Than Htay Maung |
စောငို - အပျံလမ်း
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၆
ငှက်ကျေးသံမြည်
ရောင်နီလာလှောက်
တမိုးသောက်ပြီ။
မွေးရပ်ရွာသည်
ခါတိုင်းသို့ပင်
နေ့စဉ်ဓူဝ
သူ့ဘာဝဖြင့်
သူ့အလှ သူဆင်နေသလော
သူ့ဘဝ သူမင်နေသလော။
ရွာစွန်မြေလမ်း
လယ်တောတန်းလည်း
အလွမ်းသင့်ပန်းချီ
မပီဝိုးတဝါး
သဒ္ဓါဖြင့် ကုစားရပါစိမ့်။
သူငယ်ဖော်များ
မြေမှုန့်ကစားတို့
ခုများအချိန်
နေဝါထိန်တွင်
ရွာအိမ်ရွာရိုး
လွန်းထိုးလျှောက်သွားကြပါလိမ့်။
အိုးပုတ်ချိုးရုပ်
ရွှံ့နွားရုပ်တို့
ကျွန်ုပ်ပြန်အလာ
တနေ့သောခါကို
မျှော်ရှာနှစ်တို့ ချို့ခဲ့ပြီ။
အတိတ်ခြေရာ
အာရုံညွှတ်ကိုင်း
လမိုင်းကပ်ရာ
ဇာတိရပ်ဌာ
အမေ့ရွာသို့
ပြန်လာပါရအံ့။
ဘဝတခေါက်
ရလောက်တဲ့ဝေဒနာ
ဒေသနာ
ရှေကြာသမျှအဆုံး၌
နှလုံးတို့သန္ဓေတည်ရာ
အမိမြေအရပ်ဆီသို့။
ဥဒေါင်းမြည်သံ
သောင်းသောင်းညံ၍
ဂနိုင်စံငှက်တို့ နိုးပါလေ။ ။
စောငို
ကော်လိုရာဒို
၁၁၊ ၃၊ ၂၀၁၆