ကဗျာဆရာ လှသန်း (ခေါ်) ကြည်မောင်သန်း (၁၉၆၃-၂၀၁၁)
(အောက်တိုဘာ ၂၂ ကွယ်လွန် ၅ နှစ်ပြည့်)
(အောက်တိုဘာ ၂၂ ကွယ်လွန် ၅ နှစ်ပြည့်)
လှသန်းဆိုလည်း မင်းပဲ
ကြည်မောင်သန်းဆိုလည်း မင်းပဲ
လိပ်ပြာသန့်သန့်မှသည် မောင်သီးသန့်အထိ
မင်းကိုယ်မင်း ကိုယ်ဖျောက်ခဲ့ရတာ
မင်းစိတ်နဲ့ မင်း သေနတ်ဖောက်ခဲ့ရတာ
မင်း ကျောင်းဆောက် ဘုရားတည် ကုသိုလ်တွေပြုပြီးပြီ
မင်းအကုသိုလ်ပြုတာတွေကိုတော့ လူတွေ အလွယ်တကူမြင်သိ စကားတင်းဆိုပြီးမို့
ထည့် မပြောတော့ဘူး။
လှသန်း
အသည်းကွဲပြီးနောက်သတင်းစကား ကိုယ်နည်းနည်း ဖျားသွားတယ်
ရွှေလမင်းမှာ တနေ့ ကိုအောင်ချိမ့်ကို မေးရတယ် သူက မင်းလက်ရေးနဲ့
သူ့ ဖေဖော်ရီကဗျာလေး (လက်နှစ်လုံးသာသာ စာအုပ်ညှပ်တဲ့ စက္ကူစလေးလိုလိုပေါ်မှာ)
အဲ့ဒါပေးတယ် စိတ်တွက်နဲ့တွက်လိုက်တယ် သူလည်း အောင်ချိမ့်အနီးကပ်ပဲလို့
(တထောင့်ကိုးရာ ကိုးဆယ် တဝိုက်လို့ ထင်တယ် အဲ့ဒီတုန်းက)
ကိုယ်တို့ တရွတ်တိုက် ပွတ်ဆွဲခံရတဲ့ ကဗျာဆရာဘဝ ဒီဘဲကြီးမပါဘဲ ပြောလို့မှမရတာ
လှသန်း
မင်းထောင်ကျတာတွေဘာတွေ ငါမသိဘူး
မင်းကွန်ဆထရပ်ရှင်းတခုမှာ တာဝန်ခံလုပ်နေတာတွေ ငါမသိဘူး
မင်း အိပ်စပို့ ပုစွန်တွေနဲ့ ဘာညာ နားစွန်နားဖျားကြားမိတယ် ငါမသိဘူး
မင်းဆံပင်ရှည်ကြီးတရမ်းရမ်းနဲ့ ခရေမှာ ရွှေလမင်းမှာ အကိုကြီးဝိုင်းမှာ ထိုင်တယ် ငါမသိဘူး
မှတ်မှတ်ရရ၊ ၁၉၉၅ လောက် ငါတို့ပင်လယ်လုပ်နေချိန် မင်းနဲ့ငါ ရေစက်ဆုံကြ
ကြိုသိနှင့်ပြီးတဲ့ တယောက်အကြောင်းတယောက် တနေ့လယ်ထဲနဲ့ အပြီးမော့သောက်ကြ
လွဲချော်ခဲ့တဲ့ ကာလတွေအတွက် အဆဲအဆိုလေးတွေနဲ့ မချင့်မရဲပြောဖြစ်ကြ
ငါကလည်း အောင်ချိမ့် ဆို ငါကလွဲလို့ ဘယ်သူမှ ငါ့လောက်သိတယ်လို့မထင်
မင်းကိုယ်မင်းလည်း အဲလိုပဲ ထင်ခဲ့တာလို့ မင်းကပြောတော့မှ ငါတို့ အပြိုင်အဆိုင် သူ့ကဗျာတွေ
တယောက်တလဲ အလွတ်ရွတ်ပြမိကြ ကြက်သီးထစရာ အတိတ်တခုပါကွာ
လှသန်း
ငါ စာရင်းကလေး တခု တို့မယ်နော်..
၁) မနက် ၉ နာရီ၊
၂) ပုစွန်တောင် ဂဏန်းဆိုင်၊
၃) ဘီအီး တပိုင်းပြီးတပိုင်း၊
၎) ဇီးရောင် စူပါကပ်၊
၅) ဟိုလူကြီးကဗျာတွေ၊
၆) မျက်လုံး နှစ်စုံပြူးကျယ်လာပုံက စားပွဲပေါ်ပြုတ်ကျလုမတတ်၊
၇) ၂ ယေက်ပေါင်းပြီး ကမ္ဘာကြီးတခုလုံးကိုသိမ်းမိပြီးသလို စိတ်မြောက်၊
၈) မြောက်ဒဂုန် (၈) သ/မ မဉ္ဇူလမ်းကိုရွှေ့၊
၉) အဲဒီကအပြန် ဗိုလ်အုန်းသီးကွေ့၊
၁၀) သာကေတ၊
၁၁) မြစ်လား ချောင်းလားဖက်ဆီက လေတဖြူးဖြူး၊
၁၂) ညနေစောင်းလာခိုက် ဘီအီးနောက်တပိုင်း၊
၁၃) ဘယ်လို အိမ်ပြန်ရောက်မှန်းမသိဆိုတဲ့ ဝါကျနဲ့ အဆုံးသတ်ခဲ့တယ် အဲဒီနေ့။
လှသန်း
ဒီလိုနဲ့ မင်းနဲ့ငါ နီးလိုက်ဝေးလိုက်
တခါတခါ ဘားလမ်းထိပ်(ဗိုလ်ချုပ်ဖက်) လက်ဖက်ရည်ဆိုင်တခုမှာ ထိုင်လိုက်
ကဗျာတွေ ဘာတွေ သိပ်လည်း ပြောဖြစ်ကြတယ်တော့မဟုတ်ပါဘူး
မင့်သည်းခြေကြိုက် အတင်းအဖျင်းကတော့ ဒို့ အမြည်းပေါ့ကွာ
ခက်တာက မင်းနဲ့က ပယ်ပယ်နယ်နယ် မသောက်ဖူးဘူး
မင်းနဲ့ လူချင်းလုံးမိမယ်မှ မကြံသေးဘူး မင်းက ရောဂါနဲ့
အရက်ရှောင်ရတာနဲ့ ဘီယာရှောင်ရတာနဲ့ မင်းကိုယ်က ဆေးစော်အမြဲနံလို့
တော်လေးလည်း ကြာရော မရှောင်သာတဲ့ လမ်းမြှောင်ကြား မိချောနဲ့ညားရော
သာ၍ ဝေးရာဆီသို့ပါ၊ မင်းနဲ့ ငါ သိပ် မဆုံဖြစ်ကြတော့ပါ
လှသန်း
နေဦး ဟ
အဲ့ဒီမတိုင်ခင် မင်း မလေးက ပြန်လာပြီး အသဲအသန်ဖြစ်
သင်္ဃန်းကျွန်းဆေးရုံမှာ တက်နေတာ အေး.. ၉၉ လား ၂၀၀၀ လား
အဲလောက်က မင့်သတင်းတွေ ကြားနေတယ် ငါမအားဘူး အလုပ်ပိနေခဲ့တာ
ဆေးရုံကို မရောက်ခဲ့ဘူး ကိုယ့်ဘဝနဲ့ကိုယ် လေးလံ ပိကျနေရင်း မင်းကိုလည်းမေ့နေခဲ့မိ
(ဖြောင့်ချက်တခုလို ဒါကို တမင်ထည့်ရေးပါတယ် ဟေ့ယောင်ရေ့…)
တနေ့ ကိုယ့်အလုပ်က မနက်မိုးမလင်းခင် လေဆိပ်တက်ရတာမို့ လေဆိပ်ကအပြန်
ရုံးကိုပဲ တန်းလာခဲ့လိုက်တော့တယ် မနက် ၆ နာရီလောက် ရုံးစားပွဲမှာ ထိုင်ရင်း
မင်းကို သတိရသွား ဟာ.. ဒီကောင်.. တနေ့က အောင်ဘညို ပြောတော့ မျှော်လင့်စရာ
မရှိတော့ဘူးဆိုလား အဲဒီသတင်းတောင် ၃၊ ၄ ရက်ရှိသွားပြီဆိုတော့ ခုလောက်ဆို…
ငါ ဒိန်းခနဲ ဖြစ်သွားတယ် တော်တော်စိတ်မကောင်းဖြစ်သွားတယ် နောင်တလည်းရမိတယ်
စာရွက်တရွက်ဆွဲထုတ်တယ် စကားလုံးတွေ စာကြောင်းတွေ ဒလဟော ကျလာတယ်
မင်းဒီလောကမှာ ရှိချင်မှ ရှိတော့မယ် ထင်ပြီးရေးခဲ့တဲ့ ကဗျာ..
(ဒီလို တယောက်ယောက်ကို အမည်တပ်ပြီး ရေးခဲပါတယ် ကိုယ့်ကဗျာဆရာဘဝမှာ)
“လှသန်းအတွက် သာမာန်ရိုးရိုးကဗျာတပုဒ်”
အဲဒီနောက် မင်းတကယ် မသေခဲ့ဘဲ တောင်ကျော်ခဲ့တယ်
အဲဒီ အဖြစ်အပျက်ကလေး ပြန်ပြောရင်းငါတို့ ပြုံးမိကြ စိတ်သက်သာရာရခဲ့ကြ။
လှသန်း
ခု ၂၀၁၁ ဖေဖော်ဝါရီ ၁၇ ရက် နေ့လည် ၁၂နာရီ ၉ မိနစ်
ငါ့မှာ နေ့စွဲတွေ အချိန်တွေကို ဂရုတစိုက် ထည့်သွင်းမှတ်သားတဲ့ အကျင့်ရှိနေပြီ
(စောက် အသက်ကလေးက ရလာပြီကိုး၊ ဒါလည်း မင့်လေသံကိုပဲ အတုခိုးလိုက်တယ်)
မနေ့က ဇော်ကြီး (သစ်ကောင်းအိမ်) နဲ့ အွန်လိုင်းမှာတွေ့ဖြစ်တယ်
[thitkaungeain: ကိုလှသန်းသတင်းကြားပြီးပြီလား
အခြေအနေမကောင်းဘူး ကျောက်ကပ်ဆေးရမယ့်အခြေအနေရောက်နေပြီတဲ့
me: ဟင်
12:05 PM ဟုတ်လား]
ငါ ငိုင်ကျသွားတယ် ပြီးခဲ့တဲ့ အခေါက် (‘နောက်ဆုံး’ လို့ ရေးပြီးမှ
‘ပြီးခဲ့တဲ့’ လို့ ပြန်ပြင်တယ်) ရန်ကုန်ရောက်တော့ မကြုံစဖူး မင့်ဆီ ၅ ရက်လောက် အိပ်ခွင့်
ကြုံခဲ့တယ် ထပ်ခိုးပေါ်က ရေတိုင်ကီတလုံးနဲ့မင်းနဲ့ တယောက်တဝက် မျှပြီး နေတဲ့
အခန်းကလေး (မီးခံသေတ္တာတလုံးလည်းရှိ မတ်တပ်ဘီရို တလုံးလဲရှိ နောက်တော့ ငါသောက်တဲ့
ပုလင်းပြားလေးတွေနဲ့ ထပ်ဖြည့်ကြည့်ရတဲ့) ခု ငါ မြင်ယောင်နေတယ် မင်းရုပ်သွင်ကို ငါ့ဖုံးကင်မရာ
လေးနဲ့ ဓာတ်ပုံရိုက်ခဲ့တယ် မင်းဓာတ်နဲ့ ငါ့ဓာတ် ပူးကပ်ခွင့်ရခဲ့တယ် အမ်တီဗွီတွေကြည့်ရင်း မင့်ကိုယ်
မင့် လှည့်စားနေတာ ငါရိပ်မိခဲ့တယ် ငါ့သက်ပြင်းကိုလဲ မင်းရိပ်မိချင်ရိပ်မိလိမ့်မယ် ငါတို့အချင်းချင်း
ကြားမှာ မသမာစိတ်တွေ မရှိတာ တခုထဲနဲ့ မင်းနဲ့ငါ ဒီဘဝမှာ ဒီလောက်နဲ့ တန်နေပါပြီ်။
လှသန်း
ငါ အခု ဒီကဗျာကိုရေးတယ်
ဟို တခါလိုပဲ တောင်ကျော်ပါစေ ဆိုတဲ့ စေတနာနဲ့ပါ
ကဗျာကို ပါစင်နယ် လုပ်ရေးဖို့ သိပ်ရှက်တတ်တဲ့ကောင်ပါ
ငါ လုပ်နိုင်တာကလည်း ဒါပဲဆိုတော့ ငါ ဒါပဲ လုပ်လိုက်တယ်
မျက်နှာမာ အသံမာကြီးနဲ့ ဟိုလူ့ လှမ်းဆဲ ဒီလူ့သရော်မော်ကား ပြောကြဦးစို့လားကွာ
သိပ် မကြာခင်မှာပေါ့။ ။
ခင်အောင်အေး
၁၇ ဖေဖော်ဝါရီ ၂၀၁၁ ဘန်ကောက် ၁၂း ၁၈ နာရီ