မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၃၃)
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၆
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၆
● လူထုနှင့်တင့်ကားများ
ဆန္ဒပြလူထုကြီးက မြို့တော်၏ ရင်ပြင်သို့ ချီတက်လာနေသည်။ လူထုကြီး၏ ဟစ်ကြွေးသံများက ဘဝဂ်သို့ ညံနေသည်။ စိတ်ဓါတ်တက်ကြွဘွယ်ရာသီချင်းများကို သံပြိုင်သီဆိုနေကြသည်။ သီချင်းသံများ ကြွေးကြော်သံများကြားတွင် အောင်လံနီ များက တဖြတ်ဖြတ်လွှင့်နေသည်။ အစိုးရအိမ်တော်ကိုကာကွယ်နေသည့် စစ်သားများ တင့်ကားများမှ အမြောက်ပြောင်းများ သည်လူထုဆီသို့ တည့်မတ်စွာချိန်ရွယ်ထားသည်။ တင့်ကားများပေါ် စစ်သားများသည် မျက်တောင်တချက် မခတ်နိုင်ဘဲ ဆန္ဒပြလူအုပ်ကြီးကို စိုက်၍ကြည့်နေကြသည်။ အစိုးရအိမ်တော်ရှေ့ရှိ ရင်ပြင်တွင် လူထုကပြည်လျံ၍ လာသည်။ ထို့နောက် တွင်တော့ စစ်သားများလည်း လူထုနှင့်ပူးပေါင်းလိုက်ကြတော့သည်။ တင့်ကားများပေါ်တွင် တက်၍ အလံလွှင့်ထူနေသူများ ဟစ်ကြွေးနေသူများဖြင့် ပြည့်နှက်သွားသည်။ စစ်တပ်သည် လူထုကို မနှိမ်နင်းဘဲ လူထုနှင့်ပူးပေါင်းလိုက်ကြပေပြီ။
ဤသည်ကား မိမိ၏ စိတ်ကူးယဉ်မှု မဟုတ်ပါ။ ၁၉၇၄ ခုနှစ်အတွင်းရန်ကုန်မြို့တွင် ရုံတင်သည့် ရုပ်ရှင်ကားတကား၏ ဇတ် ဝင်ခန်းတခုသာဖြစ်ပါသည်။ ဇတ်ကားနာမည်က Adventures "စွန့်စားသူများ"ဖြစ်သည်။ စာရေးဆရာ ဟာရိုးရော်ဘင်၏ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားခြင်း ဖြစ်သည်။ အထောက်တော်လှအောင်က "အုတ်ကြားမြက်"ဟူသည့်နာမည်ဖြင့် ဘာသာ ပြန်ခဲ့သည်။ ၁၉၇၄ ခုနှစ် လူထုလှုပ်ရှားမှုတွေဖြစ်ပွားစဉ်က ရုံတင်ခဲ့သည့်အတွက် ထိုခေတ်ကာလကလူများ မှတ်မှတ်ရရ ဖြစ်ခဲ့သည့်ကားလည်းဖြစ်သည်။
၁၉၈၈ နောက်ပိုင်း ဆိုဗီယက်ရုရှားအပါ အရှေ့ဥရောပ နိုင်ငံရေးလှုပ်ရှားမှုများတွင် ဤကဲ့သို့ စစ်တပ်က လူထုနှင့် ပူးပေါင်း သွားသည် တွေ့ရသည်။ အရှေ့တောင်အာရှနိုင်ငံများတွင်လည်း ဖီလစ်ပိုင်နိုင်ငံတွင် မားကို့စ်၏နန်းတော်အား လူထုကဝင် ရောက်သိမ်းပိုက်ရာတွင် တွေ့ခဲ့ရဘူးသည်။ သို့သော် မိမိတို့မြန်မာပြည်နိုင်ငံရေးလက်တွေ့တွင်တော့ ဤသို့စိတ်ကူးယဉ်၍ မရခဲ့။ လူထုနှင့်တင့်ကား တသားတည်းဖြစ်သည်ကို မတွေ့ရခဲ့သေးပေ။
● ကြက်ခြံထဲက အနုပဋိလောမ
အုတ်ဖိုရှိ မိမိအိမ်နောက်ဖေးကွက်လပ်တွင် နှစ်ထပ်ကြက်ခြံတခု ဆောက်လုပ်ထားပါသည်။ ဥစားကြက် ၅၀၀ ခန့်မွေးမြူ ထားသည်။ အလုပ်သမားကတော့ မိမိတို့မိသားစုဝင်များသာ ဖြစ်သည်။ မိမိတို့ မိဘ ၂ ပါး၏ဦးဆောင်မှုအောက်တွင် မိမိတို့ မောင်နှမ ၄ ယောက်က အစာကြွေး ရေလဲ ကြက်ဥကောက် စသဖြင့် ဝိုင်းလုပ်ကြသည်။ မိသားစုအပိုဝင်ငွေအတွက် လုပ်ကြ သည့် တပိုင်တနိုင်မွေးမြူရေးဟု ဆိုရပါမည်။
ဦးသန့်အရေးတော်ပုံတွင် အစအဆုံးပါဝင်ခဲ့မရခဲ့သည့် မိမိတို့အဖို့ကတော့ စိတ်တွေရှုပ်ထွေးနေခဲ့ပြီး မကျေနပ်မှုများနှင့် ပြည့်နှက်နေခဲ့သည့်အချိန်ကာလလည်းဖြစ်သည်။ ရန်တက္ကသိုလ်ဝင်းအတွင်းက လှုပ်ရှားမှုများ ဒီဇင်ဘာ ၁၁ ရက်နေ့ တက္က သိုလ်ဝင်းအတွင် အစိုးရက အင်အားသုံး၍ ဝင်ရောက်စီးနင်းမှုနှင့် ရန်ကုန်မြို့ လယ်ခေါင်မှ တုန့်ပြန်ပေါက်ကွဲမှုများက မိမိအား ထိုးဆွနေသည်။ မိ၏စိတ်ကို တည်ငြိမ်အောင်ဆောက်တည်၍ မရခဲ့။ နိုင်ငံရေးအရ မိမိစိတ်ခံစားချက်ကို ဖွင့်ဟထုတ်ပြောနိုင် သူက ကိုအောင်မေသုသာ ရှိသည်ဖြစ်ရာ သူ့အိမ်သို့သွားပြီး ရင်ဖွင့်ရသည်။ ကိုအောင်မေသုက မိမိကို "မင်း ကြက်ခြံထဲဝင်ပြီး အနုပဋိလောမနည်းနဲ့ သုံးသပ်ကြည့်ပေါ့ကွ"ဟု ပြုံး၍ဆိုပါသည်။
မိမိတို့ လေ့လာနေသည့် လက်ဝဲဝါဒတွင် အခြေခံမှာ အနုပဋိလောမရုပ်ဝါဒဖြစ်သည်။ သို့သော် အနုပဋိလောမဟုဆိုသည့် dialatic မှာ ၁၇ ရာစုကပေါ်ပေါက်ခဲ့သည့် ဟေဂယ်၏ဖေါ်ထုတ်ချက်ဖြစ်သည်။ ဟေဂယ်၏ အနုပဋိလောမကို မတ်နှင့် အိန်ဂျယ်တို့က ရုပ်ဝါဒနှင့် ပေါင်းစပ်ပြီး အနုပဋိလောမရုပ်ဝါဒဟူ၍ လက်ဝဲဝါဒဟုခေါ်သည့် ကွန်မြူနစ်တို့၏ အခြေခံကြည့်မြင် နည်းကို ပုံဖေါ်ခဲ့ခြင်းဖြစ်သည်။
အနုပဋိလောမ၏ အခြေခံမှာ အရာကိစ္စများကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်းတခုကို နှစ်ခုအဖြစ်ခွဲကြည့်ခြင်းဖြစ်သည်။ အနုပဋိ လောမသည် နည်းနာဖြစ်သည်။ မော်စီတုန်းက ပဋိပက္ခကျမ်းဟူ၍ အနုပဋိလောမနည်းအရ ခွဲခြမ်းစိတ်ဖြားခြင်းကို ထပ်မံ အကျယ်ချဲ့ရေးသားခဲ့သည်။ မိမိ၏စိတ်ရှုပ်ထွေးမှုများကို အိမ်နောက်က ကြက်ခြံအတွင်းဝင်ရောက် အလုပ်လုပ်ရင်းပြဿနာ များကို ခွဲခြမ်းစိတ်ဖျာကာ ကိုယ့်အမြင်ကို ရှင်းလင်းပြတ်သားအောင်လုပ်ဖို့ကိုအောင်မေသုက အကြံပေးခြင်းဖြစ်သည်။
သို့နှင့် ဒီဇင်ဘာကျောင်းပိတ်ထားသည့်ကာလအတွင်း အိမ်နောက် ကြက်ခြံအတွင်း၌ ကြက်များကို အစာကြွေးရင်း ရေလဲ ပေးရင်း ကြက်ဥကောက်ရင်း မိမိလည်း အနုလုံပဋိလုံ စဉ်းစားသုံးသပ်ရပါတော့သည်။ မိမိ၏အနာဂါတ်လမ်းကို ထိုသုံးသပ် ဆုံးဖြတ်မှုများမှ ရွေးချယ်ရပါတော့မည်။ ကြက်ခြံထဲမှ အစာစားနေသော ကြက်မများ ဥဥနေသောကြက်မများအဖို့ ကြက်ခြံ ထဲတွင် လာ၍ ငုတ်တုတ်ထိုင်နေသောမိမိအား အထူးအဆန်းသတ္တဝါအဖြစ် အကဲခတ်နေခဲ့ကြပေသည်။
● ၁၉၇၅ နှင့် ပြည်တွင်းက လက်ဝဲလှုပ်ရှားမှု
မြန်မာပြည်လက်ဝဲလှုပ်ရှားမှုတွင် အခရာကျသည်က ဗမာပြည်ကွန်မြူ နစ်ပါတီ CPB (Communist Party of Burma) ဖြစ် သည်။ ၁၉၄၇ခုနှစ်က စတင်ခဲ့သည့် "သေရဲတာ အလံနီ တိုက်ရဲတာ အလံနီ"ဆိုသည် အလံနီကွန်မြူ နစ်ပါတီကတော့ အလံနီခေါင်းဆောင်ကြီး သခင်စိုး လက်နက်ချအဖမ်းခံရပြီး ရုံးတင်စစ်ဆေးခံရသည်။ ထိုသို့စစ်ဆေးမှုသည် အပြစ်ပေးသည် ထက် အလံနီသခင်စိုးအား သိက္ခာကျစေခဲ့သည့်စစ်ဆေးမှု ဖြစ်ရာ သခင်စိုးရော အလံနီတို့ပါ နလံမထူနိုင်အောင်ဖြစ်ခဲ့ရသည်။ ထို့ပြင် ကွန်မြူနစ်ပါတီနှစ်ခြမ်းကွဲကထဲက CPB ဘက်တွင် အများစုလိုက်ပါသည်ဖြစ်ရာ ယနေ့တိုင်လည်း (၁၉၇၅ ခုနှစ်) အနှစ် ၃ဝ နီးပါး ကြံ့ကြံ့ခိုင် တိုက်ပွဲဝင်နေသည့် CPB သည် လက်ဝဲနိုင်ငံရေးလှုပ်ရှားမှုတွင် အခရာဖြစ်၍နေပေသည်။
၁၉၄၈ ခုနှစ်စပြီး လက်နက်စွဲကိုင်ပုန်ကန်ခဲ့သော CPB သည် ဦးစွာအားဖြင့် မသုံးလုံးဒေသအား စွန့်လွှတ်ခဲ့ရပြီးနောက် ၁၉၇ဝ နောက်ပိုင်းတွင် မြစ်ဝကျွန်းပေါ်ဒေသအား ထပ်မံစွန့်လွှတ်ခဲ့ရသည်။ မြစ်ဝကျွန်းပေါ်တိုင်းမှ ဗိုလ်အောင်ဖေ သခင်ဗိုလ် ဦး ရဲဘော်သက်တင်စသည့် ပါတီခေါင်းဆောင်များစွာကျဆုံးသည်။ CPB နှင့်မဟာမိတ်ဖြစ်သည့် KNU မှ နာမည်ကြီးခေါင်း ဆောင်များဖြစ်သည့် ဗိုလ်ချစ်စမ်းမောင် ဗိုလ်ကွက်ကော့ ဗိုလ်သောင်းညွန့်တို့ကျဆုံးသည်။ ဗိုလ်နေဝင်း၏ ဖြတ်လေးဖြတ်ဗျူ ဟာ (မလေးကွန်မြူနစ်များကို နှိမ်နင်းရာတွင် အင်္ဂလိပ်တပ်များ၏ဗျူဟာ) သည် အလုပ်ဖြစ်သည်ဟု ဆိုရမည်။ ရိက္ခာပြတ်၍ ထမင်းငတ်နေကြပြီး ဝိုင်းပတ်ပိတ်ဆို့ခံနေရသော်လည်း လက်နက်မချဘဲ အသေခံ၍ တိုက်ပွဲဝင်ခဲ့ကြသည်။
ထို့နောက် ပဲခူရိုးမ CPB ဗဟိုအား ထိုးစစ်များ ဆက်၍လာသည်။ ဗဟိုဌာနချုပ်စခန်းအား အတိုက်အခိုက်ခံလာရသည်။ ဗဟိုခေါင်းဆောင်များ အကျအဆုံးများလာသည်။ အချို့လက်နက်ချသည်။ ထို့ပြင် ပါတီတွင်းတိုက်ပွဲကလည်း ပြငးထန်ခဲ့သ ဖြင့် ပါတီအတွင်းရေးမှူး ရဲဘော်ကိုဌေးနှင့် ပေါလစ်ဗျူ အဖွဲ့ဝင် ရဲဘော်ဘတင်ခေါ် ဂိုရှယ်တို့ သေဒဏ်ပေးခံခဲ့ရသည်။
ထိုအတောတွင်း ပဲခူးရိုးမ တိုင်းကော်မတီအတွင်းရေးမှူး ဦးမြ၊ ဗဟိုရုံး ရုံးအုပ် ကိုဘခက်၊ ပီကင်းပြန် ဗိုလ်တင်ရှိန်တို့ လက် နက်ချသည်။ ထို့ကြောင့်လည်း ပဲခူးရိုးမ ဗဟိုကို ထိုးစစ်ကပြင်းထန်လာသည်။ CPB ဥက္ကဌသခင်သန်းထွန်း လုပ်ကြံခံရသည်။ ဗဟိုရုံးအတိုက်ခံရပြီး ဗိုလ်ဇေယျ ကျဆုံးသည်။ ငါးပြေမစားကျက်တွင် ရဲဘော်အောင်ကြီးကျဆုံးသည်။ ရှမ်းပြည်ဘက်တွင် လည်း အဓိကခေါင်းဆောင်များဖြစ်သည့် သခင်တင်ထွန်း၊ ဗိုလ်ပု၊ ဗိုလ်စိုးမောင်တို့ ကျဆုံးသည်။
ပဲခူးရိုးမတွင် ဖြတ်လေးဖြတ်စတင်ခဲ့ပြီး ပဲခူးရိုးမတောင်ပေါ်ရှိ ကရင်ရွာ ၁၄ ရွာကို မြေပြန့်သို့မောင်းချသည်။ ၁၉၆၄ ခုနှစ် စစ် နိုင်ရေးအာဏာသိမ်းရေးလမ်းစဉ်ချမှတ်ပြီးနောက် ပဲခူးရိုမတိုင်းတွင် ဖွဲ့စည်းခဲ့သော တိုက်တိုင်းအောင် ၁/၂/၃/၄ တို့လည်း ဖွဲ့ခါစက လက်စွမ်းပြနိုင်ခဲ့သော်လည်း ဖြတ်လေးဖြတ်ဝင်လာပြီးနောက် ရိက္ခာ ခဲယမ်း ရှားပါးပြတ်တောက်မှုကြောင့် တဖြေး ဖြေး စွမ်းရည်ကျလာသည်။ နောက်ဆုံး ၁၉၇၅ မတ်လ ၁၅ ရက်နေ့တွင် CPBဥက္ကဌ သခင်ဇင်နှင့် အတွင်းရေးမှူးသခင်ချစ်တို့ ကျဆုံးသွားပြီးနောက် ပဲခူးရိုးမတွင် CPB လှုပ်ရှားမှု တဖြေးဖြေး ရပ်တန့်သွားခဲ့သည်။ ထိုစဉ်က CPB တို့၏ ပဲခူးရိုးမအား ထိုးစစ်ဆင်သည့် တပ်မှာ တပ်မ ၇၇ ဖြစ်ပြီး တပ်မမှူးမှာ ဗိုလ်မှူးကြီးတင့်ဆွေ (နောင်စက်မှုဝန်ကြီး ယခု အငြိမ်းစားဗိုလ်မှူးချုပ်) နှင့် ကာကွယ်ရေးဦးစီးချုပ်မှာ ဗိုလ်ချုပ်ကြီး တင်ဦး (ယခု NLD နာယက) တို့ဖြစ်ကြသည်။
ထိုအချိန်က CPB ၏မြစ်ဖျားတိုင်းဖြစ်သည့် ဗန်းမောက် ပင်လယ်ဗူးဒေသမှာလည်းကျဆုံးခဲ့ပြီး ခေါင်းဆောင်တစ်ဦးဖြစ်သူ ပီကင်းပြန် (ဘေကျင်းပြန်) ရဲဘော်ဖေသောင်းနှင့် လူအချို့သာ အရှေ့မြောက်သို့ ဆုတ်ခွါနိုင်ခဲ့သည်။ သို့သော် CPB အ နောက်မြောက်တိုင်းဟုသတ်မှတ်ထားသော သရက် မင်းဘူး အနောက်ဖက် ပုံတောင်ပုံညာတဝိုက် ဗိုလ်သက်ထွန်း ဦးစီး သည့် အင်အားစုများ ရခိုင်ပြည်နယ်တွင် ရဲဘော်ကျော်မြဦးစီးသော အင်အားစုများတနင်္သာရိတိုင်းတွင် ရဲဘော်စောဟန် ဦးစီးအင်အားစုများ ကျန်ရှိသေးသော်လည်း အတော်ပင်ရုန်းကန်နေရသည့် အနေအထားတွင်ရှိနေသည်။ ရှမ်းပြည်နယ်တွင် ပြည်နယ်ကော်မတီဝင် ရဲဘော်ထွန်း ခေါ် ဗိုလ်ကျင်မောင်နှင့် ရဲဘော်မြမင်း ရဲဘော်ခင်ညိုတို့ ကျန်သေးသည်။ ထို့ပြင် ပဲခူး ရိုးမဗဟိုမှစေ လွှတ်လိုက်သည့် ရဲဘော်အောင် ခေါ် အသားမဲဗိုလ်မျိုးမြင့်နှင့် ဘေကျင်းပြန် ဗိုလ်တိုက်အောင်တို့လည်း ရှိကြသည်။
CPB အတွက်ရော လက်ဝဲအင်အားစုအတွက်ရော အားသာချက်တခုမှာ ၁၉၆၈ ခုနှစ်တွင် မြန်မာပြည်၏အရှေ့မြောက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ၏ အားပေးကူညီမှုဖြင့် သခင်ဗသိန်းတင်ခေါင်းဆောင်သော အဝေးရောက် ဗဟိုကော်မတီသည် အခြေခံစခန်းတခု လွတ်မြောက်ဒေသတခု ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။ အရှေ့မြောက်ဒေသမှ တိုက်ပွဲသတင်းများသည် မိမိ တို့အကြားတွင် ပျံ့နှံ့သိရှိသော အကြောင်းအရာဖြစ်သည်။ ကွန်လုံ ဟိုကမ်းပါး၌ဖြစ်ပွါးသော ရက် ၄ဝ တိုက်ပွဲသည် လူသိများ သော တိုက်ပွဲတပွဲဖြစ်ခဲ့သည်။
၁၉၇၅ ခုနှစ် နှစ်ဆန်းခန့်တွင် တပ်မ ၉၉ ၏ ဒုတပ်မမှူး ဗိုလ်မှူးကြီးသူရ ညွှန့်တင် ကျဆုံးသည့်သတင်းကြားရသည်။ သူသည် ၁၉၇ဝ ခုနှစ် ကွန်လုံ ဟိုကမ်းပါးဒေသ ရက် ၄ဝ တိုက်ပွဲကာလက ကွန်လုံအခြေစိုက် ကချင်သနက ၃ ၏ တပ်ရင်းမှူးဖြစ် သည်။ နန့်ဖတ်ကာနှင့် မူစယ်ကြား လမ်းဖြတ်တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။ ပြည်မတွင် အထိနာနေခဲ့သည့် CPB အတွက် ခွန်အားတရပ်ဖြစ်စေခဲ့သည်။ တကယ်တော့ဗိုလ်မှူးကြီး သူရညွှန့်တင်၏သမီးဖြစ်သူ ရီရီတင်က မိမိထက် တနှစ်ကြီး သည်။ မောင်မောင်ထွေးတို့အတန်းက ဖြစ်သည်။ မိမိကျောင်းမှ ကျောင်းသူတစ်ယောက်၏ ဖခင်စောစီးစွာ ဆုံးပါးသွား သဖြင့်တော့ စိတ်မကောင်းဖြစ်မိသည်။ သို့သော် တိုင်းပြည်၏နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်မဖြေရှင်းနိုင်ဘဲ စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းနေသ၍ ဤအဖြစ်အပျက်မျိုးများကို ရှောင်လွှဲ၍မရနိုင်ဟုသာ ဆိုရမည်။
ဤနေရာတွင် စကားစပ်၍ပြောရလျင် ထိုစဉ်က စစ်ဖက်အရာရှိများ၏သားသမီးများ မိမိတို့ကျောင်းတွင်ရှိကြသည်။ ဗိုလ်မှူး ကြီးလှဟန်သား ကိုဦးဟန်၊ ချင်းဗိုလ်မှူးကြီးတစ်ဦး၏သမီး ဗိုလ်မှူးကြီး သူရညွန့်တင်၏သမီး၊ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူး ကြီးရန်နောင်စိုး၏သား စသဖြင့် မိမိတို့ကျောင်းတွင် ရှိသည်။ သို့သော်လည်း သူတို့အားလုံးသည် သာမန်နေထိုင်ကြသူများသာဖြစ်ကြသည်။ အများမျက်စေ့နောက်အောင် ထိုးထိုးထောင်ထောင်မရှိကြသည့်ပြင် အခွင့်ထူးခံများ မဟုတ်ခဲ့ကြ။ တိကျ စွာပြောရလျင် ၁၉၈၈ ခုနှစ်နောက်ပိုင်း နဝတတက်လာပြီးနောက် ပေါ်ထွက်လာသော အခွင့်ထူးခံလူကြီးသားသမီးဆိုသူများနှင့် ခြားနားသည်ကတော့ အမှန်ပင်ဖြစ်ပေသည်။
သို့နှင့်မိမိတင်ပြလိုသည်ကို ပြန်၍ ဆက်လက်ဖေါ်ပြရမည်ဆိုလျင် CPB ၏အခြေချရာအရှေ့မြောက်ဒေသသည် ဝေးကွာလှ သော်လည်း ထိုသတင်းများကို ပိတ်ဆို့၍ မရနိုင်ပေ။ တိုက်ပွဲကြီးငယ်များအကြောင်း လွတ်မြောက်ဒေသများ အခြေခံဒေသ များအကြောင်းသည် မိမိတို့ကြားတွင် တောမီးကဲ့သို့စိမ့်ဝင်ပျံ့နှံ့နေပြီဖြစ်သည်။ CPB ၏ အကောင်းအဆိုး ဆုံးရှုံးမှုနှင့် အောင် မြင်မှုတို့ကို ထိတွေ့နေရပြီဖြစ်သည်။
ထို့ပြင် ၁၉၇၅ ခုနှစ်ခန့်က တပါတီစနစ်ကျင့်သုံးနေရာ အတိုက်အခံပါတီဆိုသည်မှာ ဖွဲ့ခွင့်မရှိခဲ့။ တိုင်းရင်းသားလက်နက် ကိုင်များ ပြည်နယ်အလိုက်ရှိနေသော် တပြည်လုံးလက္ခဏာဆောင်သည့် မဆလကို ဆန့်ကျင်အံတုနိုင်သည့်ပါတီမှာ CPB မှလွဲ၍ မရှိပေ။ ဦးနု၏ ထိုင်းနယ်စပ်အခြေစိုက် ပဒပဟုခေါ်သည့် ပါလီမန်ဒီမိုကရေစီပါတီမှာ အားကိုးလောက်သည့်အနေအထားတွင်မရှိချေ ။ ထို့အတူ အင်ဒိုချိုင်းနား ၃ နိုင်ငံ၏ အောင်ပွဲကလည်း လက်ဝဲဝါဒကို အားဖြည့်ထားသကဲ့သို့ တရုတ်ကွန်မြူ နစ်ပါတီ၏ နိုင်ငံတကာအဖိနှိပ်ခံပြည်သူများသို့ ပေးနေသည့်အကူအညီများက အားတက်ဘွယ်ဖြစ်နေသည်မဟုတ်ပါလော။
ဆက်လက်ဖေါ်ပြပါမည်။
Mg Mg Soe (မောင်မောင်စိုး)