Than Htay Maung |
မိုးခါး - သစ်ပင်အောက်မှာ တတွတ်တွတ်ပြောနေတဲ့ အရူး
(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၆
ငါ့ကိုဘာထင်လဲ မြို့ပေါ်ဈေးအားလုံးဟာ ငါ့ရဲ့နန်းစိုက်ရာ။
မင်းတို့တင်နေတဲ့ အကြွေး ငါဆပ်မယ်
ကောက်ရတဲ့ဂျာနယ်ကို ဖြဲဆုတ်ပြီး ငွေစက္ကူအသစ်တွေအဖြစ်နဲ့။
ငါ့ကိုမြင်ရင် ခွေးဟောင်တာဂီတပဲ၊
ကလေးတွေရဲ့ လှောင်ပြောင်မူက ငါ့ဘဝရဲ့ ရုပ်ရှင်။
ကရုဏာတရားနဲ့ ပေးတဲ့ဆေးလိပ်ကို ငါသောက်တယ်၊
စာနာမူနဲ့ကျွေးတဲ့အစာကို ငါစားတယ်။
လူယောင်ဆောင်ဝံပုလွေတွေလုပ်တဲ့ အခမ်းအနားကိုငါမသွားဘူး၊
ညရေးညတာ ငါ့ရဲ့လုံခြုံရေးက ဝင်းပတယ်။
ငါ့ရဲ့ဝတ်စားဆင်ယင်မူကို လူအန္ဓတွေက ကဲ့ရဲ့တယ်၊
ငါ့ရဲ့လွတ်လပ်မူကို သူတို့မသိဘူး။
မြို့ကြီးပြကြီးတိုးတက်မူကို ငါ အမှိုက်လို့မြင်တယ်၊
ရှင်းနေတဲ့အရာ ရှုပ်အောင်လုပ်တဲ့လူ များလာပြီ။
ငါ့သွားလာမူက သက်တော်စောင့်မပါဘူး၊
`ဒါလီရဲ့ ဆန္ဒ၏ မှီတင်းနေထိုင်ရာ ပန်းချီ´ကငါ့ဘဝအမှန်။
ငါ့ဇာတိကို မမေးနဲ့၊
ငါ့ဦးနှောက် ကြယ်တံခွန်က ပေးတဲ့အရာကို ခုံမင်တယ်။
လမ်းမပေါ်က ခြေရာတွေကို ကြည့်ရင် ဖိနပ်မပါတဲ့ခြေရာဟာ ငါပဲ၊
ငါ့ကိုမောင်းထုတ်တဲ့သူက မာရ်နတ်ရဲ့ ကျေးကျွန်ပဲ။
ရာသီသုံးပါးစလုံးဟာ ငါ့အတွက် မူစရာမလိုတဲ့ ပြဋ္ဌာန်းချက်ပဲ၊
ငါ့ဥစ္စာပိုင်ဆိုင်မူကို ဘယ်သူမှ မထိပါးဘူး။
ငါ စာနည်းနည်းပါးပါး ဖတ်တတ်တယ်၊
ပြောနေကျစကားနဲ့ ရေးလက်စစာသား လွဲနေတာကတော့ ရယ်စရာ။
ငါပုသိမ်ထီးစုတ်နဲ့ ရှေ့နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်ပါဦး သီချင်းနဲ့ ကတော့ ...
ပွင့်လင်းတဲ့သူတွေက အားပေးတယ်။
မပွင့်လင်းတဲ့သူတွေက ရိုက်နှက်တယ်၊
တရားမျှတမူက မိုးပေါ်က ကျမလာဘူး။
ကားပေါ်ကလူက လမ်းပေါ်ကလူကို ဆဲတယ်၊
မခံနိုင်တော့ ကားမှန်ကို ခဲနဲ့ထုတာ ငါပဲ၊
ရှက်ကြောမပါတဲ့ လူတွေကတော့ ထိုင်ရာမထ ကျောက်ရုပ်တွေလို
သရုပ်ဆောင်နေကြတယ်။
ရှက်ကြောပါတဲ့လူတွေကတော့ အနာဂတ်အတွက်ပိုပြီး မပျက်စီးရအောင်
အလှဆင်တယ်။
လူဖြစ်ခွင့်သာ ရခဲ့ပါတယ်၊
အမည်မပါဘဲပြန်သွားရတဲ့ လူတယောက်အကြောင်း ဘယ်သူတွေက ပိုသိလဲ၊
ဘယ်သူတွေက ပိုမိုက်သလဲ။
ရယ်မောလိုက်တယ် ငိုကြွေးလိုက်တယ်၊ အာခေါင်ခြောက်တယ်၊ ဦးနှောက်ခြောက်တယ် ဘာမှမထူးခြားဘူး။
လမ်းဘေးသောက်ရေအိုးကို ဘယ်သူ ရိုက်ခွဲသွားသလဲ၊
မကျေနပ်ဘူး မကျေနပ်ဘူး ခိုင်ထူးဆိုသလိုမျိုး ဆိုပြီး သူ ထွက်ခွာသွားတယ်။ ။
မိုးခါး
မြန်မာကဗျာ ၊၂၀၁၅