မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၃၅)
(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၆
(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၆
● အင်ယားကမ်းစပ်က ပညာတတ်များ
အင်းယား (အင်းလျား) ဆောင်၏မျက်စောင်းထိုးလောက် အင်းယားလမ်းနှင့် အင်းယားကန်ဘေးတွင် ကြီးမားကျယ်ဝန်းသော ခြံဝန်းကြီးတခုရှိသည်။ ယခင်ကိုလိုနီခေတ်က အင်္ဂလိပ်အစိုးရ ဘဏ်အရာရှိများအိမ်ယာဟု သိရသည်။ ခြံဝန်းကျယ်ကြီး အတွင်း ခန်းနားသော နှစ်ထပ်တိုက်များကို တလုံးနှင့် တလုံး ပေ ၁၅ဝ / ၂ဝဝ ခန့်အကွာတွင် ဆောက်လုပ်ထားသည်။ မဆ လခေတ်တွင်လည်း အစိုးရဘဏ်အရာရှိကြီးများနေကြသည်။ ကိုကြီးမြင့်ဖခင်က အသက်အာမခံမှ အရာရှိကြီးတဦးဖြစ် သဖြင့် ထိုခြံဝင်းကျယ်ကြီးထဲရှိ အင်ယားကန်စပ်က နှစ်ထပ်တိုက်ကြီးတွင် နေခွင့်ရသည်။ အင်းယားကန်ဘေးက ခန့်ငြား သော နှစ်ထပ်တိုက်များစွာနှင့် တိတ်ဆိတ်နေသော ထိုခြံဝင်းကြီးသည် ဂိုက်ဆိုဒ်ကြီးလွန်းလှသည်ဟု ဆိုရမည်။
ကိုကြီးမြင့်တို့တိုက်ဘေး အင်းယားကန်စပ်မှ ရေပြင်ထဲသို့ လျှောက်လမ်းထုတ်ထားပြီး ကန်ထဲတွင် အမိုးနှင့် နားနေဆောင် လေးတလုံးဆောက် လုပ်ထားသည်။ ညနေစောင်းများတွင် ထိုနားနေဆောင်လေးအတွင် ထိုင်နေရင်း တဖြူးဖြူးတိုက်ခတ် နေသော လေပြေလေညှင်း၏အထိအတွေ့ကိုခံစားရင်း သို့တည်းမဟုတ် ကန်ရေပြင်ကိုဖြတ်သန်းလာသည့် ဒဂုန်တာရာ၏ လေနုအေး ပွေ့ဖက်မှု ခံစားရင်း တိတ်ဆိတ်စွာ မိန်းမော၍ ကောင်းသည့်နေရာလေးဖြစ်သည်။ သို့သော် ထိုခမ်းနားသော အစိုးရအရာရှိကြီးအိမ်ပေါ်က စာဖတ်ခန်းအတွင်း ကားလ်မတ်၏ အရင်းရှင်ကျမ်းကိုဖတ်ပြီး ပစ္စည်းမဲ့ဘဝကို ခံယူဘို့ ကြိုးစား နေသည့် ညီအကိုများ ရှိနေကြသည်မှာ အံ့သြဘွယ်ဟုဆိုရမည်။
ဆရာဗန်းမော်တင်အောင်က ပညာတတ်တို့ အူကြောင်ကြောင်နိုင်မှုကို သူ၏ဝတ္ထု အချို့တွင် ဖေါ်ညွှန်းခဲ့ဘူးသည်။ ထိုအူ ကြောင်ကြောင်နိုင်လှသော ပညာတတ်များ အဘယ်မတ်ဝါဒကို သဘောကျ နှစ်သက်ခဲ့သနည်းဟု မိမိစဉ်းစားကြည့်မိသည်။ အကြောင်းမှာ မတ်ဝါဒ၏ခွဲခြမ်းစိတ်ဖြာမှု သုံးသပ်တင်ပြမှုတို့သည် သိပ္ပံနည်းကျ၍ (ဝိဇ္ဇာနည်းကျဟူ၍လည်း သုံးတတ်ကြပါ သည်) ဖြစ်သည်။ ထို့ပြင် မတ်ဝါဒအား အယူဝါဒတခုအဖြစ် ပြည့်စုံကုန်လုံအောင် ဖေါ်ညွှန်းနိုင်ခဲ့၍ ဖြစ်သည်။ သို့ဖြစ်ရာ မတ် ဝါဒသည် ပညာတတ်များအား ကောင်းစွာဖမ်းစားနိုင်သည့် ဝါဒတရပ်ဖြစ်သည်။
မတ်ဝါဒ ကျမ်းရင်းများကို ဖတ်ရှုထားသည့် ကိုကြီးမြင့်တယောက် ပစ္စည်းမဲ့ဘဝခံယူမည်ဆိုကာ သူ့ဖခင်၏ရွှေစံအိမ်မှဆင်း ကာ အုတ်ကျင်းသမိုင်းဘက်ရှိ အလုပ်သမားရပ်ကွက်အတွင် အခန်းကလေးငှားကာနေခဲ့ဘူးသည်။ ကျ ဉ်းမြောင်းသော လမ်းများ ဗွက်ထနေသောလမ်းများ တအိမ်နှင့်တအိမ်ကပ်၍ ကြပ်ညပ်နေအောင်ဆောက်ထားသော ကလေးငိုသံ လင်မယား ရန်ဖြစ်သံ မိန်းမချင်းရန်ဖြစ်သံ အမူးသမားများ၏ အော်ဟစ်ဆူပူသံများကြား ၆ လခန့် သွားနေခဲ့ဘူးသည်။ သူသည် အလုပ် သမားတို့၏ ဘဝကိုမျက်ဝါးဝါးထင်ထင် သွားရောက်ခံစားကြည့်ခဲ့သည်။
"နေပါအုံးဗျ ခင်ဗျား အဲဒီရပ်ကွက်ထဲမှာသွားနေတော့ သူတို့ အခြေအနေနဲ့ သူတို့ရင်ထဲကအသံတွေ ဘာကြားခဲ့လဲဗျ"ဟု မိမိတို့က မေးသောအခါ သူမဖြေနိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် စကားနည်း၍ အပေါင်းအသင်းမထား မိတ်မဖွဲ့တတ်သူ ကိုကြီးမြင့်တယောက် ကျောင်းသွားကျောင်းပြန်မှအပ ထိုအခန်းကျဉ်းလေးထဲတွင်နေခဲ့သော်လည်း တယောက်တည်း ခပ်မ ဆိတ် ထိုင်နေခဲ့ခြင်းကြောင့် မည်သူနှင့်မှ မိတ်ဆွေဖြစ်မလာသကဲ့သို့ သူတို့၏အသံများလည်း မကြားခဲ့ပေ။ ဗန်းမော်တင် အောင် ညွှန်းလေ့ရှိသည် ပညာတတ်တယောက်၏ အူကြောင်ကြောင်နိုင်မှုဟု ဆိုနိုင်ပါသည်။ သို့သော် သူသည် ရိုးသားစွာ အားထုတ်ခဲ့သည်ဟု မိမိတို့ နားလည်ရပါသည်။
တခါတော့ ကိုကြီးမြင့်ကဆိုသည်။ "ဒီကောင်ကွာ မတ်ရဲ့ အရင်းကျမ်းဖတ်သလိုနဲ့ စာအုပ်နဲ့ကာပြီး ရည်းစားစာရေးနေတာ ကျုပ်မသိဘူးများ ထင်နေလား မသိဘူး"ဟု လဘက်ရည်ဝိုင်း တခုတွင်ဆိုဘူးသည်။ ကိုကြီးမြင့်ပြောသည့် ဒီကောင်ဆို သည်မှာ သူ့ညီ ကိုတောက်ထွန်းဖြစ်သည်။ သူအားမိမိတို့က ဗိုလ်တောက်ဟု ခေါ်သည်။ သူသည်လည်း သူ့အကိုနည်းတူ မတ်ဝါဒအား ခုံမင်စွာ လေ့လာခဲ့သူဖြစ်သည်။ ဆေးတက္ကသိုလ် ၁ မှ နောက်ဆုံးနှစ်အပိုင်းက ကျောင်းသားဖြစ်သူ ဗိုလ် တောက်သည် ကျောင်းသွားလျင် တောက်တောက်ပြောင်ပြောင် ဝတ်စားလေ့မရှိ။ ရေလဲပုဆိုးသာသာ ခပ်နွမ်းနွမ်းသာ ဝတ် လေ့ရှိသူဖြစ်သည်။ အိမ်ကလိုက်ပို့သည် ဇိမ်ခံကားကို ကျောင်းမရောက်ခင် ခပ်လှမ်းလှမ်းတွင် ရပ်ခိုင်းပြီး လမ်းဆင်းလျှောက် တတ်သူဖြစ်သည်။ (ထိုခေတ် ထိုကာလက ကိုယ်ပိုင်ကားစီး၍ ကျောင်းတက်နိုင်သူမှာ လက်ချိုးရေတွက်၍ ရသည်)
ကိုကြီးမြင့်ပတ်သက်၍ မိမိတို့နှင့်ခင်မင်သွားသော ဗိုလ်တောက်သည်လည်း ဦးချစ်ဆိုင်သို့လာ၍ မိမိတို့နှင့် လာထိုင်တတ် သည်။ လာ၍ စကားပြောတတ်သည်။ ထိုသို့ခင်မင်သွားရာမှ ပညာရေးတက္ကသိုလ်မှ ကျောင်းသူတဦးကို သူစိတ်ဝင်စား နေမှန်း မိမိတို့သိရပေရာ လူငယ်တို့ဘာဝ မြှောက်ပေးကြတော့သည်။ သို့နှင့် မိမိတို့၏မြှောက်ထိုးပင့်ကော်လုပ်မှုကြောင့် ပညာရေးတက္ကသို့လ်က မိန်းကလေးကျောင်းအပြန်တွင် ဘေးကလိုက်တော့သည်။ မိန်းကလေးက သူဘေးကလိုက်မှန်းသိ၍ မြန်မြန်လျှောက်လျင် သူလည်း လိုက်၍ မြန်မြန်လျောက်သည်။ မိန်းကလေးနှေးလျင် လိုက်နှေးသည်။ နောက်ဆုံးမိန်းက လေးက ရပ်ပြီး ....
"ရှင် ဘာလိုက်လုပ်တာလဲ အူကြောင်ကြောင်နဲ့ .. ဘယ်လိုလူလဲ မော်ကွန်းထိန်းသွားတိုင်လိုက်ရမလား"ဟူ၍ အော်ဟစ်ပြီး ထွက်သွားမှ သူလည်း ရပ်ကျန်ခဲ့သည်ဟု ဆိုသည်။ အဖေါ်လိုက်ပေးသောသူငယ်ချင်းက "ဗိုလ်တောက်ကတော့ စံဘဲဗျို့။ ဘေးကလိုက်ပြီး ဘာမှမပြောဘူး သူစတိုင်အတိုင်း မုတ်ဆိတ်မွှေးငုတ်စိလေးကို လက်နဲ့ပွတ်ပြီး ပြုံးစိစိလုပ်နေတာဘဲ"ဟု ဆိုသည်။
သို့နှင့် မိမိတို့လည်း မဖြစ်ချေဘူးဟုဆိုကာ စကားမပြောရဲရင် စာရေးပေးဗျာဟုတိုက်တွန်း လှုံ့ဆော်ကြ၍ ကိုကြီးမြင့်ပြောသည့် ရည်းစားစာပေးခန်းသို့ ရောက်ပေတော့သည်။ ဤသို့ ရည်းစားစာပေးမှဘဲ ဇတ်လမ်းကပြတ်တော့သည်။ ဆရာသမား ချစ် ကြောင်း ချစ်ကြောင်းကို ရိုးရိုးမဖွဲ့ ပညာပေးရေးအစီအစဉ်ထည့်သည်။ သူ၏ပညာပေးမှုကတော့ မိန်းကလေးများ အားကစား မလုပ်သင့် အားကစားလုပ်လျှင် ပျက်စီးသည်ဟူသတတ်။ ထိုစာပေးလိုက်မှပင် ပွဲသိမ်းသွားတော့သည်။ အဘယ်ကြောင့် ဆိုသော် ထိုမိန်းကလေးမှာ ပညာရေးတက္ကသိုလ်က ဘောလီဘောလက်ရွေးစင်ဖြစ်နေ၍ဖြစ်သည်။ မိမိတို့လည်း "တော် သေးတာပေါ့ ဗိုလ်တောက်ရယ် တအုပ်လုံး အရိုက်မခံရတာ"ဟူ၍သာ ဆိုရပေတော့သည်။ ဗိုလ်တောက်ကတော့ ဘာမှပြန် မပြော၊ သူ၏မုတ်ဆိတ်တိုလေးကို ညာဘက်လက်နှင့်ပွတ်၍ ပြုံးစိစိလုပ်၍သာနေတော့လေသည်။
ငယ်စဉ်က မတ်ဝါဒများလေ့လာခဲ့သော ဗိုလ်တောက်တယောက်ဘွဲ့ရပြီးတော့ အစိုးရဝန်ထမ်းလုပ်ပြီး အိမ်ကပေးစားသော မိန်းမကို ယူပြီးဘဝကိုအေးချမ်းစွာဖြတ်သန်းသည်။ နောက်ဆုံး မြစ်ကြီးနား မီးရထားဆရာဝန်ကြီးဘဝနှင့် အငြိမ်းစားယူပြီး မြစ်ကြီးနားတွင်ပင် အခြေချခဲ့သည်။ ပြီးခဲ့သော ၅ နှစ်ကျော်ခန့်က အသဲရောဂါဖြင့်ကွယ်လွန်သွားသည်ဟု ကြားသိရသည်။
ထိုအင်းယားကန်စပ်က တိုက်ကြီးတွင် ကိုကြီးမြင့် ကိုတောက်ထွန်းတို့ ညီအကိုနှစ်ယောက်သာမက သူတို့အောက် တိုက် မောင်ဆိုသည့် ညီငယ်တယောက်လည်း ရှိသည်။ သူသည်လည်း အကိုများနှင့် အလားတူဖြစ်သည်။ စားကောင်း သောက် ဖွယ်ပြင်ဆင်ထားသော အိမ်က ထမင်းဝိုင်းကို လက်ညှိုးထိုး၍ "ဒါ ဆင်းရဲသားတွေရဲ့ သွေးတွေချွေးတွေဗျ"ဟူ၍ ဆိုတတ်၍ သူ၏မိဘများ စိတ်ညစ်ခဲ့ရသည်ဟု ဆိုသည်။ သူသည်လည်း ထိုကာလ ဆေးတက္ကသိုလ် ၁ တွင် ပထမနှစ်ဆေးတွင် တက် နေသောကျောင်းသားတဦးဖြစ်သည်။ ကျောင်းနေစဉ်ကာလက မိမိနှင့်မဆုံခဲ့သော်လည်း နောင် အရှေ့မြောက် တောင် တန်းများပေါ်တွင် သူနှင့်ဆုံးစည်းခဲ့ရသည်။
ထိုအင်းယားကန်စပ်ရွှေစံအိမ်ကြီးမှညီအကိုများသည် အူကြောင်ကြောင်နိုင်သည်ဟုထင်ရသော်လည်း အခြေခံအားဖြင့် ရိုးသားဖြောင့်မတ်ကြသူများဖြစ်ကြသည်။ မိမိနေထိုင်မှုဘဝအတွက် လိုလေးသေးမရှိ နေထိုင်ကြရသူများ ပညာတတ်များ လက်ဝဲဝါဒ မတ်ဝါဒကို ယုံကြည်သက်ဝင်ကြခြင်းမှာ အကြောင်းမဲ့တော့ မဟုတ်။ ဆင်းရဲသားများ အလုပ်သမား လယ်သမား အဖိနှိပ်ခံများအတွက် ရည်ရွယ်ဦးတည်ထားရုံမျှသက်သက်မဟုတ် လူ့အဖွဲ့အစည်းအား ပြောင်းလဲရေးအတွက် သိပ္ပံနည်း ကျ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ထားခြင်းကြောင့်ဖြစ်သည်။ စနစ်တကျ ခွဲခြမ်းစိတ်ဖြာထားခြင်းမဟုတ်လျှင် ပညာတတ်များ လက် ခံနိုင်ကြလိမ့်မည် မဟုတ်ပေ။
သို့သော် သိပ္ပံနည်းကျ ခွဲခြမ်းစိတ်ဖြာသည့် မတ်ဝါဒအား လက်တွေ့ကျင့်သုံးရာတွင် အခက်အခဲတခုရှိသည်။ ၎င်းမှာ လက် တွေ့ လူမှုပြဿနာများအား စဉ်းစားသုံးသပ် အဖြေရှာရာတွင် သင်္ချာပုံသေနည်းတခုကဲ့သို့ တွက်ချက်အဖြေထုတ်၍ မရ နိုင်ခြင်းဖြစ်သည်။ သင်္ချာပုံသေနည်းတခုကဲ့သို့ တွက်ချက်လိုက်ပါက တရားသေကျင့်သုံးရာရောက်သွားပြီး ရလဒ်ကောင်းများ မထွက်နိုင်တော့ပေ။
● တိတ်ဆိတ်သောနေ့များ
ဦးသန့်အရေးတော်ပုံအပြီး အစောဆုံးပြန်ဖွင့်သော တက္ကသိုလ်မှာ မိမိတို့တက္ကသိုလ်ဖြစ်သည်။ ကျောင်းသို့ ပြန်လည်ရောက် လာသော ကျောင်းသားများသည် ပုံမှန်လို မတက်ကြွကြပေ။ မကြာခင်ကဖြစ်ပွားခဲ့သော ဦးသန့်အရေးတော်ပုံက ကျောင်း သားအားလုံးစိတ်ဝယ် တွယ်ငြိနေသည်။ လန်းဆန်းတက်ကြွမှုမရှိသော ကျောင်းဖွင့်ရက်များဟု ဆိုရမည်။
ပင်မတက္ကသိုလ်ဝင်းထဲက ဦးချစ်ဆိုင်ကိုသွားတော့လည်း မိန်းထဲကအတန်းများများ မဖွင့်သေး၍ ခြောက်ကပ်နေသည်။ သူ့ အစု သူဝိုင်းလေးနှင့်ဝိုင်းဖွဲ့နေရသည်။ ဦးချစ်လည်း ကျောင်းဖွင့်ရက်ကို မျှော်နေပုံရသည်။ ဘန်ဒါပင် အုံ့အုံ့ ဆိုင်းဆိုင်း အောက်တွင် လဘက်ရည် လေးငါးဝိုင်းခန့်သာရှိသည်။ စိုင်းထီးဆိုင်၏ မန္တလေးရောက် ရှမ်းတယောက် သီချင်းသံက ဆိုင်အတွင်းစီးဝင်နေသည်။ ဦးချစ်ဆိုင်မှာထိုင်ရင်း ငေးရင်းတွေးရင်း မိမိသည်လည်း ကျန်တက္ကသိုလ်များအဖွင့်ကို မျှော်လင့် နေမိသည်။ ကျောင်းပရဝုန်အတွင်း လူစုံမည်ကို စောင့်စားနေသည်။ ဦးသန့်အရေးတော်ပုံအတွင်း မည်သူတွေ အဖမ်းခံ သွားရပြီလဲဆိုသည်ကိုလည်း သိချင်နေမိသည်။ လောလောဆယ်တော့ လူမစုံသေး၍ သတင်းမစုံနိုင်သေးပေ။
ကျောင်းပိတ်ရက်ရှည်များတွင် အိမ်ပြန်မလာနိုင်သူတွေ တဖြည်းဖြည်းများလာသည်။ မည်သို့ပင်ကြုံစေကာမူ မိမိတို့ကတော့ တိုက်ပွဲကိုငံ့လင့်နေသည်။ မြေပေါ်တိုက်ပွဲတပွဲဖေါ်ပြီးလျှင် အရှေ့မြောက်တောင်တန်းများဆီသွားတော့မည်ဟု စိတ်ပိုင်းဖြတ် ထားချေပြီ။ တိုက်ပွဲဖေါ်ဘို့ဆိုသည်က မိမိတို့ကျောင်းသက်သက်နှင့် မဖြစ်နိုင်။ တက္ကသိုလ်ပေါင်းစုံပါမှ ဖြစ်မည်။ ကျောင်းဖွင့် ရက်ကို မျှော်နေမိသည်။
တကယ်တမ်းဆိုလျင် မိမိတို့သည် CPB နှင့် အဆက်အသွယ်ရှိသေးသည်သည် မဟုတ်ပေ။ တက်ကြွသူ လေ့လာသူ လို လားသူအဆင့်မှာသာ ရှိသည်။ ထိုအချိန်က CPB နှင့် ဆက်သွယ်ရန်လည်း အဆင်ပြေလှသေးသည် မဟုတ်ပေ။ ၁၉၇၅ မတ်လအတွင်း ပဲခူးရိုးမ CPB ဗဟိုကျဆုံးပြီး ၁၉၇၅မေတွင် အရှေ့မြောက်တွင် သခင်ဗသိန်းတင် ဥက္ကဌသခင်ဗသိန်းတင် ဦးဆောင်သည့် ၇၅ ဗဟိုကော်မတီအသစ်ဖွဲ့ခါစဖြစ်၍ ပြန်လည်ဖွဲ့စည်းစကာလဖြစ်သည်။ မြေပေါ်မှတက်ကြွသူများအနေနှင့် အရှေ့မြောက် ဗဟိုနှင့်ဆက်သွယ်ရန် ကြိုးပမ်းဆဲကာလဖြစ်သည်။
၁၉၇၅ မေလထဲတွင် သခင်ဗသိန်းတင်ဦးဆောင်သော အရှေ့မြောက်ဗဟိုကော်မတီဖွဲ့စည်းခြင်းနှင့်အတူ သခင်ဗသိန်းတင်၏ မိန့်ခွန်းထွက်လာသည်။ ထိုမိန့်ခွန်းကို ဖတ်ရှုပြီးနောက် တမျိုးတမည်တော့ ခံစားရသည်။ တမျိုးတမည်ဆိုသည်မှာ မိမိတို့နား လည်ထားသော ၆၄ လမ်းစဉ်နှင့်ကွဲပြားမှုကို ခံစားရ၍ဖြစ်သည်။ အန်ကယ်ဦးအုန်းမောင် (လေထီး) က သခင်ဗသိန်းတင် အနေနှင့် ကွဲပြားသောအင်အားစုများကို ပြန်လည်စုစည်းနိုင်ရေးအတွက် ထိမ်းထိမ်းသိမ်းသိမ်း ပြောဆိုခြင်းဖြစ်နိုင်သည်ဟု မှတ်ချက်ပေးပါသည်။ မည်သို့ပင်ဖြစ်စေ အရှေ့မြောက်စစ်ဒေသသည် အစိုးရကို လက်နက်ကိုင်တိုက်နေ၍ ပြသနာကြီးကြီး မားမားမရှိဟု ယူဆမိသည်။ တခါတရံတွင်လည်း စဉ်းစားထားချက်များနှင့် မြေပြင်လက်တွေ့များသည် ကင်းကွာတတ်ပါ သည်။
သို့နှင့် ၁၉၇၅ နှစ်ဆန်းတွင် မိမိသည် မိမိ၏ဘဝအတွက် ဆုံးဖြတ်ချက်အသစ်တခုနှင့်အတူ ကျောင်းဖွင့်ရက်ကို မျှော်လင့်နေ ခဲ့သည်။ တိုက်ပွဲကို ကြိုနေသည်။ မိမိဆုံးဖြတ်ချက်နှင့် ရွေးချယ်သောလမ်းကို လျှောက်တော့မည်။ မှားသည်ဖြစ်စေ မှန် သည်ဖြစ်စေ မိမိလုပ်ရပ်အတွက် မိမိတာဝန်ယူရပေမည်။ ဗီယက်နမ်တွင် အောက်ပွဲခံနေသော ဟနွိုင်မြို့ပေါ်က တလူလူ လွင့်နေသောအောင်လံနီကများက မိမိရင်းတွင်းသို့ တဖျတ်ဖျတ်ရိုက်ခတ်နေသည်။ တခုဆို၍ရပါသည်။ မြန်မာပြည်ကြီး ငါကယ်မှရမည်ဟု စိတ်ကြီးဝင်နေသည်ဟူ၍လည်း ဆိုနိုင်ပါသည်။ သို့သော် CPB အဆက်အသွယ်ကား ဘယ်နားနေမှန်း မသိသေးပေ။
ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး (Mg Mg Soe)