စံလှကြီး ● အမုန်းစကားပြောသူများ၏ စိတ်ထား အခြေခံ သုံးရပ်
(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၁၆
(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၁၆
လူ့သမိုင်း တလျှောက်လုံး လူတွေ၏ နေပုံ ထိုင်ပုံ နေ့စဉ်ဘဝများကို များစွာပြောင်းလဲသွားစေခဲ့သော အံ့မခန်း တီထွင်မှုများ တွေ့ရှိမှုများ ရှိခဲ့သည်။ လူတွေ မီးကို တွေ့လိုက်သည်။ လူတွေ၏ ယဉ်ကျေးမှု အဆင့်တစ်ခုသို့ မြင့်တက်သွားခဲ့သည်။ တစ်ဖန် ဘီးဆိုသောအရာကို တီထွင်လိုက်ပြန်သည်။ နောက်ထပ် အဆင့်တစ်ခုသို့ ခုန်တက်သွားကာ နေ့စဉ် ဘဝ၏ နေပုံ ထိုင်ပုံတွေ ပြောင်းလဲသွားပြန်သည်။ စာပေအက္ခရာတွေကို လူမျိုး အသီးသီးက တီထွင်လိုက်ပြန်သည်။ နောက်ထပ် အဆင့် တစ်ခုသို့ ခုန်တက်သွားပြန်သည်။ နောက်ထပ် စက္ကူလုပ်နည်း စာပုံနှိပ်စက် လျှပ်စစ်မီး စသဖြင့်မဆုံးနိုင်သော တီထွင်မှုတွေ လုပ်ခဲ့ကြသည်။ တီထွင်မှုတိုင်းသည် လူတွေ၏ နေ့စဉ် ဘဝတွေကို များစွာ ပြောင်းလဲသွားစေခဲ့သည်။ ဒါကြောင့်နောက်ဆုံးတွင် လူသားသည် ကိုယ်တီထွင်ခဲ့တာတွေကို ပြန်ကြည့်ပြီး ကိုယ်ကိုကိုယ် ပြန်အံ့သြနေရလိမ့်မည်ဟု ဆိုကြခြင်း ဖြစ်ပေသည်။
၂၀ ရာစု အကုန်နှင့်၂၁ ရာစုတွင်လည်း လူတွေသည် အင်တာနက်နှင့် ဖေ့စ်ဘွတ်ဆိုတာကို တွေ့လိုက်ကြပြန်သည်။ လက် ကိုင်ဖုန်း ဆိုတာကို တီထွင်လိုက်ပြန်သည်။ လူတွေ၏ နေ့စဉ်ဘဝများကို များစွာလွှမ်းမိုးမှုရှိပြီး နေပုံ ထိုင်ပုံတွေ လုံးဝ ပြောင်း လဲ သွားပြန်သည်။ မနက်မိုးလင်းလာရင် သူသူကိုယ်ကိုယ် အလုပ်သွားရင်းတောင် ဖုန်းလေးဖွင့်ပြီး အင်တာနက်ထဲက သတင်းလေး ဖတ်ရမှ ဖေ့စ်ဘွတ်က စာလေးတွေ ကြည့်ရမှ စိတ်ချမ်းသာသလို ဖြစ်လာသည်။ လွှမ်းမိုးမှု အရှိဆုံးကား facebook ခေါ် လူမှုကွန်ရက် စာမျက်နှာပင်။ သုံးစွဲသူတိုင်းကို စွဲလမ်းစေသည်ကို တွေ့ရသည်။
လူတွေ စွဲလမ်းသည်မှာလည်း အံသြစရာတော့ မဟုတ်။ လူတွေ၏ အခြေခံ စိတ်လိုအပ်ချက်နှင့်အလွန်ကိုက်ညီနေသောကြောင့်ဖြစ်သည်။ စိတ်ပညာရှင်များ၏အဆိုအရ လူတွင် အကြီးမားဆုံးဆန္ဒကြီး နှစ်ခုရှိသည်။ ပထမတစ်ချက်မှာ အများနှင့် ရောနှောဆက်သွယ်လိုသော ဆန္ဒဖြစ်၍ နောက်တစ်ချက်မှာ ထင်ပေါ်လိုသောဆန္ဒ ဖြစ်သည်။ Facebook ခေါ် လူမှုကွန်ရက် သည် ထိုဆန္ဒကြီးနှစ်ခုလုံးကို တပြိုင်တည်း ပြည့်ဝစေနိုင်သည်။ ထိုအထဲတွင် အများနှင့်ရောနှောဆက်သွယ်နိုင်သည်။ ထို့အတူ ကိုယ်တိုင် ထင်ပေါ်လာအောင်လည်း လုပ်နိုင်သည်။ ဆက်သွယ်ဖို့ကတော့ အပြန်အလှန်စကားပြောခြင်း သတင်း ပေးခြင်းတွေ လုပ်နိုင်သည်။ ထင်ပေါ်ဖို့ကတော့ နည်းလမ်းစုံ သုံးနိုင်သည်။ ဉာဏ်ပညာ အတော်အတန် ရှိသူဆိုလျှင် နိုင်ငံ ရေး ဘာသာရေး ကိစ္စများကို သုံးသပ်ချက်များ ရေးနိုင်သည်။ ဒါမှမဟုတ် ရုပ်ရည် လှပသူ ဆိုလျှင်လည်း ကိုယ့်ဓာတ်ပုံများကို "ဟောဒီမောင်ရဲ့ ရူပါကို ရှုစားလိုက်ဦးကွ"ဟု ရေးပြီး တင်နိုင်သည်။ သို့မဟုတ်လျှင်လည်း "လကုန်ရက်မို့ ချွေတာပြီး ကြက် သားဆီပြန်၊ ဝက်သားနီချက်၊ ဘဲပေါင်းဟင်းတွေနဲ့ပဲ ဖြစ်သလိုလေး တစ်နပ်စားလိုက်ရတယ်။ ဓာတ်ပုံရိုက်ထားတယ်။ စားကြပါဦး fri တို့"ဆိုတာမျိုးလည်း ရေးနိုင်သည်။ ဒါမှ မဟုတ်လည်း "ဂျပန်ကို ပညာတော်သင် သွားရတော့မယ် fighting"ဆိုတာတွေလည်း ရေးနိုင်သည်။
သို့သော် ကိစ္စရပ်တိုင်းတွင် အကောင်းနှင့်အဆိုး အမြဲတမ်း ရောထွေးနေသလိုပင် လူမှုကွန်ရက်တွင်လည်း အဆိုးတွေ အများကြီး ရှိသည်။ သတင်းအတုတွေ ရေးထားတာ ဖတ်မိနိုင်သည်။ လက်တည့်စမ်းပြီး ရေးထားသော မဟုတ်မမှန် စာများ လည်း ရှိသည်။ အဆိုးဆုံးမှာ လူမျိုးရေး ဘာသာရေးနှင့်ပတ်သက်ပြီး အမုန်းပွားအောင် တစ်တစ်ခွခွ ရေးထားသော စာများ အမြောက်အမြား ရှိသည်။ တခါတရံ တရားဝင် မီဒီယာများ၏ သတင်းများအောက်တွင် နည်းမျိုးစုံဖြင့်ဆဲရေးခြင်း အမုန်းစ ကားများ ပြောကြားခြင်းများကို တွေ့ရသည်။ လွန်ခဲ့သောလကပင် ပဋိပက္ခဖြစ်စေရန် ရည်ရွယ်ပြီး အမုန်းစကား ပြောကြား ဖြန့်ဖြူးနေသူများကို အရေးယူမည်ဆိုသောသတင်းကို ဖတ်လိုက်မိသည်။ ၂၁ ရာစု လူသားကား အင်တာနက်နှင့်ဖေ့စ်ဘွတ် အကူအညီဖြင့်အမုန်းစကားများကို လွယ်ကူစွာ ပြောကြားနိုင်လေသည်။ လွန်ခဲ့သော ရာစုနှစ်များကတော့ ဒီလောက် လွယ် မည် မဟုတ်။ လူကိုယ်တိုင် ပြောရမည်။ ကိုယ်တိုင်လည်း ပြောရဲ ဆိုရဲ ရှိပြီး အတော်အတန် လူသိများသူလည်း ဖြစ်ဖို့လိုသည်။ သတ္တိလည်း ကောင်းဖို့ လိုမည်။ အဘယ်ကြောင့်ဆိုသော် အမုန်းစကား ပြောသူသည် မေတ္တာတရား ဟောကြားနေသူ မဟုတ်။ အချိန်မရွေး အန္တရာယ် ကျရောက်လာနိုင်သည်။ အခုခေတ်ကျတော့ လွယ်သည်။ ဖေ့စ်ဘွတ် အကောင့်တစ်ခု ဖွင့်ထားပြီး အမုန်းစကားများကို စိမ်ပြေနပြေ ရေးသားနေသူများလည်း ရှိသည်။
အမုန်းစကား ဆိုသည်ကိုလည်း အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ကြသည်။ တိတိကျကျ အဓိပ္ပါယ်ဖွင့်ရန် ခက်သည်ဟု ဆိုကြသည်လည်း ရှိသည်။ အမှန်တော့ လူအုပ်စုကြီး တစ်ခုနှင့်တစ်ခု ပြဿနာ ဖြစ်စေရန် မုန်းတီးစေရန် အများဆိုင်နာမ်များကို တိုက်ခိုက်သူများ ဖြစ်သည်ဟု ထင်မိသည်။ မမြင်ဖူးသော လူအချင်းချင်း မုန်းတီးစေရန်မှာ သူတို့အားလုံးနှင့်ဆိုင်သော အများဆိုင်နာမ်များကို ထိခိုက်မှ ဖြစ်ပေလိမ့်မည်။ ဥပမာ မည်သည့်ဘာသာဝင်များဟု ဆိုလိုက်သည်နှင့်လူအများကြီး ပါဝင်သွားပြီ။ ထို့အတူ မည် သည့်လူမျိုးများဟု လူမျိုး နာမည်တပ်လိုက်သည်နှင့်လူအများကြီး ထိုအထဲတွင် ပါဝင်သွားပြီ။ ထို့ကြောင့်ပင် ဘာသာရေး လူမျိုးရေးနှင့်ပတ်သက်၍ စော်ကား ပြောဆိုလျှင် လူအချင်းချင်း မုန်းတီးရန် အလွန် လွယ်ကူသည်။ တခါတရံကျတော့လည်း အချို့နာမည်များသည် အများဆိုင်နာမ်များ ဖြစ်နေသည်လည်း ရှိသည်။ လင်ကွန်းဟု ဆိုလိုက်သည်နှင့်အမေရိကန် နိုင်ငံ သားများ အားလုံးနှင့်သက်ဆိုင်သလို ဖြစ်သွားသည်။ ထို့အတူ သခင်အောင်ဆန်း ဗိုလ်ချုပ်အောင်ဆန်း ဦးအောင်ဆန်း ဟူ သော နာမည်သည်လည်း မြန်မာအားလုံးလိုလိုအတွက် အများဆိုင်နာမ် ဖြစ်နေသည်။ ထိုလူထု ခေါင်းဆောင်များကို စော် ကား ပြောဆိုခြင်းသည်လည်း အမုန်းစကားပင်ဖြစ်သည်။ ဤတွင် အကျိုးအကြောင်းနှင့်ဝေဖန်သုံးသပ်ခြင်းကို မဆိုလို။ အမုန်းစကား ဟူသမျှတို့သည် ကျိုးကြောင်းဆင်ခြင်ဉာဏ်နှင့်ဖီလာကန့်လန့် ဖြစ်ပေသည်။
လူတွေ အမုန်းစကား ပြောကြတာ လူဟူ၍ စဖြစ်လာကတည်းကပင်လား မဆိုနိုင်။ အလွန်ရှေးကျခဲ့တာတော့ သေချာသည်။ လူ့သမိုင်းတွင်လည်း အမုန်းစကား ပြောသူများမှာ ရှေးယခင်ကတည်းက ရှိသည်။ ထို့ကြောင့် အမုန်းစကား ပြောကြားသူများ၏ စိတ်နေစိတ်ထားကို စူးစမ်းကြည့်တော့ အချက် ၃ ချက်သာ တွေ့ရသည်။ ထိုအရာများမှာ မနာလိုဝန်တိုဖြစ်ခြင်း၊ ကြောက်ရွံ့ ထိတ်လန့်ခြင်းနှင့် ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်ဝင်ခြင်းဆိုသော အချက်များ ဖြစ်သည်။
လူတွေသည် မနာလိုဝန်တိုစိတ် ဖြစ်လျှင်လည်း အမုန်းစကားများ ပြောတတ်သည်။ ကိုယ့်ထက်သာသော အရာ တစ်ခုခုကို မနာလိုဖြစ်သည်။ ထိုစိတ်မှ တစ်ဆင့်အမုန်းစကား ပြောလိုစိတ်ကို လှုံ့ဆော်သည်။ သံမဏိ သူဌေးကြီး အင်ဒရူး ကာနက်ဂျီမှာ သူ့ခေတ်တုန်းက လူများ၏ အမုန်းစကား ပြောခြင်းကို အတော် ခံခဲ့ရသည်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် သူက အားလုံးထက် ပိုချမ်းသာနေသောကြောင့်ဖြစ်သည်။ အမေရိကန်ပြည်သား ရပ်ဆယ်ကွန်းဝဲလ်(Russell Herman Conwell) ဆိုသူ ပုဂ္ဂိုလ်ကြီးကို အချမ်းသာဆုံး သူကြွယ်တစ်ဦးက သူနဲ့ ပတ်သက်ပြီး လူတွေ မဟုတ်မမှန်တွေ လျှောက်ပြောနေကြတာ နားမလည်ဟု ရင်ဖွင့်သည်ဟု ဆိုသည်။ ထိုအခါ ကွန်းဝဲလ်က ထိုအမုန်းစကားများဒဏ်မခံနိုင်လျှင် ချမ်းသာသမျှ စည်းစိမ်များ သူ့ကိုလွှဲပေးပါ စည်းစိမ်ချမ်းသာနှင့်အတူ မတရားအပြောခံရတာတွေပါ သူတွဲယူလိုက်ပါ့မည်ဟု ဆိုခဲ့သည်တဲ့။ မထူးဆန်း သော လူ့သဘာဝပေ။ (ဤအချက်မှာ ဆရာဖေမြင့်၏ စိန်မြေဧကပေါင်းများစွာ စာအုပ်မှ ကောက်နုတ်ချက် ဖြစ်ပါသည်။)
ထို့အတူ ကြောက်ရွံ့ထိတ်လန့်လျှင်လည်း လူတွေသည် အမုန်းစကား ဆိုလေ့ရှိသည်။ တစ်စုံတစ်ယောက် သို့မဟုတ် တစ်ခု ခုကို စိုးရွံ့သည်။ ကိုယ်စိုးရွံ့သည့်အရာက ကိုယ့်ကို လွှမ်းမိုးအနိုင်ယူမှာ ကြောက်သည်။ ထိုအခါတွင်လည်း နားထောင်ရ ခက်သော အမုန်းစကားများကို ပြောကြပြန်သည်။ ဤကဲ့သို့သော လူတွေလည်း သမိုင်းတွင် ရှိသည်။ ဂရိမြို့ပြနိုင်ငံ ခေတ်က အေသင်နိုင်ငံမှ ဒီမော့စနီးသီး (Demosthenes) ဆိုသူ တွေးခေါ်ပညာရှင် တစ်ဦးသည် ယခုခေတ် လူများ ပြောသလိုပင် အမုန်းစကားတွေ ပြောခဲ့ဖူးသည်။ သူကြောက်သည်က အေသင်နဲ့ကပ်လျှက်တည်ရှိသော မက်ဆီဒိုနီးယားဘုရင် ဖိလစ် ဖြစ်သည်။ ဖိလစ်က ဂရိမြို့ပြနိုင်ငံများကို တိုက်ခိုက်ရန် ပြင်ဆင်ပြီးပြီ။ ဖိလစ်သည် နောင်သောအခါ ကမ္ဘာ့သမိုင်းတွင် ထင် ရှားမည့် အလက်ဇန္ဒားမင်းမဟာ၏ ခမည်းတော်ပင်။ ဒီမော့စနီးသီးသည် ဖိလစ်ကို အရိုင်းအစိုင်းကောင်(barbarian)၊ မက်ဆီဒိုးနီးယားကိုလည်း ကျွန်တောင်မှ ကျွန်ကောင်းမထွက်သောနိုင်ငံ စသည်ဖြင့်ပြင်းထန်သော စကားလုံးများ သုံးပြီး တိုက်ခိုက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက ဖိလစ်၏ အန္တာရာယ်ကို ကြောက်နေသောကြောင့်ဖြစ်သည်။ ဒီမော့စနီးသီး သုံးသော စကားလုံးများမှာ ယခုခေတ် ဆိုရှယ်မီဒီယာများမှ လူများပြောကြသည့် စကားများနှင့်ခပ်ဆင်ဆင်တူသည်။ တစ်ခုခုကို ကြောက်နေသည်မှာလည်း မကောင်းသော အရှုံးစိတ်ပင် ဖြစ်သည်။ (ဒီမော့စနီးသီးအကြောင်းကို မြန်မာ့ စွယ်စုံကျမ်းနှင့် wikipedia တွင်လည်း တွေ့နိုင်သည်။)
သိမ်ငယ်စိတ် ဝင်လျှင်လည်း လူတွေသည် အမုန်းစကား ပြောတတ်ကြသည်။ ထိုကဲ့သို့သော အမုန်းစကားမျိုးကို ဗုဒ္ဓရှင် တော်မြတ်ကိုယ်တိုင်ပင် အပြောခံခဲ့ရသည်။ တခါက ဗုဒ္ဓထံသို့ အမ္ဗဋ္ဌဟူသော ပုဏ္ဏားလုလင် လာရောက်ပြီး အမျိုးယုတ်သူ၊ ဇာတ်နိမ့် ဟူသော စကားများဖြင့်ရှုတ်ချ ပြောဆိုသည်။ ဗြဟ္မာ့ခြေဖမိုးမှ ပေါက်ဖွားသော ဦးပြည်းယုတ်၊ ရဟန်းယုတ် စသော စကားလုံးများဖြင့်တိုက်ခိုက်လေသည်။ သာမန်လူများ အဖို့ တသက်ပတ်လုံး နာကျည်းရမည့် စကားများကို ပြောဆိုသည်ဟု ဆိုသည်။ ထူးဆန်းသည်မှာ လွန်ခဲ့သော နှစ် ၂၅၀၀ က ထိုပုဏ္ဏားလုလင်ပြောခဲ့သော စကားမျိုးကို ခုခေတ် လူတွေလည်း လူမျိုးရေးနှင့်ပတ်သက်ပြီး ပြောဆိုတုန်းပင် ရှိသေးသည်။ အမှန်တော့ ဗုဒ္ဓကား မင်းမျိုးမှ မွေးဖွားသူ ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် ထိုသို့ တိုက်ခိုက်သော အမ္ဗဋ္ဌလုလင်ကိုယ်တိုင် အမျိုးဇာတ် နိမ့်ကျသူ ဖြစ်ကြောင်း ပေါ်လာသည်။ သူတပါးကို တိုက်ခိုက်သူသည် မိမိကိုယ်ကို သိမ်ငယ်စိတ် ရှိသူ ဖြစ်လေသည်။ (ဗုဒ္ဓ နှင့်ထိုပုဏ္ဏားလုလင်တို့ အကြောင်းမှာ ကျယ်ဝန်း ရှည်လျားလှသည်။ အပြည့်အစုံကို သီလက္ခဝဂ် ပိဋကတ် မြန်မာပြန်နှင့်မင်းကွန်းဆရာတော်ကြီး၏ မဟာဗုဒ္ဓဝင် စတုတ္ထတွဲ တို့တွင် ဖတ်ရှုနိုင်သည်။)
ယခုခေတ် အမုန်းစကားများကို တစ်တစ်ခွခွ ရေးသားနေသူများကို ကြည့်လျှင်လည်း မနာလိုဝန်တိုစိတ်၊ ကြောက်ရွံ့ထိတ်လန့် သည့်စိတ် နှင့်သိမ်ငယ်စိတ် ဟူသော စိတ်များကိုသာ အခြေခံကြောင်း တွေ့ရလိမ့်မည်။ ထိုစိတ်များသည် အပျက်စိတ်များ ဖြစ်၍ မည်သူ့ကိုမျှ ကောင်းကျိုးမပေး။ အမုန်းစကား ပြောသူကိုလည်း ပူလောင်စေသည်။ သူ့စကားများကို ယုံစားကြသည့် သူများကိုလည်း ပူလောင်စေနိုင်သည်။
အမုန်းစကား ပြောသူများမှာ လူသမိုင်းတွင် ရှေးပဝေသဏီကပင် ရှိခဲ့သည် ဖြစ်၍ လုံးဝ ပျောက်သွားအောင် လုပ်ဖို့တော့ ခက်ကောင်း ခက်မည်။ နည်းပါးအောင်တော့ လုပ်နိုင်ပေသည်။ ထို့သို့သော သူများ၏ စကားကို ကြားလျှင်လည်း သူတို့ ရင်ထဲတွင် ရှိသော အပျက်စိတ်များ အကြောင်း စဉ်းစား၍ သူတို့စကားများကို ပယ်ရှားသင့်ပေသည်။
ယနေ့မှ စ၍ မြန်မာနိုင်ငံသားများသည် အမုန်းစကား ဆိုခြင်းများ လျော့ပါး၍ မနာလိုဝန်တိုစိတ်၊ ကြောက်ရွံ့ထိတ်လန့်သည့်စိတ်၊ သိမ်ငယ်စိတ် ဟူသော အပျက်စိတ်များကို ပယ်ရှားနိုင်ကြပါစေဟု ဆန္ဒပြုအပ်ပါသည်။
(စက်တင်ဘာ ၂၆ ရက်နေ့ ၂၀၁၆ ထုတ် ဒီလှိုင်းဂျာနယ် အတွဲ (၅) အမှတ် (၃၇) မှာ ပုံနှိပ် ဖော်ပြခဲ့သော ဆောင်းပါး ဖြစ်ပါ သည်။)
illustration DAHL