ထွန်းဝင်းငြိမ်း - လူတစုအခွင့်အရေးမှ လူထုအခွင့်အရေးသို့
(မြန်မာသံတော်ဆင့်ဂျာနယ်) မိုးမခ၊ နိုဝင်ဘာ ၅၊ ၂၀၁၆
အခင်းအကျင်းသစ်
ဒီနေ့ နိုင်ငံရေးအခင်းအကျင်းက “၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲမှာ ဒီချုပ်ပါတီ အနေနဲ့ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရပြီး ပေါ်ပေါက်လာတဲ့ လွှတ်တော်နဲ့ အစိုးရဟာ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ပြောင်းလဲနိုင်သလား။ မပြောင်း လဲနိုင်ဘူးလားဆိုတာကို မျက်ဝါးထင်ထင်တွေ့နေကြရတဲ့ အနေအထားဖြစ်ပါတယ်။ တချို့ကေ တာ့ နိုင်ငံရေးအခင်းအကျင်းသစ်လို့ ဆိုကြ တယ်။ ဒီအခင်းအကျင်းသစ်က ဘာတွေပြောင်းလဲနိုင်မှာလဲဆိုတဲ့ မေးခွန်းတွေကို ရင်ဆိုင်နေရပါပြီ။
မကြာခင်ကပဲ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးဖို့ ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အချိန်မဆွဲကြဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ ၂၁ ရာစု ပင်လုံ ပြည် ထောင်စု ငြိမ်းချမ်းရေးညီလာခံကို လာမယ့် ဖေဖော်ဝါရီလထဲမှာ ကျင်းပသွားမှာဖြစ်ကြောင်းလည်း တဆက်တည်း ပြောကြားခဲ့ပါတယ်။ ဆိုချင်တာက လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ မပါလည်း ညီလာခံကို ဆက်လုပ်တော့မယ်ဆိုတဲ့သဘော ဖြစ်ပုံရ ပါတယ်။
လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ အားလုံးက ၀ိုင်းဝန်း လုပ်ဆောင်ကြဖို့နဲ့ အဲဒီလက်နက်ကိုင်အဖွဲ့တွေကလည်း လက်မှတ်ရေးထိုးဖို့ စိတ်အားထက်သန်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းခဲ့တာကိုလည်း တွေ့ရ ပါတယ်။
အမြန်လက်မှတ်ထိုးကြဖို့
ဒီနေ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ အမြန် လက်မှတ်ထိုးကြဘို့ တိုက်တွန်းတာအပြင် သူတို့လက်မှတ်ထိုးလာအောင်လည်း ဝိုင်းဝန်းဖိအားပေးကြဘို့ တောင်းဆိုလာပါတယ်။
ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ဘာကြောင့် လက်မှတ်မထိုးတာလဲဆိုတာကိုတော့ ရှင်းလင်းပြောဆိုတာကို မတွေ့ရပါဘူး။ လက်မှတ်မထိုးတဲ့ အဖွဲ့တွေက UNFC ရယ်၊ ဝနဲ့ မိုင်းလားအဖွဲ့တွေရယ်ပါ။ ဝနဲ့ မိုင်းလားကတော့ NCA မူကြမ်းရေးဆွဲစဉ် ကတည်းက မပါခဲ့သလို လက်မှတ်ထိုးစရာ မလိုဘူးလို့ ရပ်ခံထားကြတဲ့ အဖွဲ့တွေပါ။
ပင်လုံညီလာခံဒုတိယဖွင့်ပွဲအပြီးမှာတော့ မိုင်းလား အဖွဲ့အနေနဲ့ NCA ကို လက်မှတ်ထိုးမလို သဘောထားပြောင်းလာတာ တွေ့ရပါတယ်။ UNFC အဖွဲ့တွေကတော့ သူတို့နှစ်ဖွဲ့လို မဟုတ် ပါဘူး။ NCA မူကြမ်းရေးဆွဲတာမှာ တောက်လျှောက်ပါခဲ့တဲ့ အဖွဲ့တွေပါ။ NCA ရေးအပြီးမှာမှ သူတို့နဲ့အတူ မူကြမ်းရေးဆွဲစဉ်က တောက် လျှောက်ပါခဲ့တဲ့ ကိုးကန့်၊ တအောင်းနဲ့ AA အဖွဲ့တွေကို စစ်တပ်က လက်မှတ်အထိုးမခံလို့ မထိုးရတဲ့ အဖွဲ့တွေပါ။
နောက်တချက်က အစိုးရ၊ စစ်တပ်နဲ့ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေ ညှိထားတဲ့ နိုင်ငံရေးမူဘောင် အချက်တစ်ချို့ကို လက်မခံနိုင်လို့ ဖြစ်ပါတယ်။ လက်မခံနိုင်တဲ့ အဓိကအချက်ကတော့ ပြည်ထောင်စု အဆင့် နိုင်ငံရေးဆွေးနွေး ပွဲမှာ စစ်တပ်ကို အစုတစုအနေနဲ့ သတ်မှတ် ပေးလိုက်တဲ့အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချဖို့ စစ်တပ်က အမြဲ အသာစီးရသွားတဲ့ အနေအထားကို လက်မခံနိုင်တာပါ။ ဒီအချက်ကလည်း အာဏာရပါတီ NLD အစိုးရဖြစ်ခါစမှာ NCA မူဘောင်ညှိနှိုင်းတဲ့ပွဲမှာ စစ်တပ်ကို လိုက်လျောတဲ့အနေနဲ့ ၀င်ပြီး တင်သွား တဲ့ အဆိုပြုချက်ကြောင့် အခု ပြန်ပြီးညှိနှိုင်းနေကြရတာပါ။
ဒီလိုစစ်တပ်ကို အစုတစုအနေနဲ့ လက်မှတ်ထိုးအဖွဲ့တွေက လက်မခံတာကို NLD က လက်ခံဘို့ ပြောခဲ့တဲ့အတိုင်း NCA မူဘောင်ကို အတည်ပြုခဲ့တာပါ။ လက်ရှိ NCA စာချုပ်အလိုအရ ပြည်ထောင်စု အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကနေ တိုင်းပြည်အနာဂတ်ကို ဆုံးဖြတ် မှာဖြစ်ပါတယ်။ ဒီအဆင့်မှာ စစ်တပ်ကို အစုတစုအနေနဲ့ ပေးလိုက်တာရယ်၊ ဆုံးဖြတ်ချက်ချမယ့် နည်းလမ်းတွေ ရယ် ပေါင်းလိုက်ရင် အနာဂတ်ကို စစ်တပ်လက်ထဲ ထည့်လိုက်တာပါ။ NLD ဟာ ဘယ်လို စဉ်းစားချက်တွေနဲ့ ဆောင်ရွက်ခဲ့သလဲဆိုတာ မခန့်မှန်းတတ်အောင် ပါပဲ။ ဒီအခြေအနေတွေကို ဒေါ်အောင်ဆန်းစုကြည်က ဘာမှမပြောပဲ NCA ကို အမြန်လက်မှတ်ထိုးခိုင်းနေတာကတော့ မထိုးရသေးတဲ့ အဖွဲ့တွေအနေနဲ့ လက်ခံဖို့ အလွန်ခက်ခဲကြမယ်လို့ ယူဆပါတယ်။
လုပ်ထုံးလုပ်နည်းနှင့်အညီ
NCA စာချုပ် အပိုဒ် ၂၂(ဃ) မှာ ဆိုထားတာက ပြည်ထောင်စုညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် ဥပဒေများကို လိုအပ်သလို ပြင် ဆင်ခြင်း၊ ဖြည့်စွက်ခြ င်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုလုပ်ရန် သဘောတူညီသည်။ ဆိုပြီး ပါရှိပါတယ်။ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုနားလည်သလဲ မသိပါ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံက ရလာတဲ့ သဘောတူညီချက်တွေကို လွှတ်တော်မှာ အတည်ပြုပြီး ဖွဲ့စည်းပုံပြင် မယ် ပြင်ထားတဲ့ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ဆိုပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ငြိမ်းချမ်းရေး မူဝါဒမှာတော့ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆိုတာ ပါတာမတွေ့ရပါဘူး။ တကယ်တော့ သူ့အနေနဲ့ လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ် နှစ်ဆယ့် ငါးရာနှုန်းကို မေ့သွားသလား၊ တိုင်ပင်ညှိနှိုင်းထားသလား၊ ပိုင်ထားသလား မသိပါ။ မကြာခင်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအတွက် အချက်အလက်များ စုစည်းဖို့ အမျိုးသားအဆင့် ငြိမ်းချမ်းရေးညီလာခံကို တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ကျင်းပပါတော့မယ်။ အဲလိုကျင်းပတဲ့အခါ အမျိုးသားအဆင့်မှာ ဘယ်လောက် သဘောတူတူ စာချုပ်အလိုအရ ပြည်ထောင်စုအဆင့်မှာ ဆုံးဖြတ်ချက်ကျဖို့ ခက်ပါလိမ့်မယ်။
အဲဒီ နိုင်ငံရေးမူဘောင်ပြန်လည်သုံးသပ်ခြင်းနဲ့ ပြန်လည်ပြင်ဆင်ရေးအဆင့်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး ပါဝင် လာနိုင်အောင် ပြင်ဆင်နိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
အခုအချိန်အထိတော့ NCA လက်မှတ်ထိုးမှ ညီလာခံ တက်လို့ရမယ်လို့ ပြောနေတာ ဖြစ်တယ်။ အထက်မှာ ပြောသလို ရခိုင်၊ ပလောင်နဲ့ ကိုးကန့် အဖွဲ့တွေအနေနဲ့ လက်မှတ်ထိုးမယ် ဆိုရင် လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပါမယ်ဆိုပြီး အရင်ကြေညာရမှာ ဖြစ်ပါတယ်။ ဖြစ်စဉ်တွေကို ကြည့်ရင် စစ်တပ်က သဘောတူမှ NLD က လုပ်နိုင်တာတွေ့ရမယ်။ NLD က အစိုးရဖြစ်ပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ ခြေချုပ်မိထားတာဖြစ်လို့ စိတ်သွားတိုင်း ကိုယ် မပါနိုင်တာကို တွေ့နေရပါတယ်။
အာဏာပိုင်အစစ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာပိုင်အစစ်ဟာ ကာချုပ် ဖြစ်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတအထက်မှာ နေနိုင်ပေမယ့် ကာချုပ် အထက်မှာတော့ မနေနိုင်ပါဘူး။ နိုင်ငံတော်တန်းစီ ဇယား မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကာချုပ်အထက် နံပါတ် ၂ နေရာမှာ ရှိပေမယ့် ဒါဟာ စာရွက်ပေါ်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၀၈ ခြေဥပြင်ရေးကိစ္စမှာ လူထုက ရွေးချယ်တင်မြှောက်တဲ့ အစိုးရ လက်အောက် မှာ စစ်တပ်ကို ထားရှိဖို့ ပြင်ဆင်ရမယ်လို့ အဓိကထား ပြောနေကြတာ ဖြစ်ပါတယ်။ စစ်တပ်က အစိုးရကို အမိန့်ပေး တာ မဟုတ်ဘဲ အစိုးရက စစ်တပ်ကို အမိန့်ပေးတာ ဖြစ်ရမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
တကယ့်လက်တွေ့မှာတော့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာ ခံနောက်ပိုင်း မှာ မြန်မာ့တပ်မတော်က ကချင်ဒေသကို ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာခဲ့ပြီး တပ်မတော်က KIA ကို လေကြောင်း တိုက်ခိုက်မှုေ တွ ပြုလုပ်ခဲ့တယ်။ အစိုးရနဲ့ KIA တို့ကြားမှာ ၁၉၉၄ ခုနှစ်ကတည်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာ့တပ်မတော်က နိုင်ငံရေးဆွေးနွေးမှု အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ အခုအခြေအနေက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် NCA မှာ KIA က လက်မှတ်ထိုးဖို့အတွက် တိုက်ခိုက်မှုတွေ ပြုလုပ်ပြီး စစ်ရေးအရ ဖိအားပေးတဲ့အသွင်ဖြစ်နေတာကို တွေ့ရပါတယ်။
ဒီမိုကရေစီပုံရိပ်တခု
ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီပုံရိပ်တခုအဖြစ် ပြည်သူလူထုက ယုံကြည်အားကိုးနေဆဲ ဖြစ်ပါတယ်။ မဲဆန္ဒရှင် ပြည်သူတွေက သူတို့ ဘ၀လုံခြုံ ကောင်းစားရေးနဲ့ ရွေးကောက်ပွဲတုန်းက ကတိက၀တ်တွေ အတွက် ဒေါ်စုနဲ့ NLD ကို ဝေဖန်ကြ၊ ဆွေးနွေးကြတာ သဘာဝကျတဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီလို ဝေဖန်ပြောဆိုဆွေးနွေးမှုတွေဟာလည်း ရပ်တန့်ပျောက်ကွယ်မသွားစေသင့်ပါဘူး။ ဘာဖြစ်လို့ လည်း ဆိုတော့ အာဏာနဲ့ ပတ်သက်ပြီး အပြန်အလှန် ထိန်းကျောင်းခြင်းတွေက ဒီမိုကရေ စီ ဖော်ဆောင်ေ ရး အတွက် အရေးအပါဆုံး သော အချက်တွေထဲက တခု ဖြစ်ပါတယ်။
ဒီနေ့ကြုံတွေ့နေရတဲ့ နိုင်ငံရေးဆောင်ရွက်မှုတွေမှာ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူလူထုကြားမှာ အပြန်အလှန် ဆက်သွယ်မှု ပြတ်တောက်နေမှုတွေကို တွေ့နေရပါတယ်။ ဒါ့အပြင် အစိုးရနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်တဲ့သူတွေကြားမှာလည်း အလားတူ ကြုံနေရတာကို တွေ့ ရပါတယ်။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အထွေထွေ အတွင်း ရေးမှူး၊ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN ခေါင်းဆောင် ခူဦးရယ်က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က နောက်ဆုံး ဆုံးဖြတ်ချက် မချမှတ်မီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါသင့်တဲ့ ဘက်အားလုံးနဲ့ ညှိနှိုင်းဆွေးနွေး ရန် အရေးကြီးကြောင်း ပြောပါတယ်။
ညှိနှိုင်းဆွေးနွေးမှုတွေရဲ့ အဆင့်တိုင်းကို ဆွေးနွေးလို့ မပြီးပြတ်သေး ခင်မှာ ဒေါ်အောင်ဆန်းစုကြည် က ကြိုတင် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်နေမှာကို စိုးရိမ်တယ်လို့ သူက ဆိုပါတယ်။
တကယ်လို့ လက်နက်ကိုင်ပဋိပက္ခကို အောင်မြင်စွာ အဆုံးသတ် ဖြေရှင်းဖို့ ဆန္ဒရှိရင် ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်နဲ့ ပတ်သက်ပြီး သူကြိုးပမ်း ဆောင်ရွက်ခဲ့သလို ဘက်နှစ်ဘက် မျှတမှုကို ရှေးရှုပြီး UNFC ထဲက အဖွဲ့တွေ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း တန်းတူညီမျှတဲ့ ဆက်ဆံရေးကို အားထုတ်ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
မျှော်လင့်နေကြဆဲ
လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေကစပြီး ကချင်ပြည်နယ် တလွှား ထောင်နဲ့ ချီ တဲ့ ပြည်သူတွေက ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမှာ ရှိတဲ့ မနောကွင်းနဲ့ လမ်းတွေပေါ်မှာ တပ်မတော်ရဲ့တိုက်ခိုက်မှုနဲ့ လက်နက်ကြီးတွေ မဆင်မခြင် သုံးစွဲမှုတွေကို ဝေဖန် ကန့်ကွက်ခဲ့ကြပါ တယ်။ ကျန်ဒေသတွေက မြို့အသီး သီးမှာလည်း တပ်မတော်ရဲ့ ထိုးစစ်တွေ ရပ်ဆိုင်းဖို့ နဲ့ ပြည်တွင်းစစ် အဆုံး သတ်ဖို့ ဆန္ဒပြပွဲတွေ ပေါ် ပေါက်ခဲ့ပါတယ်။ အဲဒီ ဆန္ဒထုတ်ဖော်မှုတွေမှာ လက်နက်ကြီးကြောင့်သေဆုံးခဲ့တဲ့ ကလေးငယ်တွေနဲ့ ကချင်ပြည်နယ် မှာ ဖြစ်ပေါ်နေတဲ့ မြန်မာ့တပ်မတော်ရဲ့ ကြီးမားတဲ့ စစ်ဆင်ရေးတွေအပေါ် အစိုးရရဲ့ နှုတ်ဆိတ် ငြိမ်သက်နေတာကို ဒေသခံတွေက ဘယ်လောက် စိတ်ပျက် နေတယ်ဆိုတာ ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မလုံခြုံမှုတွေနဲ့ လူမျိုးရေး ခွဲခြားမှုတွေ ရင်ဆိုင်နေရတဲ့ အခြေ အနေ ကို ဖြေရှင်းပေးလိမ့်မယ်လို့ ပြည်သူတွေက ကာလကြာရှည် စွာ မျှော်လင့်ထားခဲ့ကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ တလွှားမှာလည်း တိုင်းရင်းသားဒေသတွေမှာ မြန်မာ့တပ်မတော်က တိုက်ခိုက်နေမှုတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရ က ပြစ်တင် ရှုံ့ချဖို့ တောင်းဆိုနေကြတာပါ။ ခြိမ်းခြောက်မှုအောက်မှာ ရှိနေတဲ့ ကချင်နဲ့ အခြား တိုင်းရင်းသားလူမျိုးတွေက ဒေါ် အောင်ဆန်းစုကြည်ကို သူတို့နဲ့အတူ ရပ်တည်ပေးလိမ့်မယ်လို့ မျှော်လင့်နေကြဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ မျှော်လင့်သလို ဖြစ်မလာ သေးပါဘူး။
အရင်းစစ်လိုက်ရင်
လက်ရှိ ဖြစ်ပွါးနေတဲ တိုက်ပွဲတွေအရှိန်လျော့ဖို့ ပြည်နယ် လွှတ်တော်ေ ရာ ပြည်ထောင်စုလွှတ်တော်ရော တတ်နိုင်တဲ့အနေအထား မတွေ့ ရပါဘူး။ ပြည်နယ်အစိုးရတွေလဲ မတတ်နိုင်ကြပါဘူး။ ပြည်ထောင်စုအစိုးရကလဲ ခုထိ ဘာသံမှ မထွက်သေးပါဘူး။ NCA တဆင့် မတက် နိုင်တောင် ရှိပြီးသား သဘောတူညီချက်တွေကို လက်ရှိ အဆင့်ထက်လျော့ကျ မသွားအောင် ထိမ်းသိမ်းနေရတဲ့ အနေအထားပါ။ အခု တွေ့မြင်နေရတာကတော့ ရှိပြီးသား သဘောတူညီချက်တွေကို အင်အားကြီးတဲ့သူဘက်က မလိုက်နာတာကြောင့် ဘယ်လိုထိန်းသိမ်းကြ မလဲဆိုတာ အရေးကြီးတဲ့ စိမ်ခေါ်မှုကြီး ဖြစ်နေပါတယ်။
အရင်းစစ်လိုက်ရင်တော့ NLD အနေနဲ့ သောင်ပြိုကမ်းပြိုအနိုင်ရပေမယ့် စိုးရိမ်စရာ၊ ထိတ်လန့်ကြောက်ရွံ့စရာကတော့ ရှိမြဲရှိနေတယ်။ အရိပ်မိုးထားဆဲ၊ ခြိမ်းခြောက်နေဆဲဖြစ်လို့ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်အုပ်စုကို နေရာတကာ လိုက်လျော နေရတာလို့ ယူဆစရာဖြစ်ပါတယ်။
စစ်အုပ်စုဟာ လက်တွေ့မှာလည်း နည်းလမ်းမျိုးစုံနဲ့ ခြိမ်းခြောက်နေ တာတွေေ ကြာင့် NLD အစိုးရဟာ နောက်ကြောင်း မပြန်အောင် သဟဇာတဖြစ်ရေးကို ဦးတည်ဆောင်ရွက်နေရတာလည်း ဖြစ်နိုင်ပါတယ်။ တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေ ဟာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဖက်ဖက်က ချွတ်ချုံကျနေပါတယ်။ လူထုကြီးဟာ နေ့စဉ်နဲ့အမျှ နာကျင်ခံစားနေကြ ရတာ ဖြစ်ပါတယ်။ စစ်အုပ်စု၊ စစ်ဗြူရိုကရက်ယန္တရား၊ စစ်အာဏာရှင်စနစ် တရက် အသက်ပိုရှည်လေ လူထုကြီးက တရက် ပိုပြီး ဒုက္ခ ရောက်လေပါ။
လူ့တစုအခွင့်အရေးမှ လူထုအခွင့်အရေးသို့
အခုအခါမှာ လူထုအများစုကြီးရဲ့ ဘ၀က ကျီးလန့် စာစားနဲ့ ငိုရခက် ရယ်ရ ခက် ဖြစ်နေပါတယ်။ အရင်က အုပ်စိုးသူကို ကြောက်လို့ ငုံ့ ခံရ၊ အခုတော့ ချစ်လို့ ငုံ့ ခံရမလို ဖြစ်နေပါတယ်။ သည်းခံတယ်ဆိုတာ အတိုင်းအတာတခု အထိသာ ဖြစ်ပါတယ်။ သည်းမခံနိုင်တဲ့ အဆုံးမှာ ဘာတွေ ဖြစ်လာမလဲ။ အလေးအနက် စဉ်းစားစရာပါ။ ဖြစ်သမျှ ပြဿနာတွေကိုလည်း လူထုအခွင့်အရေးကို ဦးတည်တဲ့၊ လူ့အဖွဲ့အစည်း တခုလုံး တရားမျှတရေးကို ဦးတည်တဲ့ ဖြေရှင်းမှု မပြုနိုင်ဘဲ ‘လူ့ အခွင့်အရေး’ ဆိုတဲ့ တသီးပုဂ္ဂလ အခြေပြု ဖြေရှင်းဖို့သာ အားသန်ကြ တာ တွေ့ နေရပါတယ်။ တစတစ အားကောင်းလာနေတဲ့ စစ်ဗျူရိုကရက် အရင်းရှင်လူတန်းစား စိုမိုးအုပ်ချုပ်မှု လွှမ်းမိုးနေတဲ့ လူ့အဖွဲ့ အစည်းမှာ စစ်ဗျူရိုကရက် အရင်းရှင်လူတန်းစား အလိုကျ တရားမျှတမှုပဲ ရမှာပါ။ ဒီအုပ်စိုးသူ အလိုကျ တန်းတူမှုပဲ ရမှာပါ။
ပြည်သူ လူထုကတော့ ထမင်းနပ်မှန်ကြဖို့၊ လူတန်းစေ့နေနိုင်ကြဖို့ စစ်အုပ်စုရဲ့ လူတစုအခွင့်အရေးကနေ လူထုအခွင့်အရေး အပြည့်အ၀ ရသည် အထိ ရုန်းကန် ရင်ဆိုင်ရင်း တိုက်ပွဲဝင်သွားကြမှာဖြစ်တယ်လို့ ယုံကြည်မိကြောင်း တင်ပြလိုက်ရပါတယ်။
ထွန်းဝင်းငြိမ်း ၁၊ ၁၁၊ ၂၀၁၆
မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ ၅၊ အမှတ် ၃၄၊ နိုဝင်ဘာ ၅ - ၁၁၊ ၂၀၁၆