင်ဝမ်းကလည်းကြိုမယ်
မောင်ချောနွယ်ကလည်းကြိုမယ်
တင်မိုးကလည်းကြိုမယ်
ကြည်အောင်ကလည်းကြိုမယ်
မောင်ရန်ပိုင်ကလည်းကြိုမယ်
မင်းလူကလည်းကြိုမယ်
မောင်ဝံသကလည်းကြိုမယ်။
ဆရာရေ..
ဆရာနဲ့ ကျနော်တို့ တွေ
ရုပ်မြင်သံကြားတယ်လီဖုန်းကနေ
တွေ့ ကြမယ်လေ။
ဒီနေ့ မှာ
ဆွေးမြေ့ ကြေကွဲ
အလံကို
တိုင်တစ်ဝက်ပဲလွှင့်ထူထားခဲ့ပါတယ်။
ဟံသာဝတီဦးဝင်းတင်အစ
ဒေါ်အောင်ဆန်းစုကြည်အလယ်
မင်းကိုနိုင်အဆုံး
အားလုံးကို အကြောင်းကြားပါရဲ့ ။
အခုအချိန်ကစပြီး
ငြိမ်းချမ်းရေးဟာ
ထွက်ခွာသွားပါပြီ။
“အကောင်းကိုရှာ၏
အကောင်းကားမရှိတော့”
အကောင်းကိုရှာ၏၊ အကောင်းကားမရှိတော့။ ။
(ဒီကဗျာဟာ ဆရာဒဂုန်တာရာ၏ခြေအစုံက မြေမှုန်ငယ်တမျှသာပါ)
အောင်ဝေး
သြဂုတ် ၂၀- ၂၀၁၃
ခေတ္တ- မစ်ရှီဂန်။
(သရုပ်ဖော် - ဂရပ်ဖစ် ကိုမျိုး+)