ကိုပွေး - အမေ့ရွာ
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၆
နှမ်းခင်း ပြောင်းခင်းတွေက
တခင်းနဲ့တခင်း ငေးလို့
ညောင်မုတ်ဆိတ်ပင်အောက်က နတ်နန်း
ရွာအဝင် ခပ်လှမ်းလှမ်းမှာ
ပန်းမမြင် လမ်းမြင်
ဂျပန်ခေတ်ထဲက ရှေးဘုရားတွေ ရှေ့မှာ
အင်္ဂလိပ်စစ်သားကြီးက သေနတ်ကြီးကိုင်
ရပ်နေတုန်း ခုထိ ရပ်နေတုန်း
ကိလေသာများတယ် မများတယ်
ဘုရားတောင် လက်တော် ၁၁ ချောင်းနဲ့
ထုဆစ်ပူဇော်ခဲ့ရ ငါတို့အဘိုး အဘွားတွေ
ရိုးတယ်
ကြိုးတယ်
ကိုးတယ်
သစ္စာဟာ ဆေးပဲ
ခေါ်တဲ့မိုး ရွာတယ်
လာမဲ့မိုး ပြန်တယ်
စပါးကို ကျီနဲ့
ဆီကို အိုးနဲ့
လူကို တိုက်နဲ့
လက်ချိုးရေလို့ရတဲ့ ခေတ်မှာ
အမေ့ နာမည် 'တိုက်ကျီ '
ရွာနာမည်လား
'ခိုးသန်း'
အမေ့ ချက်ကြိုးတွေ တန်းလန်းနဲ့
မြို့နဲ့ ၁၀ မိုင်လောက်ပဲ ဝေးပြီး
လျှပ်စစ်မီးခုထိမရသေးတဲ့ ရွာလေး
စာကြည့်တိုက်ရှိပြီး စာအုပ်တအုပ်မှမရှိတဲ့ ရွာလေး
တရုတ်တွေ ဖရဲသခွား လာစိုက်တဲ့ ရွာလေး
တောင်ကျောင်း မြောက်ကျောင်းနဲ့ ရွာလေး
နွားနဲ့ထွန်စက် လည်ပင်းဖက်တဲ့ ရွာလေး
စစ်ဖြစ်တော့ ထားခံရတဲ့ ရွာလေး
ဂျပန်မဝင်ခင်ကလိုပဲ
ယက်က္ကန်းခတ်ကြတုန်း
စိုက်ရပျိုးရတုန်း
နေဝင်ရင် မီးထွန်းရတုန်း
ရွာလမ်းဟာ ရွာလမ်းလို ရှိတုန်း
ဗုံးကြဲ မခံရတော့တာက လွဲလို့
ဥသြသံ မကြားရတော့တာက လွဲလို့
အရင်လို ပြေးပြေးလွားလွားပါပဲ
အလင်းခေတ်မှာတောင်
ရွာလေးဟာကျားကွက်လို
ကွက်တိကွက်ကြား
အရင်လို
ပြောက်ကျားရဲဘော်တွေ မထွက်တော့ဘူး
သခင်ခံမျိုးချစ်တွေ မရှိတော့ဘူး
ဓားလိုလျှာနဲ့နိုင်ငံရေးသမားကြီးတွေ
ဝိုင်းမဖွဲ့တော့ဘူး
ခုဆို
ရွာလေးဟာ
သွေးဆုံးကိုင်တဲ့ မိန်းမကြီးလို
အရက်နာကျတဲ့ လူငယ်လေးလို
တရုတ်ဘက်အလုပ်သွားလုပ်တဲ့ မိန်းမလှလေးလို
အလုပ်မရှိလို့စိတ်ကျနေတဲ့ ပညာတတ်ဒေါက်တာတယောက်လို
ရောင်းမကောင်းတဲ့ ဈေးသည်လို
အသင်အပြမကောင်းတဲ့ ဆရာလို
အဖေတွေသာ များလာတယ်
အချစ်စစ်နဲ့ မတွေ့သေးတဲ့
'အမေ့ရွာ'လေး ဆွေးလို့
ရွာက ဘုရားဆင်းတုတွေကို
တိုက်ထဲထည့်ပြီး သော့ခတ်ထားတယ်
ခင်ဗျား ဖူးမျှော်ချင်တယ်ဆို
ဖွင့်ပေးကြပါလိမ့်မယ် ။ ။ ။
ကိုပွေး၂၁၁၀၁၆