လှရွှေ ● လူချီ
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၁၆
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၁၆
“ဦးလေး စားပြီးပြီလား၊ ဘာယက်လုပ်နေလဲ” လို့ အမေဘက်ကတူတော်သူ လမ်းမပေါ်ကနေမေးတော့ အဖေက “ ယက် သဲ့ ယက်လုပ်နေတယ်” လို့ ပြန်ဖြေတယ်။
ယက်သဲ့ဆိုသည်မှာ ချောင်းကမ်းစပ်တွင် ပုဖွန် သေးလားများ ဖမ်းရန် ယက်လုပ်ထားသည့် အရာကို ခေါ်သည်။ မေးတဲ့သူက “ဦးလေးယက်နေတာ ယက်သဲ့မှမဟုတ်တာ၊ စပါးထည့်မယ့် ပုတ်” လို့ပြောတော့ အဖေက မြင်လျက်နဲ့ ဘာလို့မေးတာလဲ လို့ပြောတော့ မိသားစု ဝိုင်းပြီးဟားကြသည်။
အဖေသည် ရယ်စရာများကို အကွက်ကျကျ ပြောတတ်သူ။ တခါတုန်းက ရွာရိုးလျောက်ပြီး ငရုတ်သီးရောင်းသူ အိမ်ရှေ့ ရောက်တော့ အဖေက “ဘာရောင်းလဲ” လှမ်းမေးသည်။ ငရုတ်သီးရောင်းတဲ့ အမျိုးသမီးလည်း ဘာရောင်းတယ်ဆိုတာ ချက် ချင်း မပြောဘဲ “ဟိုဥစ္စာ ရောင်းတယ်” တဲ့။
ဟာသဉာဏ်ရွှင်တဲ့အဖေက ဒါဆို “ဟိုဥစ္စာ” က ဘယ်ဈေးလဲပြောပါအုံးဆိုတော့ ငရုတ်သီးရောင်းတဲ့ အမျိုးသမီးက မျက် စောင်းထိုးပြီး ချာခနဲ လှည့်ထွက်သွားရော။ ဟ…..ဟ……ဟ……ဟ။
သူ့မြေးတွေတောင် အဘိုးရဲ့ ဟာသလုပ်တတ်တာကို ပြန်လည်ဖောက်သည် ချတတ်တယ်။ ခုတော့ အဲဒီ ရယ်ရွှင်စရာ ပြော တတ်တဲ့ အဖေနဲ့ မတွေ့ကြရတာ နှစ် ၂၀ နီးပါး ရှိနေပြီ။ မြန်မာပြည်ရဲ့ အနောက်ဖက် အစွန်ဆုံးရွာကို ဖုန်းဆက်လို့ရပြီ။ မနေ့က ဖုန်းဆက်တော့ ကျန်းကြောင်း မာကြောင်း သတင်းမေးရင်း အဖေကို မေးခွန်းလေးတွေ မေးဖြစ်သည်။
“ရခိုင်အမျိုးသားပါတီက ဦးဘရှင်” တို့ အဖေတို့အိမ်ကို လာသေးလားမေးတော့ ...
“သားရယ် အဖေ့အိမ်က အရင်လို အိမ်ကြီးရခိုင်မဟုတ်တော့ဘူး၊ ၁၅ ပေ ပတ်လည်သာသာ ရှိတယ်၊ နောက်တခုက သား သမီး တွေ မရှိတော့ အဖေက သူတို့လာရင် ကြက်သတ် မကျွေးနိုင်တော့ဘူး၊ အဲဒီတော့ ဆင်းရဲနေတဲ့ အဖေတို့အိမ်ကို ဘယ် (ချီ) လာမလဲတဲ့။
ကျနော် ပြုံးလိုက်မိသည်။ ရယ်စရာ ပြောတတ်သောအဖေ။ တခါတလေ တောသားကြီးပီပီ ဒဲ့ (တည့်) ပြောတတ်သည်။
(ချီ) ဆိုသည်မှာ ဗမာလို (သမင်) ကိုပြောခြင်း ဖြစ်သည်။ နောက်အဓိပ္ပါယ်တခုမှာ ကျနော်တို့ ဒေသိယဝေါဟာရအသုံးတွင် (ချီ) ဆိုသည်မှာ လူလည်များကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။
၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲတွင် ကျနော်သည် ဆယ်တန်းကျောင်းသား။ အကိုကြီးဖြစ်သူက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ တိုက် နယ် ဥက္ကဋ္ဌ။ သူ့အိုး သူ့အိမ်နဲ့။
မြို့ပေါ်မှ လွှတ်တော်အမတ်လောင်းများ မဲဆွယ်ရေးခရီးလာလျှင် အဖေအိမ်ကို ခေါ်လာစမြဲ။ တချိန်တုန်းက လွှတ်တော် အမတ်လောင်းများ၊ မြို့ပေါ်က ဒိတ်ဒိတ်ကြဲ အာဏာရှိသူများ ရွာသို့ ရောက်လာခဲ့လျှင် အဖေ့အိမ်သည် တည်းခိုရိပ်သာပမာ။ ကျနော်သည် အဲဒီ့အချိန်တုန်းက အိမ်မွေးကြက်များကို အထူးဧည့်သည်တော်အမတ်လောင်းများအတွက် ဒိုင်ခံသတ်ပေး ခဲ့ရသူ။ လက်ရှိ အမျိုးသားလွှတ်တော်အမတ် ဦးဘရှိန်၊ ရခိုင်ဒီမိုကရေဒီ တပ်ပေါင်းစုပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း“ ဦးစောအောင်” လည်း ပါသည်။
အသက်ဆယ်ကျော်မျှသာ ရှိသေးသောကျနော်သည် ထိုနိုင်ငံရေးသမားများ၏ လည်ချောင်းသံများဖြင့်ပြောသော နိုင်ငံရေးစ ကားများ၊ အမျိုးသားရေးစကားများ တစိမ့်စိမ့်ဝင်ကာ အတွေးအိမ်မက်ပြောင်းခဲ့ရလေသည်။
ထို့ပြင် ပုံပြောကောင်းသောမိခင်ကြောင့် ကျနော်သည် တက္ကသီလာတွင် ဒီသာပါမောက္ခ ဖြစ်ချင်ခဲ့သော်လည်း တက္ကသီလာ တွင်ပင် သူပုန်ဖြစ်ရန် အကြောင်းဖန်လာခဲ့ပြန်သည်။ ဟာသနှောကာပြောတတ်သော အဖေသည် ထို့နေ့က စိတ်မကောင်း ခြင်းများစွာဖြင့် ပြောနေသည်ကို အဝေးရောက်နေသည့် ကျနော် နားထောင်နေမိသည်။
“သူတို့က လူ (ချီ) ဆိုတော့ ၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲတုန်းကလည်း ရွာကို ရောက်ကြပါတယ်။ ဘာလဲ သူတို့ဆယ်သိန်းစားဝန်ထမ်းလျှောက်မလို့ ရွာက လူတွေရဲ့ထောက်ခံစာ လာယူသတဲ့။ ခု သူ လစာ ဆယ်သိန်းစားရသွားကတည်းက ခဲကို ရေမှာချသလို ပေါ်မလာတော့ဘူး” ဟု ဟာသနှောကာ ပြောပြန်သည်။
ငွေမရှိသော အဖေသည် ကြက်သားဟင်းဖြင့် ဧည့်ခံနိုင်မည်မဟုတ်။ အသက် ၈၀ ကျော် အဘိုးအိုသည် ထို လူ (ချီ) များ ပြောသော အရည်မရအဖတ်မရ အမျိုးသားရေးစကားကို နားထောင်မည် မဟုတ်တော့။ အဘိုးအိုသည် နိုင်ငံရေးယုံကြည့် ချက်ဖြင့် မိသားစုကို စွန့်ခွာခဲ့သော သားကိုမတွေ့ ခဲ့ရသည်မှာ နှစ် ၂၀ ကြာခဲ့ပြီ။
သင်ခန်းစာအရ လူ (ချီ) များပြောသော စကားကိုလည်း ယုကြည်မည်မဟုတ်တော့။ “တက္ကသီလာမှာ ပါမောက္ခဖြစ်ချင်တဲ့ သားက အဖေတို့နဲ့ မတွေ့ရတာ ခုဆို နှစ် ၂၀ နီးပါး ရှိပြီ၊ ဘယ်တော့ ပြန်လာနိုင်မလဲ” ဟုမေးပြန်သည်။ ဟာသပြောတတ်သော အဖေ့ကို ကျနော်သည် ဟာသဖြင့် ပြန်ဖြေရန်ကြိုးစားခဲ့သည်။
“အဖေပြောတဲ့ လူ (ချီ) များ သေတဲ့အချိန်မှ ပြန်လာမယ်” ဟုပြန်ဖြေတော့ ...
“ဟဟဟဟဟဟဟဟ” ဟုလှောင်ပြောင်ရယ်မောကာ၊ “ လူ (ချီ) ဆိုတာ ဘယ်တော့မှ မသေဘူးကွ မှတ်ထား” ဟုပြောကာ ဖုန်းချလိုက်တော့သည်။
လှရွှေ