ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) - ဆင်းရဲသား သုံးဦး
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၆
အထွေအထူးမဟုတ်ပါဘူးဗျာ..။ ဗြဟ္မစိုရ်တရားလေးပါးအကြောင်းဟောပြီး မေးတဲ့ဖြေတဲ့အချိန်မှာ မေးသူက ...
"သူများပစ္စည်းတွေ မတရားသိမ်းယူပြီး ချမ်းသာနေသူတစ်ဦးက စတော့ရှယ်ယာ ကစားတော့ သောက်သောက်လဲ ရှုံးပြီး နှလုံးရောဂါနဲ့ သေသွားတယ်ဆိုရင်.. အဲဒီလိုဒုက္ခိတသတ္တဝါ အပေါ် ဘယ်လိုလုပ်ကရုဏာထားနိုင်မလဲ၊ ပြီးတော့ အာဏာနဲ့လုပ်ပိုင်ခွင့်တွေကိုင်ထားပြီး လယ်ယာမြေတွေ ,နိုင်ငံပိုင် သယံဇာတတွေ သိမ်းယူပြီး ချမ်းသာနေကြသူတွေကိုရော အသိမ်းခံဆင်းရဲသား ပြည်သူတွေက ဘယ်လိုလုပ် မုဒိတာပွားနိုင်မလဲ၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဗြဟ္မစိုရ်တရားဟာ ဒီနေ့ခေတ်နဲ့
အံဝင်ဂွင်(ခွင်) ကျ ဖြစ်သေးရဲ့လား။ အဲဒါ နဲနဲရှင်းပေးပါ ..."
ဆိုပြီး မေးထားတာလေးကို ရှင်းပြခဲ့တာလေး ရေးလိုက်တာပါ။
ဗြဟ္မစိုကိုဟောတဲ့ထဲမှာပြောခဲ့ပါပြီ.. မဟာဗျူဟာ၊ နည်းဗျူဟာနဲ့ ခံစစ်ဗျူဟာ ... ဆိုတာ။
"သတ္တဝါအားလုံး ဆင်းရဲကင်းပါစေ၊ ချမ်းသာကြပါစေ ... ဆိုတဲ့ 'မေတ္တာ'က ထားရှိရမည့်'မဟာဗျူဟာ စိတ်ဓာတ်ဖြစ်ပါတယ်။ မဟာဗျူဟာဆိုတာ နည်းဗျူဟာနဲ့ လက်တွေ့သရုပ်ဆောင်ကျင့်သုံးနိုင်မှ အမှန်လို့ ဆိုနိုင်ပါတယ်။
ဗြဟ္မစိုရ်လေးပါးမှာ- မေတ္တာက မဟာဗျူဟာဖြစ်ပြီး ကျန်သုံးပါးက နည်းဗျူဟာဖြစ်ပါတယ်။
ဗြဟ္မစိုရ်ဆိုတာ ကိုယ့်ဝန်းကျင်မှာတွေ့ရတဲ့ သတ္တဝါ အားလုံးတို့အပေါ် ကျင့်သုံးရတဲ့တရားပါ။
ဘယ်ဝန်းကျင်မှာမဆို.. ဘယ်သတ္တဝါမျိုးမှာမဆို သတ္တဝါအားလုံးကို ခြုံကြည့်လိုက်ရင် 'ဒုက္ခိတသတ္တဝါ'နဲ့ 'သုခိတသတ္တဝါ'လို့ နှစ်မျိုးပဲရှိပါတယ်။
မေတ္တာတရားထားရှိသူမှန်ရင်.. ဒုက္ခိတသတ္တဝါအပေါ် ကရုဏာဗြဟ္မစိုရ်နဲ့.. သုခိတသတ္တဝါအပေါ် မုဒိတာဗြဟ္မစိုရ်နဲ့ နည်းဗျူဟာကျကျ ကျင့်သုံးသရုပ်ဆောင်ရတာပါ။
ခုမေးတဲ့ပြဿနာက ဒုက္ခိတသတ္တဝါကိုအဓိကအခြေခံနေပါတယ်။ ဒုက္ခိတသတ္တဝါအမျိုးမျိုး ရှိတတ်ပုံကို
"ဒုက္ခသစ္စာ"နဲ့တွဲပြီး ညှိယူကြည့်ရအောင်ပါ။
ဒုက္ခသစ္စာမှာ-
အပ္ပိယေဟိ သမ္ပယောဂေါ = မကျေနပ်စရာတွေကြုံနေရလို့ ကြောက်နေရတာ၊
ပိယေဟိ ဝိပ္ပယောဂေါ = ကျေနပ်စရာတွေ မပြည့်စုံလို့ မျှော်နေရတာ ... ဆိုတဲ့ ဒုက္ခသည်နှစ်မျိုးက ဘဝအတွက် တကယ်ချို့တဲ့နေတဲ့ သမရိုးကျ (သမားရိုးကျ) ဒုက္ခသည်တွေပါ။
ဒီဒုက္ခသည်မျိုးကိုပဲ ချို့တဲ့မှုအရ ထပ်ခွဲလိုက်ရင်.. ဘာလုပ်လို့ ဘာကိုင်ရမယ်မသိဖြစ်နေတဲ့ "မသိဆင်းရဲ ဒုက္ခသည်"နဲ့ စား,ဝတ်,နေရေး အခက်ကြုံနေရတဲ့ "မရှိဆင်းရဲ ဒုက္ခသည်"ဆိုပြီး အကြမ်းဖျင်း နှစ်မျိုးပဲ
ရှိပါတယ်။
ဒီသမရိုးကျဒုက္ခသည်နှစ်မျိုးကိုတော့ မုဒိတာနဲ့ မဖြစ်မနေ ကျင့်သုံးသရုပ်ဆောင်ရမှာပါ။ ကျင့်သုံး ဆောက်တည်ရမည့်နည်းကို ရှေးလူကြီးသူမများက ... "နှုတ်ကူ လက်မ"ဆိုတဲ့ ဆိုရိုးစကားလေးနဲ့
ညွှန်ပြခဲ့ပါတယ်။
မသိဆင်းရဲသားကို နှုတ်နဲ့ ကူပေးရမယ်၊
မရှိဆင်းရဲသားကို လက်နဲ့ မရမယ် ... တဲ့။
'လက် မ တယ်'ဆိုတာ သူလိုတဲ့ပစ္စည်းကို ကိုယ်က လက်နဲ့ယူသွားပြီးပေးရမယ်ပြောတာပေါ့၊ ဒါက သမရိုးကျပါ။
ဒုက္ခသစ္စာမှာ နောက်ထပ်လာတာက ...
"ယံ ပိစ္ဆံ နလဘတိ=အလိုမပြည့်မှု"တဲ့၊ ဒီဒုက္ခသည်မျိုးက "မရှိဆင်းရဲ ဒုက္ခသည်"လဲမဟုတ်ဘူး၊
"မသိဆင်းရဲ ဒုက္ခသည်"လဲ မဟုတ်ဘူး။ "မပြည့်ဆင်းရဲ ဒုက္ခသည်"ဖြစ်လို့ ဘယ်တော့မှ
မငြိမ်းနိုင်, မအေးနိုင်ဘူး။
စောစောကပြောတဲ့ စတော့ဈေးရှုံးပြီး အသက်ပါသွားသူတို့.. သူများပစ္စည်း မတရားသိမ်းပြီး ကြီးပွားနေသူတို့ ဆိုတာ တကယ်တော့ "မပြည့်ဆင်းရဲ"ဒုက္ခသည်တွေပါ။
မဟတ္တမဂန္ဒီပြောတဲ့ စကားတစ်ခုရှိတယ် ...
"အိန္ဒိယနိုင်ငံဟာ ပြည်သူတွေရဲ့လိုအပ်ချက်အတွက် လုံလောက်အောင် ဖြည့်ပေးနိုင်ပါတယ်၊ လိုချင်မှုကိုတော့ ဖြည့် မပေးနိုင်ပါဘူး"တဲ့။
သူပြောတဲ့ထဲ မှာ ...
လိုအပ်ချက်ဆိုတာက မရှိဆင်းရဲ နဲ့ မသိဆင်းရဲ ကို ပြောတာ၊ "လိုချင်မှု"ဆိုတာ မပြည့်ဆင်းရဲကိုပြောတာပါ။
ဒီ"မပြည့်ဆင်းရဲဒုက္ခသည်"မျိုးကိုတော့- မေးခွန်းရှင်ပြောသလိုပဲ "ကရုဏာ,မုဒိတာ"ဗြဟ္မစိုရ်တို့နဲ့
သရုပ်ဆောင်နိုင်ကြဖို့ မလွယ်ပါဘူး။ ဒီပုဂ္ဂိုလ်မျိုးကို သရုပ်ဆောင်ရမှာက ...
"သဗ္ဗေသတ္တာ ကမ္မဿကတာ"ဆိုတဲ့ "ဥပေက္ခာ ဗြဟ္မစိုရ်"ပါပဲ။ "သူ့ကံနဲ့သူ"လို့သာ ဥပေက္ခာ ပြုထားလိုက်ပါ ... တဲ့။
ဥပေက္ခာဟာ "ဗြဟ္မစိုရ်ရဲ့ ခံစစ်ဗျူဟာတရား"လို့ သင်တန်းမှာပြောခဲ့သလိုပဲ နောက်ဆုံး ခံစစ်ပါ။
ဒီခံစစ် ကျိုးပေါက်သွားရင်တော့ ဗြဟ္မစိုရ် တပ်ပျက်ပြီလို့သာ မှတ်ပါ။ ဗြဟ္မစိုရ်မိုး ခေါင်သွားပြီ ဆိုရင်တော့ လူ့မျိုးစေ့မှန်တွေ မပေါက်ရောက်နိုင်တော့တဲ့အတွက်၊ "အပြစ်ကင်းခြင်း, ချမ်းသာခြင်း"ဆိုတဲ့ လူ့ဂုဏ်သိက္ခာတွေ၊ လူ့သင်္ကေတတွေ အားလုံးဆိတ်သုဉ်းပြီး တိရစ္ဆန်များနဲ့မခြား ဖြစ်သွားပါလိမ့်မယ်။
မေးခွန်းရှင်သိလိုတဲ့ "ဗြဟ္မစိုရ်တရားဟာ ခုခေတ်နဲ့ အံဝင်ခွင်ကျ ဖြစ်သေးရဲ့လား"ဆိုတာကတော့.. လူ့ဂုဏ်သိက္ခာနဲ့ လူ့သင်္ကေတကို တန်ဖိုးထားရကောင်းမှန်း သိနေသေးသမျှ ဗြဟ္မစိုရ်တရားတိုင်းဟာ အံဝင်ခွင်ကျ အမြဲဖြစ်နေပါလိမ့်မယ်။ ဗြဟ္မစိုရ်တရားတွေ အံဝင်ခွင်ကျမဖြစ်တော့ဘူး ဆိုရင်လဲ လူ့ဂုဏ်၊ လူ့သင်္ကေတ ပျောက်ပြီလို့သာ ပြောပါရစေ။
အပ္ပမာဒေန မ္ပာဒေထ...!!!
၂၃.၁၀.၁၆၊ ကန်ဦးကျောင်း၊ ရန်ကုန်၊ ရွှေပြည်ကြီး